သံယုတ္တနိကာယ်—၃၆

၂—ရဟောဂတဝဂ်

၄—အဂါရသုတ်

၂၆၂။ ရဟန်းတို့ ဥပမာသော်ကား ဧည့်သည်များ တည်းခိုနေထိုင်ရာ အဆောက်အဦသည် ရှိ၏၊ ထိုအဆောက်အဦ၌ အရှေ့အရပ်မှလည်း လာရောက်နေထိုင်ကုန်၏၊ အနောက်အရပ်မှလည်း လာရောက်နေထိုင်ကုန်၏၊ မြောက်အရပ်မှလည်း လာရောက်နေထိုင်ကုန်၏၊ တောင်အရပ်မှလည်း လာရောက်နေထိုင်ကုန်၏၊ မင်းတို့သည်လည်း လာရောက်နေထိုင်ကုန်၏၊ ပုဏ္ဏားတို့သည်လည်း လာရောက်နေထိုင်ကုန်၏၊ ကုန်သည်တို့သည်လည်း လာရောက်နေထိုင်ကုန်၏၊ ဆင်းရဲသားတို့သည်လည်း လာရောက်နေထိုင်ကုန်၏။

ရဟန်းတို့ ဤအတူပင် ဤခန္ဓာကိုယ်၌ အမျိုးမျိုးသော ဝေဒနာတို့သည် ဖြစ်ကုန်၏၊ သုခဝေဒနာသည်လည်း ဖြစ်၏၊ ဒုက္ခဝေဒနာသည်လည်း ဖြစ်၏၊ ဥပေက္ခာဝေဒနာသည်လည်း ဖြစ်၏၊ ကာမဂုဏ်’အာမိသ’ နှင့် တကွသော သုခဝေဒနာသည်လည်း ဖြစ်၏၊ ကာမဂုဏ် ‘အာမိသ’ နှင့် တကွသောဒုက္ခဝေဒနာသည်လည်း ဖြစ်၏၊ ကာမဂုဏ် ‘အာမိသ’ နှင့် တကွသော ဥပေက္ခာဝေဒနာသည်လည်းဖြစ်၏၊ ကာမဂုဏ် ‘အာမိသ’ မရှိသော သုခဝေဒနာသည်လည်း ဖြစ်၏၊ ကာမဂုဏ် ‘အာမိသ’ မရှိသောဒုက္ခဝေဒနာသည်လည်း ဖြစ်၏၊ ကာမဂုဏ် ‘အာမိသ’ မရှိသော ဥပေက္ခာဝေဒနာသည်လည်း ဖြစ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။