သံယုတ္တနိကာယ်—၃၆

၂—ရဟောဂတဝဂ်

၁—ရဟောဂတသုတ်

၂၅၉။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏— အသျှင်ဘုရားဆိတ်ငြိမ်ရာအရပ်၌ တစ်ယောက်တည်း ကိန်းအောင်းနေသော တပည့်တော်အား ဤသို့ စိတ်အကြံ ဖြစ်ပါ၏— “သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ ဟူ၍ ဝေဒနာသုံးမျိုးတို့ကို မြတ်စွာဘုရား ဟောအပ်ကုန်၏။ ဤဝေဒနာသုံးမျိုးတို့ကို မြတ်စွာဘုရား ဟောပါလျက် ဝေဒနာဟူသမျှသည် ဆင်းရဲ ‘ဒုက္ခ’ မည်၏ဟူသော ဤစကားကို (လည်း) မြတ်စွာဘုရား ဟောတော်မူပြန်၏၊ ဝေဒနာဟူသမျှသည် ဆင်းရဲ ‘ဒုက္ခ’မည်၏ဟူသော ဤစကားကို အဘယ်ကို ရည်ရွယ်၍ မြတ်စွာဘုရား ဟောတော်မူလေသနည်း “ဟု စိတ်အကြံ ဖြစ်ပါသည်ဟု လျှောက်၏။

ရဟန်း ကောင်းပေစွ၊ ကောင်းပေစွ။ ရဟန်း သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာဟူ၍ ဝေဒနာသုံးမျိုးတို့ကို ငါ ဟောထားအပ်ကုန်၏။ ဤဝေဒနာသုံးမျိုးတို့ကို ငါ ဟောပြီး၍ ဝေဒနာဟူသမျှသည် ဆင်းရဲ ‘ဒုက္ခ’ မည်၏ဟူသော ဤစကားကို (လည်း) ငါဘုရား ဟောတော်မူပြန်၏၊ ရဟန်း ဝေဒနာဟူသမျှသည် ဆင်းရဲ ‘ဒုက္ခ’ မည်၏ဟူသော ထိုစကားကို ပြုပြင်ဖန်တီးအပ်သော သင်္ခါရတို့၏ အမြဲမရှိခြင်း ကိုသာလျှင် ရည်ရွယ်၍ ငါ ဟောတော်မူ၏၊ ရဟန်း ဝေဒနာဟူသမျှသည်ဆင်းရဲ ‘ဒုက္ခ’ တည်းဟူသော ဤစကားကို ပြုပြင်ဖန်တီးအပ်သော သင်္ခါရတို့၏ ကုန်ခြင်းသဘောရှိခြင်း။ပ။ ပျက်ခြင်းသဘောရှိခြင်း။ပ။ စွဲမက်မှု ကင်းခြင်းသဘောရှိခြင်း။ပ။ ချုပ်ခြင်းသဘောရှိခြင်း။ပ။ ဖောက်ပြန်ပြောင်းလဲသော သဘောရှိခြင်း ကို ရည်ရွယ်၍ ငါဘုရား ဟောတော်မူ၏။

ရဟန်း အမှန်အားဖြင့် အစဉ်အတိုင်းဖြစ်သော ပြုပြင်ဖန်တီးအပ်သော သင်္ခါရတို့၏ ချုပ်ငြိမ်းခြင်းကိုငါဘုရား ဟောတော်မူ၏။ ပဌမဈာန်ကို ဝင်စားသော သူအား စကားပြောမှု ချုပ်ငြိမ်း၏၊ ဒုတိယဈာန်ကိုဝင်စားသော သူအား ကြံစည်မှု ဆင်ခြင်သုံးသပ်မှု ‘ဝိတက် ဝိစာရ’ တို့ ချုပ်ငြိမ်းကုန်၏၊ တတိယဈာန်ကိုဝင်စားသော သူအား နှစ်သိမ့်မှု ‘ပီတိ’ ချုပ်ငြိမ်း၏၊ စတုတ္ထဈာန်ကို ဝင်စားသော သူအား ထွက်သက်ဝင်သက်တို့ ချုပ်ငြိမ်းကုန်၏၊ အာကာသာနဉ္စာယတနဈာန်ကို ဝင်စားသော သူအား ရုပ်ဟူသော အမှတ်’ရူပသညာ’ ချုပ်ငြိမ်း၏၊ ဝိညာဏဉ္စာယတနဈာန်ကို ဝင်စားသော သူအား အာကာသာနဉ္စာယတနသညာချုပ်ငြိမ်း၏၊ အာကိဉ္စညာယတနဈာန်ကို ဝင်စားသော သူအား ဝိညာဏဉ္စာယတနသညာ ချုပ်ငြိမ်း၏၊ နေဝ သညာနာသညာယတနဈာန်ကို ဝင်စားသော သူအား အာကိဉ္စညာယတနသညာ ချုပ်ငြိမ်း၏၊ သညာဝေဒနာတို့၏ ချုပ်ငြိမ်းရာ နိရောဓသမာပတ်ကို ဝင်စားသော သူအား သညာဝေဒနာတို့ ချုပ်ငြိမ်းကုန်၏၊ အာသဝေါ ကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်အား စွဲမက်မှု ‘ရာဂ’ ချုပ်ငြိမ်း၏၊ အမျက်ထွက်မှု ‘ဒေါသ’ ချုပ်ငြိမ်း၏၊ တွေဝေမှု ‘မောဟ’ ချုပ်ငြိမ်း၏။

ရဟန်း အမှန်အားဖြင့် အစဉ်အတိုင်း ဖြစ်သော ပြုပြင်ဖန်တီးအပ်သော သင်္ခါရတို့၏ငြိမ်းအေးမှုကိုငါဘုရား ဟောတော်မူ၏။ ပဌမဈာန်ကို ဝင်စားသော သူအား စကားပြောမှု ငြိမ်းအေး၏၊ ဒုတိယဈာန်ကိုဝင်စားသော သူအား ကြံစည်မှု ဆင်ခြင်သုံးသပ်မှု ‘ဝိတက်ဝိစာရ’ တို့ ငြိမ်းအေးကုန်၏။ပ။ နိရောဓသမာပတ်ကို ဝင်စားသော သူအား သညာဝေဒနာတို့ ငြိမ်းအေးကုန်၏၊ အာသဝေါ ကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်အား စွဲမက်မှု ‘ရာဂ’ ငြိမ်းအေး၏၊ အမျက်ထွက်မှု ‘ဒေါသ’ ငြိမ်းအေး၏၊ တွေဝေမှု’မောဟ’ ငြိမ်းအေး၏။

ရဟန်း ငြိမ်းချမ်းမှုတို့ကား ဤခြောက်ပါးတို့တည်း။ ပဌမဈာန်ကို ဝင်စားသော သူအား စကား ပြောမှုငြိမ်းချမ်း၏၊ ဒုတိယဈာန်ကို ဝင်စားသော သူအား ကြံစည်မှု ဆင်ခြင်သုံးသပ်မှု ‘ဝိတက်ဝိစာရ’ တို့ငြိမ်းချမ်းကုန်၏၊ တတိယဈာန်ကို ဝင်စားသော သူအား နှစ်သိမ့်မှု ‘ပီတိ’ ငြိမ်းချမ်း၏၊ စတုတ္ထဈာန်ကို ဝင်စားသော သူအား ထွက်သက်ဝင်သက်တို့ ငြိမ်းချမ်းကုန်၏၊ နိရောဓသမာပတ်ကို ဝင်စားသော သူအား့သညာဝေဒနာတို့ ငြိမ်းချမ်းကုန်၏၊ အာသဝေါ ကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်အား စွဲမက်မှု ‘ရာဂ’ ငြိမ်းချမ်း၏၊ အမျက်ထွက်မှု ‘ဒေါသ’ ငြိမ်းချမ်း၏၊ တွေဝေမှု ‘မောဟ’ ငြိမ်းချမ်း၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။