သံယုတ္တနိကာယ်—၃၈

၁၅—သက္ကာယပဥှာသုတ်

၃၂၈။ ငါ့သျှင် သာရိပုတြာ “သက္ကာယ သက္ကာယ”ဟု ဆိုအပ်၏၊ ငါ့သျှင် သက္ကာယဟူသည် အဘယ်ပါနည်းဟု မေး၏။ ငါ့သျှင် ငါးပါးကုန်သော ဤဥပါဒါနက္ခန္ဓာတို့ကို သက္ကာယဟု မြတ်စွာဘုရားသည့်ဟော တော်မူအပ်၏။ ဤငါးပါးတို့သည် အဘယ်နည်း၊ ရူပုပါဒါနက္ခန္ဓာ၊ ဝေဒနုပါဒါနက္ခန္ဓာ၊ သညုပါဒါနက္ခန္ဓာ၊ သင်္ခါရုပါဒါနက္ခန္ဓာ၊ ဝိညာဏုပါဒါနက္ခန္ဓာတို့တည်း။ ဤငါးပါးကုန်သောဥပါဒါနက္ခန္ဓာတို့ကို သက္ကာယဟု မြတ်စွာဘုရားသည် ဟောတော်မူအပ်၏ဟု မိန့်ဆို၏။ ငါ့သျှင် ဤသက္ကာယကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် ရှိသလော၊ အကျင့်သည် ရှိသလောဟု မေး၏။

ငါ့သျှင် ဤသက္ကာယကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် ရှိ၏၊ အကျင့်သည် ရှိ၏ဟု မိန့်ဆို၏။

ငါ့သျှင် ဤသက္ကာယကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် အဘယ်နည်း၊ အကျင့်သည် အဘယ်နည်းဟုမေး၏။ ငါ့သျှင် ဤသက္ကာယကို ပိုင်းခြား၍ သိခြင်းငှါ (လမ်းသည်, အကျင့်သည်ကား) အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သော မြင်ခြင်း’သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’ တို့တည်း။ ငါ့သျှင် ဤသက္ကာယတို့ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် ဤသည်ပင်တည်း၊ အကျင့်သည် ဤသည်ပင်တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤသက္ကာယတို့ကို ပိုင်းခြား၍ သိခြင်းငှါ လမ်းသည် ကောင်း၏၊ အကျင့်သည် ကောင်း၏။ ငါ့သျှင် သာရိပုတြာမမေ့မလျော့ခြင်းငှါ သင့်သည်သာတည်းဟု ပြောဆို၏။

ပန္နရသမသုတ်။