သံယုတ္တနိကာယ်—၄

၂—ဒုတိယဝဂ်

၄—ပတိရူပသုတ်

၁၅ဝ။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလတိုင်း ပုဏ္ဏားရွာ ဇရပ်တစ်ဆောင်၌ (သီတင်း သုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် လူပရိသတ်များစွာ ခြံရံလျက် တရားဟောတော်မူ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်အား “ဤရဟန်းဂေါတမသည် လူပရိသတ်များစွာ ခြံရံလျက် တရားဟော၏၊ ငါသည် (လူပရိသတ်တို့၏) ပညာမျက်စိကို ဖျက်ဆီးခြင်းငှါ ရဟန်းဂေါတမထံသို့ ချဉ်းကပ်ရမူကား ကောင်းလေစွ”ဟု အကြံ ဖြစ်၏၊ ထိုအခါ ယုတ်မာသော မာနတ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို၏—

“သင်သည် သူတစ်ပါးအား ဆိုဆုံးမဘိ၏၊ သူတစ်ပါးအား ဆိုဆုံးမခြင်းသည် သင့်အား မလျောက်ပတ်၊ ထိုတရားဟောမှုကို ပြုကျင့်သော သင်သည် လိုက်လျောခြင်း ‘ရာဂ’ ဆန့်ကျင်ခြင်း ‘ဒေါသ’တို့၌ မကပ်ငြိစေလင့်”ဟု (ရွတ်ဆို၏)။

မြတ်စွာဘုရားသည် ဝေနေယျတို့၏ အစီးအပွားကို လိုလားသည်ဖြစ်၍ သူတစ် ပါးတို့အား ဆုံးမတော်မူ၏၊ မြတ်စွာဘုရားသည် လိုက်လျောခြင်း ‘ရာဂ’ ဆန့်ကျင်ခြင်း ‘ဒေါသ’တို့မှ လွတ်တော်မူ၏ဟု (မိန့်တော်မူ၏)။

ထိုအခါ ယုတ်မာသော မာရ်နတ်သည် “မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏”ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။