သံယုတ္တနိကာယ်—၄

၁—ပဌမဝဂ်

၁ဝ—ဒုတိယ အာယုသုတ်

၁၄၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည်။ပ။ ဤစကားကို မိန့်တော်မူ၏။

“ရဟန်းတို့ ဤအသက်သည် နည်း၏၊ တမလွန်ဘဝသို့ သွားရ၏၊ ကုသိုလ်ကို ပြုအပ်၏၊ မြတ် သော အကျင့်ကို ကျင့်အပ်၏၊ ပဋိသန္ဓေနေခြင်းရှိသော သူအား မသေခြင်းမည်သည် မရှိ၊ ရဟန်းတို့ ကြာမြင့်စွာ အသက်ရှင်သောသူသည် အနှစ်တစ်ရာဖြစ်စေ၊ အနှစ်တစ်ရာထက် အနည်းငယ် လွန်၍ ဖြစ်စေ အသက်ရှင်၏”ဟု မိန့်တော်မူ၏။

ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို၏—

ရထားလှည်းဘီး၏ အကွပ်သည် ရထားပုံတောင်းသို့ အစဉ်လိုက်သကဲ့သို့ သတ္တဝါတို့၏ အသက်သည် (သတ္တဝါသို့) အစဉ်လိုက်၏၊ နေ့ညဉ့်တို့သည် မလွန် နိုင်ကုန်၊ အသက်သည် မချုပ်”ဟု ရွတ်ဆို၏။

မြစ်ငယ်တို့၏ ရေအလျဉ်သည် ကုန်သကဲ့သို့ သတ္တဝါတို့၏ အသက်သည် ကုန်၏၊ နေ့ညဉ့်တို့သည် လွန်ကုန်၏၊ အသက်သည် ချုပ်၏ဟု မိန့်ဆိုတော်မူ၏။

ထိုအခါ ယုတ်မာသော မာရ်နတ်သည် “မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏”ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။

ပဌမဝဂ် ပြီး၏။