သံယုတ္တနိကာယ်—၃၆

၂—ရဟောဂတဝဂ်

၉—ပဉ္စကင်္ဂသုတ်

၂၆၇။ ထိုအခါ ပဉ္စကင်္ဂမည်သော လက်သမားဆရာကြီးသည် အသျှင်ဥဒါယီထံသို့ ချဉ်းကပ်၍ အသျှင်ဥဒါယီကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်ဥဒါယီအား “ အသျှင်ဥဒါယီအဘယ်မျှလောက်သော ဝေဒနာတို့ကို မြတ်စွာဘုရား ဟောထားအပ်ပါကုန်သနည်း “ဟု လျှောက်၏။ “လက်သမားဆရာကြီး မြတ်စွာဘုရား ဟောထားအပ်ကုန်သော ဝေဒနာတို့သည် သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာဟူ၍ သုံးမျိုးတို့တည်း၊ လက်သမားဆရာကြီး ဤသုံးမျိုးသောဝေဒနာတို့ကိုမြတ်စွာဘုရား ဟောထားအပ်ကုန်၏ “ဟု မိန့်ဆို၏။ ဤသို့ ဆိုသော် ပဉ္စကင်္ဂမည်သောလက်သမားဆရာကြီးသည် အသျှင်ဥဒါယီအား ဤစကားကို လျှောက်၏— “ အသျှင် ဥဒါယီ သုံးမျိုးသောဝေဒနာတို့ကို မြတ်စွာဘုရား ဟောထားအပ်ကုန်သည် မဟုတ်။ သုခဝေဒနာ၊ ဒုက္ခဝေဒနာ ဟူ၍ နှစ်မျိုးသော ဝေဒနာတို့ကိုသာ မြတ်စွာ ဘုရား ဟောထားအပ်ပါကုန်၏၊ အသျှင်ဘုရားဥပေက္ခာဝေဒနာကို ငြိမ်သက် ကောင်းမြတ်သော သုခ၌ (သွင်း၍ ) မြတ်စွာဘုရားဟောထားတော်မူအပ်ပါ၏ “ဟု (လျှောက်၏)။

ဒုတိယအကြိမ်လည်း အသျှင်ဥဒါယီသည် ပဉ္စကင်္ဂမည်သော လက်သမားဆရာကြီးအား ဤစကားကိုပြောဆို၏—“လက်သမားဆရာကြီး နှစ်မျိုးသော ဝေဒနာတို့ကိုသာ မြတ်စွာဘုရား ဟောထားအပ်ကုန်သည်မဟုတ်။ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာဟူ၍ ဤသုံးမျိုးသော ဝေဒနာတို့ကို မြတ်စွာဘုရားဟောထားအပ်ကုန်၏ “ဟု (မိန့်ဆို၏)။ ဒုတိယအကြိမ်လည်း ပဉ္စကင်္ဂမည်သော လက်သမားဆရာကြီးသည်အသျှင်ဥဒါယီအား ဤစကားကို လျှောက်၏ —“ အသျှင်ဥဒါယီ သုံးမျိုးသော ဝေဒနာတို့ကို မြတ်စွာဘုရားဟောထားအပ်ကုန်သည် မဟုတ်။ သုခဝေဒနာ၊ ဒုက္ခဝေဒနာဟူ၍ နှစ်မျိုးသော ဝေဒနာတို့ကိုသာ မြတ်စွာဘုရား ဟောထားအပ်ပါကုန်၏၊ အသျှင်ဘုရား ဥပေက္ခာဝေဒနာကို ငြိမ်သက် ကောင်းမြတ်သော သုခ၌ (သွင်း၍ ) မြတ်စွာဘုရား ဟောထားတော်မူအပ်ပါ၏ “ဟု (လျှောက်၏)။

တတိယအကြိမ်လည်း အသျှင်ဥဒါယီသည် ပဉ္စကင်္ဂမည်သော လက်သမားဆရာကြီးအား ဤစကားကိုပြောဆို၏— “လက်သမားဆရာကြီး နှစ်မျိုးသော ဝေဒနာတို့ကိုသာ မြတ်စွာဘုရား ဟောထားအပ်ကုန်သည် မဟုတ်။ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ ဟူ၍ ဤသုံးမျိုးသော ဝေဒနာတို့ကိုမြတ်စွာဘုရား ဟောထားအပ်ကုန်၏”ဟု (မိန့်ဆို၏)။ တတိယအကြိမ်လည်းပဉ္စကင်္ဂမည်သော လက်သမား ဆရာကြီးသည် အသျှင်ဥဒါယီအား ဤစကားကိုလျှောက်ထား၏ —“အသျှင်ဥဒါယီ သုံးမျိုးသော ဝေဒနာ တို့ကို မြတ်စွာဘုရား ဟောထားအပ်ကုန်သည်မဟုတ်။ သုခဝေဒနာ၊ ဒုက္ခဝေဒနာဟူ၍ နှစ်မျိုးသော ဝေဒနာတို့ကိုသာ မြတ်စွာဘုရားဟောထားအပ်ပါကုန်၏၊ အသျှင်ဘုရား ဥပေက္ခာဝေဒနာကို ငြိမ်သက် ကောင်းမြတ်သော သုခ၌ (သွင်း၍ ) မြတ်စွာဘုရား ဟောထားတော်မူအပ်ပါ၏ “ဟု (လျှောက်၏)။ အသျှင် ဥဒါယီသည်ပဉ္စကင်္ဂမည်သော လက်သမားဆရာကြီးကို သိနားလည်စေရန် မစွမ်းနိုင်၊ ပဉ္စကင်္ဂမည်သောလက်သမားဆရာကြီးသည်လည်း အသျှင်ဥဒါယီကို သိနားလည်စေရန် မစွမ်းနိုင်။ အသျှင်အာနန္ဒာသည်ပဉ္စကင်္ဂမည်သော လက်သမားဆရာကြီးနှင့် တကွ အသျှင်ဥဒါယီ၏ ဤသို့သော စကားပြောဆိုပုံကို ကြားလေ၏။

ထို့နောက် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် ပဉ္စကင်္ဂမည်သော လက်သမားဆရာကြီးနှင့် အသျှင်ဥဒါယီ ပြောဆိုသမျှသော စကား အလုံးစုံကိုမြတ်စွာဘုရားအား လျှောက်၏။ အာနန္ဒာ ထင်ရှားရှိသော အကြောင်းကိုပင်လျှင် လက်သမားဆရာကြီးပဉ္စကင်္ဂသည် ဥဒါယီရဟန်းအား ဝမ်းမမြောက်စေနိုင်၊ အာနန္ဒာ ဥဒါယီရဟန်းသည်လည်း ထင်ရှားရှိသောအကြောင်းကိုပင်လျှင် လက်သမားဆရာကြီး ပဉ္စကင်္ဂအား ဝမ်းမမြောက်စေနိုင်။

အာနန္ဒာ နှစ်ပါးသော ဝေဒနာတို့ကိုလည်း အကြောင်းပရိယာယ်အားဖြင့် ငါဘုရား ဟောအပ်ကုန်၏၊ သုံးပါးသော ဝေဒနာတို့ကိုလည်း အကြောင်းပရိယာယ်အားဖြင့် ငါဘုရား ဟောအပ်ကုန်၏၊ ငါးပါးသောဝေဒနာတို့ကိုလည်း အကြောင်းပရိယာယ်အားဖြင့် ငါဘုရား ဟောအပ်ကုန်၏၊ ခြောက်ပါးသော ဝေဒနာတို့ကိုလည်း အကြောင်းပရိယာယ်အားဖြင့် ငါဘုရား ဟောအပ်ကုန်၏၊ တစ်ဆယ့်ရှစ်ပါးသောဝေဒနာတို့ကိုလည်း အကြောင်းပရိယာယ်အားဖြင့် ငါဘုရား ဟောအပ်ကုန်၏၊ သုံးဆယ့်ခြောက်ပါးသောဝေဒနာတို့ကိုလည်း အကြောင်းပရိယာယ်အားဖြင့် ငါဘုရား ဟောအပ်ကုန်၏၊ တစ်ရာ့ရှစ်ပါးသောဝေဒနာတို့ကိုလည်း အကြောင်းပရိယာယ်အားဖြင့် ငါဘုရား ဟောအပ်ကုန်၏။

အာနန္ဒာ ငါဘုရား တရားဓမ္မကို ဤသို့ အကြောင်းပရိယာယ်အားဖြင့် ဟောအပ်၏၊ အာနန္ဒာ ငါဘုရားသည် တရားဓမ္မကို ဤသို့ အကြောင်းပရိယာယ်အားဖြင့် ဟောထားအပ်ပါလျက် အချင်းချင်းကောင်း စွာ ဆိုအပ် ကောင်းစွာ ပြောအပ်သည်ဟု မမှတ်ထင်ကြကုန်, ခွင့်မလွှတ်နိုင်ကြကုန်,ဝမ်းမမြောက်နိုင်ကြ ကုန်သော သူတို့အား “ခိုက်ရန် ငြင်းခုံ ဖြစ်ကြကုန်လျက် ဝါဒကွဲခြင်းသို့ရောက်ကြပြီးလျှင် အချင်းချင်း နှုတ်လှံထိုးလျက် နေကြလိမ့်မည် “ ဟူသော ဤအဖြစ်မျိုးကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။ အာနန္ဒာ ငါဘုရားကား တရားဓမ္မကို ဤသို့အကြောင်းပရိယာယ်အားဖြင့် ဟောအပ်၏၊ အာနန္ဒာ ဤသို့ အကြောင်းပရိယာယ်အားဖြင့် ငါဘုရားဟောအပ်သော တရားဓမ္မ၌ “အချင်းချင်း ကောင်းစွာ ဆိုအပ် ကောင်းစွာ ပြောအပ်သည်ဟုမှတ်ထင်ကြကုန်, ခွင့်လွှတ်ကြကုန်, ဝမ်းမြောက်ကြကုန်သော သူတို့အားညီညွတ်ဝမ်းမြောက်ကြကုန်လျက် မငြင်းခုံဘဲ နို့နှင့်ရေအလား တစ်သားတည်း ဖြစ်ကြပြီးလျှင် အချင်းချင်းချစ်ခင်သော မျက်စိတို့ဖြင့် ကြည့်ရှုကြကုန်လျက် နေကြလိမ့်မည် “ ဟူသော ဤအဖြစ်မျိုးကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။

အာနန္ဒာ ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွားစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်လျက် ကာမနှင့် စပ်သဖြင့် စွဲမက်အပ်ကုန်သော မျက်စိဖြင့် မြင်အပ်သည့် ရူပါရုံတို့လည်းကောင်း။ပ။ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန်စိတ်နှလုံးကို ပွားစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိလျက် ကာမနှင့် စပ်သဖြင့် စွဲမက်အပ်ကုန်သောကိုယ်ဖြင့် တွေ့ထိအပ်သည့် ဖောဋ္ဌဗ္ဗာရုံတို့လည်းကောင်း၊ အာနန္ဒာ ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။ အာနန္ဒာ ကာမဂုဏ်ငါးပါးတို့ကို စွဲ၍ ဤကိုယ်ချမ်းသာ စိတ်ချမ်းသာသည် ဖြစ်၏၊ ဤသည်ကို ကာမချမ်းသာဟု ဆိုအပ်၏။

အာနန္ဒာ အကြင်ကာမဂုဏ်ငါးပါးကို စွဲ၍ ဖြစ်သော ကိုယ်ချမ်းသာ စိတ်ချမ်းသာကို ခံစားကြကုန်၏၊ “ ဤကိုယ်ချမ်းသာ စိတ်ချမ်းသာသည် အမြတ်ဆုံး ဖြစ်၍ ငြိမ်သက်၏ “ဟု ပြောဆိုကြသူတို့၏ စကားကိုငါဘုရား ခွင့်မပြုနိုင်။ အဘယ်ကြောင့်နည်း၊ အာနန္ဒာ ထိုကာမချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်းဖြစ်သော အလွန် မွန်မြတ်သည်လည်းဖြစ်သော ချမ်းသာသည် ရှိသေး၏။

အာနန္ဒာ ဤချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်းဖြစ်သော အလွန် မွန်မြတ်သည်လည်းဖြစ်သော ချမ်းသာသည် အဘယ်နည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှကင်းဆိတ်၍ သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍ သာလျှင် ကြံစည်မှု ‘ဝိတက်’ ဆင်ခြင်သုံးသပ်မှု’ဝိစာရ’နှင့် တကွဖြစ်သော နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း’ ပီတိ ‘ ချမ်းသာခြင်း’သုခ ‘ ရှိသော ပဌမဈာန်သို့ ရောက်လျက် နေ၏။ အာနန္ဒာ ဤကား ထိုကာမချမ်းသာမ ှတစ်ပါး အလွန်နှစ်သက်အပ်သည်လည်းဖြစ်သော အလွန် မွန်မြတ်သည်လည်းဖြစ်သော ချမ်းသာတည်း။

အာနန္ဒာ အကြင်ပဌမဈာန်ကို စွဲ၍ ဖြစ်သော ကိုယ်ချမ်းသာ စိတ်ချမ်းသာကို ခံစားကြကုန်၏၊ “ ဤကိုယ်ချမ်းသာ စိတ်ချမ်းသာသည် အမြတ်ဆုံး ဖြစ်၍ ငြိမ်သက်၏ “ဟု ပြောဆိုကြသူတို့၏ စကားကို့ငါဘုရား ခွင့်မပြုနိုင်။ အဘယ်ကြောင့်နည်း၊ အာနန္ဒာ ထိုပဌမဈာန်ချမ်းသာမှ တစ်ပါး အလွန်နှစ်သက်အပ်သည်လည်းဖြစ်သော အလွန် မွန်မြတ်သည်လည်းဖြစ်သော ချမ်းသာသည် ရှိသေး၏။

အာနန္ဒာ ဤ (ပဌမဈာန်) ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်းဖြစ်သော အလွန်မွန်မြတ်သည်လည်းဖြစ်သော ချမ်းသာသည် အဘယ်နည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည်ကြံစည်မှု, ဆင်ခြင်သုံးသပ်မှုတို့၏ငြိမ်းခြင်းကြောင့် ကိုယ်တွင်းသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သောတည်ကြည်ခြင်း ‘ သမာဓိ ‘ ကို ဖြစ်ပွားစေတတ်သော ကြံစည်မှု, ဆင်ခြင်သုံးသပ်မှု မရှိသောတည်ကြည်ခြင်း ‘ သမာဓိ ‘ကြောင့် ဖြစ်သော နှစ်သိမ့်မှု’ ပီတိ ‘ ချမ်းသာမှု ‘ သုခ ‘ ရှိသော ဒုတိယဈာန်သို့ရောက်လျက် နေ၏။ အာနန္ဒာ ဤကား ထို (ပဌမဈာန်) ချမ်းသာမှ တစ်ပါး အလွန်နှစ်သက်အပ်သည်လည်းဖြစ်သော အလွန် မွန်မြတ်သည်လည်းဖြစ်သော ချမ်းသာတည်း။

အာနန္ဒာ အကြင်ဒုတိယဈာန်ကို စွဲ၍ ဖြစ်သော ကိုယ်ချမ်းသာ စိတ်ချမ်းသာကို ခံစားကြကုန်၏၊ “ ဤကိုယ်ချမ်းသာ စိတ်ချမ်းသာသည် အမြတ်ဆုံး ဖြစ်၍ ငြိမ်သက်၏ “ဟု ပြောဆိုကြသူတို့၏ စကားကိုငါဘုရား ခွင့်မပြုနိုင်။ အဘယ်ကြောင့်နည်း၊ အာနန္ဒာ ဤဒုတိယဈာန်ချမ်းသာမှ တစ်ပါး အလွန်နှစ်သက် အပ်သည်လည်းဖြစ်သော အလွန် မွန်မြတ်သည်လည်းဖြစ်သော ချမ်းသာသည် ရှိသေး၏။

အာနန္ဒာ ဤ (ဒုတိယဈာန်) ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်းဖြစ်သော အလွန်မွန်မြတ်သည်လည်းဖြစ်သော ချမ်းသာသည် အဘယ်နည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည်နှစ်သိမ့်ခြင်း’ ပီတိ ‘ ကိုလည်း မတပ်မက်ခြင်းကြောင့် သတိ, သမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက်နေ၏၊ ချမ်းသာ’ သုခ ‘ ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင်တတိယဈာန်ကြောင့် ထိုသူကို”လျစ်လျူရှုသူ၊ သတိရှိသူ၊ ချမ်းသာစွာ နေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်လျက် နေ၏။ အာနန္ဒာ ဤကား ထို (ဒုတိယဈာန်) ချမ်းသာမှ တစ်ပါး အလွန်နှစ်သက်အပ်သည်လည်းဖြစ်သော အလွန် မွန်မြတ်သည်လည်းဖြစ်သော ချမ်းသာတည်း။

အာနန္ဒာ အကြင်တတိယဈာန်ကို စွဲ၍ ဖြစ်သော ကိုယ်ချမ်းသာ စိတ်ချမ်းသာကို ခံစားကြကုန်၏၊ “ ဤကိုယ်ချမ်းသာ စိတ်ချမ်းသာသည် အမြတ်ဆုံး ဖြစ်၍ ငြိမ်သက်၏ “ဟု ပြောဆိုကြသူတို့၏ စကားကိုငါဘုရား ခွင့်မပြုနိုင်။ အဘယ်ကြောင့်နည်း၊ အာနန္ဒာ ဤတတိယဈာန်ချမ်းသာမှ တစ်ပါး အလွန်နှစ်သက် အပ်သည်လည်းဖြစ်သော အလွန် မွန်မြတ်သည်လည်းဖြစ်သော ချမ်းသာသည် ရှိသေး၏။

အာနန္ဒာ ဤ (တတိယဈာန်) ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်းဖြစ်သော အလွန်မွန်မြတ်သည်လည်းဖြစ်သော ချမ်းသာသည် အဘယ်နည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည်ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ရှေးဦးကပင်ချုပ်နှင့် ်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာ မရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့် ဖြစ်သည့်သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ အာနန္ဒာ ဤကားထို (တတိယဈာန်) ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်းဖြစ်သော အလွန်မွန်မြတ်သည်လည်းဖြစ်သော ချမ်းသာတည်း။

အာနန္ဒာ အကြင်စတုတ္ထဈာန်ကို စွဲ၍ ဖြစ်သော ကိုယ်ချမ်းသာ စိတ်ချမ်းသာကို ခံစားကြကုန်၏၊ “ ဤကိုယ်ချမ်းသာ စိတ်ချမ်းသာသည် အမြတ်ဆုံး ဖြစ်၍ ငြိမ်သက်၏ “ဟု ပြောဆိုကြသူတို့၏ စကားကိုငါဘုရား ခွင့်မပြုနိုင်။ အဘယ်ကြောင့်နည်း၊ အာနန္ဒာ ဤစတုတ္ထဈာန်ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်းဖြစ်သော အလွန် မွန်မြတ်သည်လည်းဖြစ်သော ချမ်းသာသည် ရှိသေး၏။

အာနန္ဒာ ဤ (စတုတ္ထဈာန်) ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်းဖြစ်သော အလွန်မွန်မြတ်သည်လည်းဖြစ်သော ချမ်းသာသည် အဘယ်နည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ရုပ်ရှိ၏ဟူသော ‘ ရူပသညာ ‘တို့ကို လွန်မြောက်ခြင်းကြောင့် ထိပါးမှု ရှိ၏ဟူသော ‘ ပဋိဃသညာ ‘ တို့၏့ချုပ်ခြင်းကြောင့် အမျိုးမျိုးသော အတ္တဘော ရှိ၏ဟူသော ‘နာနတ္တသညာ’ တို့ကို နှလုံးမသွင်းခြင်းကြောင့် “ ကောင်းကင်သည် အဆုံး မရှိ “ဟု စီးဖြန်း၍ အာကာသာနဉ္စာယတနဈာန်သို့ရောက်၍ နေ၏။ အာနန္ဒာ ဤကား ထို (စတုတ္ထဈာန်) ချမ်းသာမှ တစ်ပါး အလွန်နှစ်သက်အပ်သည်လည်းဖြစ်သော အလွန် မွန်မြတ်သည်လည်းဖြစ်သော ချမ်းသာတည်း။

အာနန္ဒာ ဤ (အာကာသာနဉ္စာယတန) ဈာန်ကို စွဲ၍ ဖြစ်သော ကိုယ်ချမ်းသာ စိတ်ချမ်းသာကို ခံစားကြကုန်၏၊ “ ဤကိုယ်ချမ်းသာ စိတ်ချမ်းသာသည် အမြတ်ဆုံး ဖြစ်၍ ငြိမ်သက်၏ “ဟုပြောဆိုကြသူတို့၏ စကားကို ငါဘုရား ခွင့်မပြုနိုင်။ အဘယ်ကြောင့်နည်း၊ အာနန္ဒာ ဤ (အာကာသာနဉ္စာယတနဈာန်) ချမ်းသာ မှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်းဖြစ်သော အလွန်မွန်မြတ်သည်လည်းဖြစ်သော ချမ်းသာသည် ရှိသေး၏။

အာနန္ဒာ ဤ (အာကာသာနဉ္စာယတနဈာန်) ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်းဖြစ်သော အလွန် မွန်မြတ်သည်လည်းဖြစ်သော ချမ်းသာသည် အဘယ်နည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် အကြွင်းမဲ့အားဖြင့် အာကာသာနဉ္စာယတနဈာန်ကို ကောင်းစွာ လွန်မြောက်ပြီးလျှင်”ဝိညာဏ်သည် အဆုံး မရှိ “ဟု စီးဖြန်းလျက် (ဝိညာဏဉ္စာယတနဈာန်) သို့ ရောက်၍ နေ၏။ အာနန္ဒာ ဤကား ထို (အာကာသာနဉ္စာယတနဈာန်) ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်းဖြစ်သောအလွန် မွန်မြတ်သည်လည်းဖြစ်သော ချမ်းသာတည်း။

အာနန္ဒာ ဤ (ဝိညာဏဉ္စာယတနဈာန်) ကို စွဲ၍ ဖြစ်သော ကိုယ်ချမ်းသာ စိတ်ချမ်းသာကို ခံစားကြကုန်၏၊ “ ဤကိုယ်ချမ်းသာ စိတ်ချမ်းသာသည် အမြတ်ဆုံး ဖြစ်၍ ငြိမ်သက်၏ “ဟု ပြောဆိုကြသူတို့၏စကားကို ငါဘုရား ခွင့်မပြုနိုင်။ အဘယ်ကြောင့်နည်း၊ အာနန္ဒာ ဤ (ဝိညာဏဉ္စာယတနဈာန်) ချမ်းသာမှတစ်ပါး အလွန် နှစ်သက်အပ်သည်လည်းဖြစ်သော အလွန် မွန်မြတ်သည်လည်းဖြစ်သော ချမ်းသာသည်ရှိသေး၏။

အာနန္ဒာ ဤ (ဝိညာဏဉ္စာယတနဈာန်) ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်းဖြစ်သောအလွန် မွန်မြတ်သည်လည်းဖြစ်သော ချမ်းသာသည် အဘယ်နည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် အကြွင်းမဲ့အားဖြင့် ဝိညာဏဉ္စာယတနဈာန်ကို ကောင်းစွာ လွန်မြောက်ပြီးလျှင် “ စိုးစဉ်းမျှ မရှိ “ဟုစီးဖြန်းလျက် အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။ အာနန္ဒာ ဤကားထို (ဝိညာဏဉ္စာယတနဈာန်) ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်းဖြစ်သော အလွန်မွန်မြတ်သည်လည်းဖြစ်သော ချမ်း သာတည်း။

အာနန္ဒာ ဤ (အာကိဉ္စညာယတနဈာန်) ကို စွဲ၍ ဖြစ်သော ကိုယ်ချမ်းသာ စိတ်ချမ်းသာကို ခံစားကြကုန်၏၊ “ ဤကိုယ်ချမ်းသာ စိတ်ချမ်းသာသည် အမြတ်ဆုံး ဖြစ်၍ ငြိမ်သက်၏ “ဟု ပြောဆိုကြသူတို့၏စကားကို ငါဘုရား ခွင့်မပြုနိုင်။ အဘယ်ကြောင့်နည်း၊ အာနန္ဒာ ဤ (အာကိဉ္စညာယတနဈာန်) ချမ်းသာမှတစ်ပါး အလွန် နှစ်သက်အပ်သည်လည်းဖြစ်သော အလွန် မွန်မြတ်သည်လည်းဖြစ်သော ချမ်းသာသည်ရှိသေး၏။

အာနန္ဒာ ဤ (အာကိဉ္စညာယတနဈာန်) ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်းဖြစ်သောအလွန် မွန်မြတ်သည်လည်းဖြစ်သော ချမ်းသာသည် အဘယ်နည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် အကြွင်းမဲ့အားဖြင့် (အာကိဉ္စညာယတနဈာန်) ကို လွန်မြောက်ပြီးလျှင် (နေဝသညာနာသညာယတနဈာန်) သို့ ရောက်၍ နေ၏။ အာနန္ဒာ ဤကား (အာကိဉ္စညာယတနဈာန်) ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်းဖြစ်သော အလွန် မွန်မြတ်သည်လည်းဖြစ်သော ချမ်းသာတည်း။

အာနန္ဒာ (နေဝသညာနာသညာယတနဈာန်) ကို စွဲ၍ ဖြစ်သော ကိုယ်ချမ်းသာ စိတ်ချမ်းသာကို ခံစားကြကုန်၏၊ “ ဤကိုယ်ချမ်းသာ စိတ်ချမ်းသာသည် အမြတ်ဆုံး ဖြစ်၍ ငြိမ်သက်၏ “ဟု့ပြောဆိုကြသူတို့၏ စကားကို ငါဘုရား ခွင့်မပြုနိုင်။ အဘယ်ကြောင့်နည်း၊ အာနန္ဒာ ဤ (နေဝသညာနာသညာယတနဈာန်) ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်းဖြစ်သောအလွန် မွန်မြတ်သည်လည်းဖြစ်သော ချမ်း သာသည် ရှိသေး၏။

အာနန္ဒာ ဤ (နေဝသညာနာသညာယတနဈာန်) ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်းဖြစ်သော အလွန် မွန်မြတ်သည်လည်းဖြစ်သော ချမ်းသာသည် အဘယ်နည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် အကြွင်းမဲ့အားဖြင့် (နေဝသညာနာသညာယတနဈာန်) ကို လွန်မြောက်ပြီးလျှင် သညာဝေဒနာတို့ ချုပ်ရာ နိရောဓသမာပတ်သို့ ရောက်၍ နေ၏။ အာနန္ဒာ ဤကား ထို (နေဝသညာနာသညာယတနဈာန်) ချမ်းသာမှ တစ်ပါး အလွန် နှစ်သက်အပ်သည်လည်းဖြစ်သော အလွန် မွန်မြတ်သည်လည်းဖြစ်သော ချမ်းသာတည်း။

အာနန္ဒာ အယူတစ်ပါးရှိကြကုန်သော ပရိဗိုဇ်တို့သည် “သညာဝေဒနာတို့ ချုပ်ခြင်းကို ရဟန်းဂေါတမသည် ဆို၏၊ ထိုသညာဝေဒနာတို့ ချုပ်ငြိမ်းခြင်းကို ချမ်းသာဟူ၍လည်း ပညတ်၏၊ ဤပညတ်ခြင်း၏ အကြောင်းကား အဘယ်နည်း၊ ဤပညတ်မှုသည် အဘယ်ကြောင့်နည်း”ဟုပြောဆိုရာသော အကြောင်းသည် ရှိ၏။ အာနန္ဒာ ဤပြောဆိုကုန်သော အယူတစ်ပါးရှိကြကုန်သောပရိဗိုဇ်တို့ကို “ ငါ့သျှင်တို့ မြတ်စွာ ဘုရားသည် ချမ်းသာခံစားမှု ‘သုခဝေဒနာ’ ကိုသာလျှင် ရည်ရွယ်၍ ချမ်းသာ ‘သုခ’ဟု ပညတ်သည် မဟုတ်၊ ငါ့သျှင်တို့ အကြင်အကြင်ဌာန၌ ချမ်းသာကို ရအပ်၏၊ အကြင်အကြင်ဌာန၌ ချမ်းသာသည် ရှိ၏၊ ထိုထို အလုံးစုံကို မြတ်စွာဘုရားသည် ချမ်းသာ ‘ သုခ ‘ဟုပညတ်၏ “ဟူ၍ ဤသို့ ပြောဆိုကုန်ရာ၏ဟု (မိန့် တော်မူ၏)။

နဝမသုတ်။