သံယုတ္တနိကာယ်—၄

၂—ဒုတိယဝဂ်

၂—ကိန္နုသီဟသုတ်

၁၄၈။ အခါတစ်ပါး မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ပရိသတ်များစွာ ခြံရံလျက် တရားဟောတော်မူ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်အား “ဤရဟန်းဂေါတမသည် ပရိသတ်များစွာ ခြံရံလျက် တရားဟော၏၊ ငါသည် (ပရိသတ်၏) ပညာမျက်စိကို ဖျက်ဆီးခြင်းငှါ ရဟန်းဂေါတမထံသို့ ချဉ်းကပ်ရမူကား ကောင်းလေစွ”ဟု အကြံ ဖြစ်၏၊ ထို့နောက် ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို၏—

“သင်သည် အဘယ့်ကြောင့် ပရိသတ်၌ ရဲရင့်သည် ဖြစ်၍ ခြင်္သေ့မင်းကဲ့သို့ ကြုံးဝါးဘိသနည်း။ သင့်အား ပြိုင်ဘက်လက်ဝှေ့သတ်သူသည် ရှိသလော၊ အောင်ပြီး နိုင်ပြီးသူဟူ၍ သင် အောက်မေ့လေသလော”ဟု (ရွတ်ဆို၏)။

ကြီးသော လုံ့လရှိကုန်သော ဘုရားသျှင်တို့သည် ပရိသတ်တို့၌ စင်စစ် ရဲရင့် ကုန်သည် ဖြစ်၍ ကြုံးဝါးကုန်၏၊ လောက၌ ကပ်ငြိမှု (တဏှာ) ကို လွန်မြောက်ပြီး သော မြတ်စွာဘုရားတို့သည် အား (ဆယ်ပါး) နှင့် ပြည့်စုံကုန်၏ဟု (မိန့်တော်မူ၏)။

ထိုအခါ ယုတ်မာသော မာရ်နတ်သည် “မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏”ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ် ၌ပင်လျှင် ကွယ်ပျောက်လေ၏။