သံယုတ္တနိကာယ်—၃၆

၂—ရဟောဂတဝဂ်

၁ဝ—ဘိက္ခုသုတ်

၂၆၈။ ရဟန်းတို့ နှစ်ပါးသော ဝေဒနာတို့ကိုလည်း အကြောင်းပရိယာယ်အားဖြင့် ငါဘုရား ဟောအပ်ကုန်၏၊ သုံးပါးသော ဝေဒနာတို့ကိုလည်း အကြောင်းပရိယာယ်အားဖြင့် ငါဘုရား ဟောအပ်ကုန်၏၊ ငါးပါးသော ဝေဒနာတို့ကိုလည်း အကြောင်းပရိယာယ်အားဖြင့် ငါဘုရား ဟောအပ်ကုန်၏၊ ခြောက်ပါးသော ဝေဒနာတို့ကိုလည်း အကြောင်းပရိယာယ်အားဖြင့် ငါဘုရား ဟောအပ်ကုန်၏၊ တစ်ဆယ့်ရှစ်ပါးသော ဝေဒနာတို့ကိုလည်း အကြောင်းပရိယာယ်အားဖြင့် ငါဘုရား ဟောအပ်ကုန်၏၊ သုံးဆယ့်ခြောက်ပါးသော ဝေဒနာတို့ကိုလည်း အကြောင်းပရိယာယ်အားဖြင့် ငါဘုရား ဟောအပ်ကုန်၏၊ တစ်ရာ့ရှစ်ပါးသော ဝေဒနာ တို့ကိုလည်း အကြောင်းပရိယာယ်အားဖြင့် ငါဘုရား ဟောအပ်ကုန်၏။

ရဟန်းတို့ ငါဘုရားသည် တရား ဓမ္မကို ဤသို့ အကြောင်းပရိယာယ်အားဖြင့် ဟောအပ်၏။

ရဟန်းတို့ ငါဘုရားသည် တရားဓမ္မကို ဤသို့ အကြောင်းပရိယာယ်အားဖြင့် ဟောအပ်ပါလျက်အချင်းချင်း ကောင်းစွာ ဆိုအပ် ကောင်းစွာ ပြောအပ်သည်ဟု မမှတ်ထင်ကြကုန်, ခွင့်မလွှတ်နိုင်ကြကုန်,ဝမ်းမမြောက်နိုင်ကြကုန်သော သူတို့အား “ခိုက်ရန် ငြင်းခုံကြကုန်လျက် ဝါဒကွဲပြားခြင်းသို့ ရောက်ကြပြီးလျှင် အချင်းချင်း နှုတ်လှံထိုးကုန်လျက် နေကုန်လိမ့်မည်”ဟူသော ဤအဖြစ်မျိုးကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။ ရဟန်းတို့ ငါဘုရားသည် တရားဓမ္မကို ဤသို့ အကြောင်းပရိယာယ်အားဖြင့် ဟောအပ်ပေ၏၊ ရဟန်းတို့ ငါဘုရား ဤသို့ အကြောင်းပရိယာယ်အားဖြင့် ဟောအပ်သော တရားဓမ္မ၌ အချင်းချင်း ကောင်းစွာ ဆိုအပ် ကောင်းစွာ ပြောအပ်သည်ဟု မှတ်ထင်ကြကုန်, ခွင့်လွှတ်ကြကုန်,ဝမ်းမြောက်ကြကုန် သော သူတို့အား “ညီညွတ် ဝမ်းမြောက်ကြကုန်လျက် မငြင်းခုံကြဘဲ နို့နှင့်ရေအလား တစ်သားတည်း ဖြစ်ကြပြီးလျှင် အချင်းချင်း ချစ်ခင်သော မျက်စိတို့ဖြင့် ကြည့်ရှုကြကုန်လျက်နေကြလိမ့်မည် “ ဟူသော ဤ အဖြစ်မျိုးကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။

ရဟန်းတို့ ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။ပ။ ရဟန်းတို့ အယူတစ်ပါးရှိကြကုန်သော ပရိဗိုဇ်တို့သည် “သညာဝေဒနာတို့ ချုပ်ငြိမ်းခြင်းကို ရဟန်းဂေါတမသည် ဆို၏၊ ထိုသညာဝေဒနာတို့ ချုပ်ငြိမ်းခြင်းကို ချမ်းသာဟူ၍လည်း ပညတ်၏၊ ဤပညတ်ခြင်း၏ အကြောင်းကား အဘယ်နည်း၊ ဤပညတ်မှုသည် အဘယ်ကြောင့်နည်း”ဟု ပြောဆိုကြရာသော အကြောင်းသည် ရှိ၏။ အာနန္ဒာ ဤသို့ပြောဆိုကုန်သော အယူတစ်ပါးရှိကြကုန်သော ပရိဗိုဇ်တို့ကို “ငါ့သျှင်တို့ မြတ်စွာဘုရားသည် ချမ်းသာခံစားမှု ‘သုခဝေဒနာ’ ကို သာလျှင် ရည်ရွယ်၍ ချမ်းသာ ‘သုခ’ဟု ပညတ်သည် မဟုတ်၊ ငါ့သျှင်တို့အကြင်အကြင်အရာဌာန၌ အကြင် အကြင်ဝေဒယိတသုခ (ခံစားမှု ဝေဒနာရှိသောချမ်းသာ)ကိုသော်လည်းကောင်း၊ အဝေဒယိတသုခ (ခံစားမှု ဝေဒနာမရှိသော ချမ်းသာ) ကိုသော်လည်းကောင်း ရအပ်၏၊ ထိုထိုအလုံးစုံကို မြတ်စွာဘုရားသည် ချမ်းသာ ‘ သုခ ‘ဟုပညတ်၏ “ဟူ၍ ဤသို့ ပြောဆိုကုန်ရာ၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

နှစ်ခုမြောက် ရဟောဂတဝဂ် ပြီး၏။