သံယုတ္တနိကာယ်—၃၆

၂—ရဟောဂတဝဂ်

၆—ဒုတိယ အာနန္ဒသုတ်

၂၆၄။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသျှင်အာနန္ဒာအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—“အာနန္ဒာ ဝေဒနာတို့ဟူသည် အဘယ်တို့နည်း၊ ဝေဒနာ၏ဖြစ်ပေါ်ကြောင်းကား အဘယ်နည်း၊ ဝေဒနာ၏ ချုပ်ငြိမ်းရာကား အဘယ်နည်း၊ ဝေဒနာချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်ကား အဘယ်နည်း၊ ဝေဒနာ၏ သာယာဖွယ်ကား အဘယ်နည်း၊ အပြစ်ကားအဘယ်နည်း၊ ထွက်မြောက်ရာကား အဘယ်နည်း”ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားသာ အရင်းမူလရှိပါကုန်၏၊ မြတ်စွာဘုရားသာ ရှေ့ဆောင်ဖြစ်ပါကုန်၏၊ မြတ်စွာဘုရားသာ အားထားရာရှိပါကုန်၏။ အသျှင်ဘုရားတောင်းပန်ပါ၏၊ ထိုစကား၏ အနက်အဓိပ္ပါယ်သည် မြတ်စွာဘုရားဉာဏ်၌ သာ ထင်တော်မူစေပါလော့၊ မြတ်စွာဘုရား၏ အထံမှ ကြားနာကြ၍ ရဟန်းတို့သည် ဆောင်ထားရပါကုန်လတ္တံ့ဟု လျှောက်၏။

အာနန္ဒာ သို့ဖြစ်လျှင် နားထောင်လော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ကောင်းပါပြီဟူ၍ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဝန်ခံ၏။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏— “အာနန္ဒာ ဝေဒနာတို့သည် သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ ဤသုံးပါးတို့တည်း။ အာနန္ဒာ ဤတရားတို့ကို ဝေဒနာတို့ဟူ၍ ဆိုအပ်ကုန်၏။ပ။ တွေ့ထိမှု ‘ဖဿ’ ဖြစ်ပေါ်ခြင်းကြောင့်။ပ။ အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်အား စွဲမက်မှု’ရာဂ’ ငြိမ်းချမ်း၏၊ အမျက်ထွက်မှု ‘ဒေါသ’ ငြိမ်းချမ်း၏၊ တွေဝေမှု ‘မောဟ’ ငြိမ်းချမ်း၏ “ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။