သံယုတ္တနိကာယ်—၄

၂—ဒုတိယဝဂ်

၁—ပါသာဏသုတ်

၁၄၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္စ ျကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် အလွန်မှောင်မိုက်သော ညဉ့်အခါ လွင်တီးခေါင်၌ ထိုင်နေတော်မူ၏၊ မိုးသည်လည်း တစ်ပေါက် တစ်ပေါက် ဆွတ်ဖျန်း၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရား အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍ မြတ်စွာဘုရားထံသို့ ချဉ်း့ကပ်လျက် မြတ်စွာဘုရား၏ မနီးမဝေး၌ ကျောက်တုံးကြီးတို့ကို ပစ်ခွဲ၏။

ထိုအခါ မြတ်စွာဘုရားသည် ဤသူကား ယုတ်မာသော မာရ်နတ်တည်းဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဂါထာဖြင့် ရွတ်ဆို၏။

(မာရ်နတ်) သင်သည် ဂိဇ္စ ျကုဋ်တောင် တစ်ခုလုံးကိုလည်း အကယ်၍ လှုပ်စေဦး တော့၊ ကိလေသာမှ ကောင်းစွာ လွတ်ကုန်ပြီးသော ဘုရားသျှင်တို့အား တုန်လှုပ်ခြင်း မရှိသည်သာလျှင်တည်း”ဟု မိန့်တော်မူ၏။

ထိုအခါ ယုတ်မာသော မာရ်နတ်သည် “မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏”ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။