သံယုတ္တနိကာယ်—၄

၂—ဒုတိယဝဂ်

၇—ဆဖဿာယတနသုတ်

၁၅၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလိီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် တွေ့ထိမှုခြောက်ပါးတို့၏ စုဝေးရာ ‘ဖဿာယတန’တို့ကို အကြောင်းပြု၍ ရဟန်းတို့အား တရားစကားဖြင့် အကျိုးစီးပွားကို ကောင်းစွာ ပြလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏၊ ထိုရဟန်းတို့သည်လည်း အရိုအသေ ပြုကာ နှလုံးသွင်းကုန်၍ အလုံးစုံသော စိတ်ဖြင့် ကောင်းစွာ ဆောင်ကုန်၍ နားစိုက်ကုန်လျက် တရားနာကုန်၏။

ထိုအခါ ယုတ်မာသော မာရ်နတ်အား “ဤရဟန်းဂေါတမသည် တွေ့ထိမှုခြောက်ပါးတို့၏ စုဝေးရာ ‘ဖဿာယတန’တို့ကို အကြောင်းပြု၍ ရဟန်းတို့အား တရားစကားဖြင့် အကျိုးစီးပွားကို ကောင်းစွာ ပြလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏၊ ထိုရဟန်းတို့သည်လည်း အရိုအသေ ပြုကာ နှလုံးသွင်းကုန်၍ အလုံးစုံသော စိတ်ဖြင့် ကောင်းစွာ ဆောင်ကုန်၍ နားစိုက်ကုန်လျက် တရားနာကုန်၏၊ ငါသည် (ပရိသတ်၏) ပညာမျက်စိကို ဖျက်ဆီးခြင်းငှါ ရဟန်းဂေါတမ ထံသို့ ချဉ်းကပ်ရမူ ကောင်းလေစွ”ဟု အကြံ ဖြစ်၏၊ ထို့နောက် ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရား၏ မနီးမဝေး၌ မြေပြိုသကဲ့သို့ ကြောက်မက်ဖွယ် အသံကြီးကို ပြု၏။

ထိုအခါ ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးအား “ရဟန်း ရဟန်း ဤမြေ ပြိုသကဲ့သို့ ထင်ရ၏”ဟု ဆို၏၊ ဤသို့ ဆိုသော် မြတ်စွာဘုရားသည် ထိုရဟန်းအား ဤစကားကို မိန့်တော်မူ၏— “ရဟန်း ဤ သည်ကား မြေပြိုသည် မဟုတ်၊ ဤသည်ကား ယုတ်မာသော မာရ်နတ်သည် သင်တို့၏ ပညာမျက်စိကို ဖျက်ဆီးခြင်းငှါ လာ၏”ဟု ဆို၏၊ ထိုအခါ မြတ်စွာဘုရားသည် ဤသူကား ယုတ်မာသော မာရ်နတ်တည်းဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဂါထာဖြင့် ရွတ်ဆိုတော်မူ၏—

“အလုံးစုံကုန်သော အဆင်း ‘ရူပါရုံ’တို့သည်လည်းကောင်း၊ အသံ ‘သဒ္ဒါရုံ’တို့သည်လည်းကောင်း၊ အနံ့ ‘ဂန္ဓာရုံ’တို့သည်လည်းကောင်း၊ အရသာ ‘ရသာရုံ’တို့သည်လည်းကောင်း၊ အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’တို့သည်လည်းကောင်း၊ သဘောတရား ‘ဓမ္မာရုံ’တို့သည်လည်းကောင်း ရှိကုန်၏။ ဤအာရုံခြောက်ပါးသည် လောက၏ သုံးဆောင်ဖွယ် ‘အာမိသ’ မည်၏၊ ကြမ်းတမ်းလှ၏၊ ဤအာရုံခြောက်ပါးတို့၌ လူအပေါင်းသည် နစ်မြုပ်၏။

သတိနှင့် ပြည့်စုံသော မြတ်စွာဘုရား၏ တပည့်သည် ဤအာရုံခြောက်ပါးကိုလည်းကောင်းစွာ လွန်မြောက်၍ မာရ်၏ တည်ရာ (တေဘူမိကဝဋ်) ကို လွန်လျက် နေမင်း ကဲ့သို့ တင့်တယ်၏”ဟု မိန့်ဆိုတော်မူ၏။

ထိုအခါ ယုတ်မာသော မာရ်နတ်သည်။ပ။ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။