သံယုတ္တနိကာယ်—၃၅

(၁ဝ) ၅—သဠဝဂ်

၃—ပရိဟာနဓမ္မသုတ်

၉၆။ ရဟန်းတို့ သင်တို့အား ယုတ်လျော့မှုသဘောကိုလည်းကောင်း၊ မယုတ်လျော့မှုသဘောကိုလည်းကောင်း၊ လွှမ်းမိုးကြောင်းတရား ခြောက်ပါးတို့ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားတို့ကိုနာကြ ကုန်လော့။

ရဟန်းတို့ အဘယ်သို့လျှင် ယုတ်လျော့မှုသဘော ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းအား မျက်စိဖြင့် အဆင်းကို မြင်သော် ပြေးသွားကြံစည်တတ်ကုန် နှောင်ဖွဲ့ကြောင်းဖြစ်ကုန်သောယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် ဖြစ်ပေါ်လာကုန်၏။ ထိုဖြစ်ပေါ်လာသော အကုသိုလ်တရားကိုရဟန်းသည် လက်ခံနေခဲ့မူ မပယ်စွန့်ခဲ့မူ မဖျောက်ဖျက်ခဲ့မူ ကင်းအောင် မပြုခဲ့မူ နောက်ထပ် မဖြစ်ခြင်းသို့ မရောက်စေခဲ့မူ ရဟန်းတို့ ဤသို့ ဖြစ်မှုကို ရဟန်းသည် “ (ငါကား) ကုသိုလ်တရားတို့မှ ယုတ်လျော့နေ၏၊ အကြောင်းသော်ကား ဤသို့ ဖြစ်မှုကို ယုတ်လျော့မှုဟူ၍ မြတ်စွာဘုရားဟောတော်မူသောကြောင့် တည်း”ဟု သိသင့်သိထိုက်၏။ပ။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းအား လျှာဖြင့် အရသာကို လျက်သော်။ပ။ ရဟန်းတို့နောက်တစ်မျိုးကား ရဟန်းအား စိတ်ဖြင့် သဘောတရားကို သိသော် ပြေးသွားကြံစည်တတ်ကုန် နှောင်ဖွဲ့ကြောင်းဖြစ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် ဖြစ်ပေါ်လာကုန်၏၊ ထိုဖြစ်ပေါ်လာသော အကုသိုလ်တရားတို့ကို ရဟန်းသည် လက်ခံနေခဲ့မူ မပယ်စွန့်ခဲ့မူ မဖျောက်ဖျက်ခဲ့မူ ကင်းအောင်မပြုခဲ့မူ နောက်ထပ် မဖြစ်ခြင်းသို့ မရောက်စေခဲ့မူ ရဟန်းတို့ ဤသို့ ဖြစ်မှုကို ရဟန်းသည် “ (ငါကား) ကုသိုလ်တရားတို့မှ ယုတ်လျော့နေ၏၊ အကြောင်းသော်ကား ဤသို့ ဖြစ်မှုကို ယုတ်လျော့မှုဟူ၍ မြတ်စွာဘုရား ဟောတော်မူသောကြောင့်တည်း”ဟု သိသင့်သိထိုက်၏။ ရဟန်းတို့ ဤသို့လျှင်ယုတ်လျော့မှုသဘော ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် မယုတ်လျော့မှုသဘော ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းအား မျက်စိဖြင့် အဆင်းကို မြင်သော် ပြေးသွားကြံစည်တတ်ကုန် နှောင်ဖွဲ့ကြောင်းဖြစ်ကုန်သောယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် ဖြစ်ပေါ်လာကုန်၏၊ ထိုအကုသိုလ်တရားတို့ကို ရဟန်းသည်လက်မခံခဲ့မူ ပယ်စွန့်ခဲ့မူ ဖျောက်ဖျက်ခဲ့မူ ကင်းအောင် ပြုခဲ့မူ နောက်ထပ်မဖြစ်ခြင်းသို့ ရောက်စေခဲ့မူရဟန်းတို့ ဤသို့ ဖြစ်မှုကို ရဟန်းသည် “ (ငါကား) ကုသိုလ်တရားတို့မှ မယုတ်လျော့၊ အကြောင်းသော်ကား ဤသို့ ဖြစ်မှုကို မယုတ်လျော့မှုဟူ၍ မြတ်စွာဘုရား ဟောတော်မူသောကြောင့်တည်း”ဟု သိသင့်သိထိုက်၏။ပ။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းအား လျှာဖြင့် အရသာကို လျက်သော်။ပ။ ရဟန်းတို့နောက်တစ်မျိုးကား ရဟန်းအား စိတ်ဖြင့် သဘောတရားကို သိသော် ပြေးသွားကြံစည်တတ်ကုန် နှောင်ဖွဲ့ကြောင်းဖြစ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် ဖြစ်ပေါ်လာကုန်၏၊ ထိုအကုသိုလ်တရားတို့ကို ရဟန်းသည် လက်မခံခဲ့မူ ပယ်စွန့်ခဲ့မူ ဖျောက်ဖျက်ခဲ့မူ ကင်းအောင် ပြုခဲ့မူ နောက်ထပ်မဖြစ်ခြင်းသို့ ရောက်စေခဲ့မူ ရဟန်းတို့ ဤသို့ ဖြစ်မှုကို ရဟန်းသည် “ (ငါကား) ကုသိုလ်တရားတို့မှမယုတ်လျော့၊ အကြောင်းသော်ကား ဤသို့ ဖြစ်မှုကို မယုတ်လျော့မှုဟူ၍ မြတ်စွာဘုရား ဟောတော်မူသောကြောင့်တည်း”ဟု သိသင့်သိထိုက်၏။ ရဟန်းတို့ ဤသို့လျှင် မယုတ်လျော့မှုသဘော ဖြစ်၏။

ရဟန်းတို့ လွှမ်းမိုးကြောင်းတရား ခြောက်ပါးတို့ဟူသည် အဘယ်တို့နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းအား မျက်စိဖြင့် အဆင်းကို မြင်သော် ပြေးသွားကြံစည်တတ်ကုန်နှောင်ဖွဲ့ကြောင်း ဖြစ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် မဖြစ်ပေါ်လာကုန်။ ရဟန်းတို့ ဤသို့ မဖြစ် ပေါ်မှုကို ရဟန်းသည် “ ဤအကြောင်းတရားကို လွှမ်းမိုးအပ်၏၊ အကြောင်းသော်ကား ဤသို့ ဖြစ်ပေါ် မှုကို လွှမ်းမိုးကြောင်းတရားဟု မြတ်စွာဘုရားဟောတော်မူသောကြောင့်တည်း”ဟု သိသင့်သိထိုက်၏။ပ။

ရဟန်းတို့ နောက်တစ်မျိုးကား “ရဟန်းအား စိတ်ဖြင့် သဘောတရားကို သိသော် ပြေးသွားကြံစည်တတ်ကုန် နှောင်ဖွဲ့ကြောင်းဖြစ်ကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် မဖြစ်ပေါ်လာကုန်။ ရဟန်းတို့ ဤသို့ မဖြစ်ပေါ်မှုကို ရဟန်းသည် “ ဤအကြောင်းတရားကို လွှမ်းမိုးအပ်၏၊ အကြောင်းသော်ကား ဤသို့ မဖြစ်ပေါ်မှုကို လွှမ်းမိုးကြောင်းတရားဟု မြတ်စွာဘုရား ဟောတော်မူသောကြောင့်တည်း”ဟု သိသင့်သိထိုက်၏။ ရဟန်းတို့ ဤတရားတို့ကို လွှမ်းမိုးကြောင်းတရား ခြောက်ပါးတို့ဟူ၍ ဆိုအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။