သံယုတ္တနိကာယ်—၄
၁—ပဌမဝဂ်
၁—တပေါကမ္မသုတ်
၁၃၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ် တော်မူပြီး၍ ရှေးဦးစွာ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းနား အဇပါလညောင်ပင်ရင်း၌ (သီတင်းသုံး) နေ တော်မူ၏၊ ထိုအခါ ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ပါးတည်း ကိန်းအောင်းတော်မူစဉ် မြတ်စွာဘုရားအား ဤသို့သော စိတ်အကြံသည် ထင်ရှားဖြစ်၏— “ထိုပြုနိုင်ခဲသော အကျင့်ကို ကျင့်ခြင်းမှ ငါသည် လွတ်မြောက် ပြီတကား၊ အကျိုးမဲ့နှင့် စပ်သော ထိုပြုနိုင်ခဲသော အကျင့်ကို ကျင့်ခြင်းမှ လွတ်မြောက်ခြင်းသည် ကောင်းစွ တကား၊ ကိလေသာတို့မှ လွတ်မြောက်၍ သဗ္ဗညုတဉာဏ်ကို ကောင်းစွာရခြင်း ဖြစ်သည်ကား ကောင်းစွ တကား”ဟု (စိတ်အကြံ ဖြစ်၏)။
ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရား၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို၏—
“သတ္တဝါတို့သည် ခေါင်းပါးသော အကျင့်မှ ဖဲကုန်သောကြောင့် မစင်ကြယ်ကြ ကုန်၊ သင်သည် မစင်ကြယ်ဘဲလျက် စင်ကြယ်၏ဟူ၍ မှတ်ထင်ဘိ၏၊ စင်ကြယ်သော ခရီးမှ လွဲချော်လေစွတကား”ဟု ရွတ်ဆို၏။
ထိုအခါ၌ မြတ်စွာဘုရားသည် ဤသူကား ယုတ်မာသော မာရ်နတ်တည်းဟု သိ၍ ယုတ်မာသော မာရ်နတ်သားကို ဂါထာတို့ဖြင့် မိန့်ဆိုတော်မူ၏—
“ကြည်းကုန်းထက်၌ လှော်တက်သည် အချည်းနှီး ဖြစ်သကဲ့သို့ အလုံးစုံသော အတ္တကိလမထ အကျင့်မျိုးသည် အကျိုးမဲ့ကို ဆောင်ရွက်တတ်၏၊ ဤသို့ သိ၍ အကျိုးမဲ့နှင့် စပ်သော မသေခြင်းငှါ ကျင့်အပ်သော အလုံးစုံသော အတ္တကိလမထ အကျင့်ကို ငါ စွန့်ပြီ။
အရိယာမဂ်ကို သိခြင်းငှါ သီလ, သမာဓိ, ပညာကို ပွားများသည်ဖြစ်၍ လွန်စွာ စင်ကြယ်သော အရဟတ္တဖိုလ်သို့ ရောက်၏၊ ဟယ် ့ ့ ့ မာရ်နတ်ယုတ် သင်ကား ရှုံးလေပြီ”ဟု မိန့်တော်မူ၏။
ထိုအခါ ယုတ်မာသော မာရ်နတ်သည် “မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏”ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည်ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။