သံယုတ္တနိကာယ်—၃၆

၂—ရဟောဂတဝဂ်

၇—ပဌမ သမ္ဗဟုလသုတ်

၂၆၅။ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကိုရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကြကုန်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏— “အသျှင်ဘုရား ဝေဒနာတို့ဟူသည် အဘယ်တို့ပါနည်း၊ ဝေဒနာ၏ ဖြစ်ပေါ်ကြောင်းကားအဘယ်ပါနည်း၊ ဝေဒနာချုပ်ငြိမ်းရာကား အဘယ်ပါနည်း၊ ဝေဒနာချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်ကား အဘယ်ပါနည်း၊ ဝေဒနာ၏ သာယာဖွယ်ကား အဘယ်ပါနည်း၊ အပြစ်ကား အဘယ်ပါနည်း၊ ထွက်မြောက်ရာကား အဘယ်ပါနည်း”ဟု လျှောက်ကုန်၏။

ရဟန်းတို့ ဝေဒနာတို့သည် သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ ဤသုံးပါးတို့တည်း။ ရဟန်းတို့ ဤတရားတို့ကို ဝေဒနာတို့ဟူ၍ ဆိုအပ်ကုန်၏။ တွေ့ထိမှု ဖြစ်ပေါ်ခြင်းကြောင့် ဝေဒနာဖြစ်၏၊ တွေ့ထိမှု ချုပ်ခြင်းကြောင့် ဝေဒနာချုပ်ငြိမ်း၏၊ မှန်ကန်သော အမြင်။ပ။ မှန်ကန်သောတည်ကြည်မှုဟူသော ဤအင်္ဂါရှစ်ပါးရှိသော အရိယမဂ်သည်ပင် ဝေဒနာချုပ်ငြိမ်းရာသို့ရောက်ကြောင်းအကျင့် မည်၏၊ ဝေဒနာ ကို အစွဲပြု၍ ကိုယ်ချမ်းသာ စိတ်ချမ်းသာ ဖြစ်၏၊ ဤသည်ကားဝေဒနာ၏ သာယာဖွယ်တည်း။ ဝေဒနာသည် မမြဲခြင်း ဆင်းရဲခြင်း ဖောက်ပြန်ခြင်းသဘောရှိ၏၊ ဤကားဝေဒနာ၏ အပြစ်တည်း။ ဝေဒနာ၌ လိုချင်စွဲမက်မှုကို ဖျောက်ခြင်း လိုချင်စွဲမက်မှုကို ပယ်ခြင်းသည် ရှိ၏၊ ဤကား ဝေဒနာ၏ ထွက်မြောက်ရာ မည်၏။

ရဟန်းတို့ အမှန်အားဖြင့် အစဉ်အတိုင်းဖြစ်သော ပြုပြင်ဖန်တီးအပ်သော သင်္ခါရတို့၏ ချုပ်ငြိမ်းခြင်း ကိုငါ ဟော၏။ ပဌမဈာန်ကို ဝင်စားသော သူအား စကားပြောမှု ချုပ်ငြိမ်း၏။ပ။ အာသဝေါကုန်ပြီးသောရဟန္တာပုဂ္ဂိုလ်အား စွဲမက်မှု ‘ရာဂ’ ချုပ်ငြိမ်း၏၊ အမျက်ထွက်မှု ‘ဒေါသ’ ချုပ်ငြိမ်း၏၊ တွေဝေမှု ‘မောဟ’ချုပ်ငြိမ်း၏။

ရဟန်းတို့ အမှန်အားဖြင့် အစဉ်အတိုင်းဖြစ်သော ပြုပြင်ဖန်တီးအပ်သော သင်္ခါရတို့၏ငြိမ်းချမ်း ခြင်းကိုငါ ဟော၏။ ပဌမဈာန်ကို ဝင်စားသော သူအား စကားပြောမှု ငြိမ်းချမ်း၏။ပ။ အာသဝေါကုန်ပြီး သောရဟန္တာပုဂ္ဂိုလ်အား စွဲမက်မှု ‘ရာဂ’ ငြိမ်းချမ်း၏၊ အမျက်ထွက်မှု ‘ဒေါသ’ ငြိမ်းချမ်း၏၊ တွေဝေမှု ‘မောဟ’ငြိမ်းချမ်း၏။

ရဟန်းတို့ ငြိမ်းချမ်းမှုတို့ကား ဤခြောက်ပါးတို့တည်း၊ ပဌမဈာန်ကို ဝင်စားသော သူအား စကားပြောမှု ငြိမ်းချမ်း၏၊ ဒုတိယဈာန်ကို ဝင်စားသော သူအား ကြံစည်မှု ဆင်ခြင်သုံးသပ်မှု’ဝိတက်ဝိစာရ’ တို့ ငြိမ်းချမ်းကုန်၏၊ တတိယဈာန်ကို ဝင်စားသော သူအား နှစ်သက်မှု ‘ပီတိ’ငြိမ်းချမ်း၏၊ စတုတ္ထဈာန်ကို ဝင်စားသော သူအား ထွက်သက်ဝင်သက်တို့ ငြိမ်းချမ်းကုန်၏၊ သညာဝေဒနာတို့ ချုပ်ငြိမ်းရာ နိရောဓ သမာပတ်ကို ဝင်စားသော သူအား သညာဝေဒနာတို့ငြိမ်းချမ်းကုန်၏၊ အာသဝေါကုန်ပြီးသော ရဟန္တာ ပုဂ္ဂိုလ်အား စွဲမက်မှု ‘ရာဂ’ ငြိမ်းချမ်း၏၊ အမျက်ထွက်မှု ‘ဒေါသ’ ငြိမ်းချမ်း၏၊ တွေဝေမှု ‘မောဟ’ ငြိမ်း ချမ်း၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။