သံယုတ္တနိကာယ်—၄

၂—ဒုတိယဝဂ်

၉—ကဿကသုတ်

၁၅၅။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား နိဗ္ဗာန်နှင့် စပ်သော တရား စကားဖြင့် ကောင်းစွာ ပြလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်း စေတော်မူ၏၊ ထိုရဟန်းတို့သည်လည်း အရိုအသေ ပြုကာ နှလုံးသွင်းကုန်၍ အလုံးစုံသော စိတ်ဖြင့် ကောင်းစွာ ဆောင်ကုန်၍ နားစိုက် ကုန်လျက် တရားနာကုန်၏။

ထိုအခါ ယုတ်မာသော မာရ်နတ်အား “ဤရဟန်းဂေါတမသည် ရဟန်းတို့အား နိဗ္ဗာန်နှင့် စပ်သော တရားစကားဖြင့်။ပ။ ငါသည် ရဟန်း (ပရိသတ်၏) ပညာမျက်စိကို ဖျက်ဆီးခြင်းငှါ ရဟန်းဂေါတမထံသို့ ချဉ်းကပ်ရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏၊ ထို့နောက် ယုတ်မာသော မာရ်နတ်သည် လယ်သမားအသွင် ဖန်ဆင်း၍ ကြီးစွာသော ထွန်တုံးကို ပခုံး၌ ထမ်းလျက် နှင်တံရှည်ကို ကိုင်ကာ ဖရိုဖရဲ ကျသော ဆံပင် ရှိသည် ဖြစ်၍ ပိုက်ဆံလျှော် ပုဆိုးကို ဝတ်လျက် ညွန်အလိမ်းလိမ်း ကပ်ကုန်သော ခြေတို့ဖြင့် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားအား “ရဟန်း နွားတို့ကို မြင်လိုက်ပါ၏လော”ဟု ဤစကားကို လျှောက်၏၊ မာရ်နတ်ယုတ် သင့်အား နွားတို့ဖြင့် အဘယ် အကျိုးရှိအံ့နည်းဟု မိန့်တော်မူ၏။

ရဟန်း ငါ့အားသာလျှင် မျက်စိသည် ရှိ၏၊ ငါ့အား ရူပါရုံတို့သည် ရှိကုန်၏၊ ငါ့အား မျက်စိဖြင့် တွေ့ထိအပ်သော ဝိညာဏ်၏ တည်ရာစုဝေးရာ ‘စက္ခုသမ္ဖဿဝိညာဏာယတန’သည် ရှိ၏၊ ရဟန်း သင်သည် အဘယ်အရပ်သို့ သွား၍ ငါ၏ နယ်ပယ်မှ လွတ်အံ့နည်း။ ရဟန်း ငါ့အားသာလျှင် နားသည် ရှိ၏၊ ငါ့အား သဒ္ဒါရုံတို့သည် ရှိကုန်၏။ပ။ ရဟန်း ငါ့အားသာလျှင် နှာခေါင်းသည် ရှိ၏၊ ငါ့အား ဂန္ဓာရုံတို့သည် ရှိကုန်၏၊ ရဟန်း ငါ့အားသာလျှင် လျှာသည် ရှိ၏၊ ငါ့အား ရသာရုံတို့သည် ရှိကုန်၏။ ရဟန်း ငါ့အား သာလျှင် ကိုယ်သည် ရှိ၏၊ ငါ့အား ဖောဋ္ဌဗ္ဗာရုံတို့သည် ရှိကုန်၏၊ ရဟန်း ငါ့အားသာလျှင် စိတ်သည် ရှိ၏၊ ငါ့အား ဓမ္မာရုံတို့သည် ရှိကုန်၏၊ ငါ့အား စိတ်ဖြင့် တွေ့ထိအပ်သော ဝိညာဏ်၏ တည်ရာစုဝေးရာ ‘မနောသမ္ဖဿဝိညာဏာယတန’ သည် ရှိ၏၊ ရဟန်း သင်သည် အဘယ်အရပ်သို့ သွား၍ ငါ၏ (နယ်ပယ်မှ) လွတ်အံ့နည်းဟု (လျှောက်၏)။

မာရ်နတ်ယုတ် မျက်စိသည် သင့်အားသာလျှင် ရှိသည် ဖြစ်ပါစေ၊ ရူပါရုံတို့သည် သင့်အား ရှိသည် ဖြစ်ပါစေကုန်၊ မျက်စိဖြင့် တွေ့ထိအပ်သော ဝိညာဏ်၏ တည်ရာစုဝေးရာသည် သင့်အား ရှိသည် ဖြစ်ပါစေ၊ မာရ်နတ်ယုတ် အကြင်အရပ်၌ မျက်စိသည် မရှိ၊ ရူပါရုံတို့သည် မရှိကုန်၊ မျက်စိဖြင့် တွေ့ထိအပ်သော ဝိညာဏ်၏ တည်ရာစုဝေးရာသည် မရှိ၊ မာရ်နတ်ယုတ် ထိုအရပ်၌ သင့်အား ရောက်ခြင်းသည် မရှိ။ မာရ်နတ်ယုတ် နားသည် သင့်အားသာလျှင် ရှိသည် ဖြစ်ပါစေ၊ သဒ္ဒါရုံတို့သည် သင့်အား ရှိသည် ဖြစ်ပါ စေကုန်၊ နားဖြင့် တွေ့ထိအပ်သော ဝိညာဏ်၏ တည်ရာစုဝေးရာသည် သင့်အား ရှိသည် ဖြစ်ပါစေ၊ မာရ်နတ်ယုတ် အကြင်အရပ်၌ နားသည် မရှိ၊ သဒ္ဒါရုံတို့သည် မရှိကုန်၊ နားဖြင့် တွေ့ထိအပ်သော ဝိညာဏ်၏ တည်ရာစုဝေးရာသည် မရှိ၊ မာရ်နတ်ယုတ် ထိုအရပ်၌ သင့်အား ရောက်ခြင်းသည် မရှိ။ မာရ်နတ်ယုတ် နှာခေါင်းသည် သင့်အားသာလျှင် ရှိသည် ဖြစ်ပါစေ၊ ဂန္ဓာရုံတို့သည် သင့်အား ရှိသည် ဖြစ်ပါစေကုန်၊ နှာခေါင်းဖြင့် တွေ့ထိအပ်သော ဝိညာဏ်၏ တည်ရာစုဝေးရာသည် သင့်အား ရှိသည် ဖြစ်ပါ စေ၊ မာရ်နတ်ယုတ် အကြင်အရပ်၌ နှာခေါင်းသည် မရှိ၊ ဂန္ဓာရုံတို့သည် မရှိကုန်၊ နှာခေါင်းဖြင့် တွေ့ထိ အပ်သော ဝိညာဏ်၏ တည်ရာစုဝေးရာသည် မရှိ၊ မာရ်နတ်ယုတ် ထိုအရပ်၌ သင့်အား ရောက်ခြင်းသည် မရှိ။ မာရ်နတ်ယုတ် လျှာသည် သင့်အားသာလျှင် ရှိသည် ဖြစ်ပါစေ၊ ရသာရုံတို့သည် သင့်အား ရှိသည် ဖြစ်ပါစေကုန်၊ လျှာဖြင့် တွေ့ထိအပ်သော ဝိညာဏ်၏ တည်ရာစုဝေးရာသည် သင့်အား ရှိသည် ဖြစ်ပါစေ။ပ။ မာရ်နတ်ယုတ် ကိုယ်သည် သင့်အားသာလျှင် ရှိသည် ဖြစ်ပါစေ၊ ဖောဋ္ဌဗ္ဗာရုံတို့သည် သင့်အား ရှိသည် ဖြစ်ပါစေကုန်၊ ကိုယ်ဖြင့် တွေ့ထိအပ်သော ဝိညာဏ်၏ တည်ရာစုဝေးရာသည် သင့်အား ရှိသည် ဖြစ်ပါစေ။ပ။ မာရ်နတ်ယုတ် စိတ်သည် သင့်အားသာလျှင် ရှိသည် ဖြစ်ပါစေ၊ ဓမ္မာရုံတို့သည် သင့်အား ရှိသည် ဖြစ်ပါစေကုန်၊ စိတ်ဖြင့် တွေ့ထိအပ်သော ဝိညာဏ်၏ တည်ရာစုဝေးရာသည် သင့်အား ရှိသည် ဖြစ်ပါစေ။ မာရ်နတ်ယုတ် အကြင်အရပ်၌ စိတ်သည် မရှိ၊ ဓမ္မာရုံတို့သည် မရှိကုန်၊ စိတ်ဖြင့် တွေ့ထိအပ်သော ဝိညာဏ်၏ တည်ရာစုဝေးရာသည် မရှိ၊ မာရ်နတ်ယုတ် ထိုအရပ်၌ သင့်အား ရောက်ခြင်းသည် မရှိဟု မိန့်တော်မူ၏။

ရဟန်း အကြင်ပုဂ္ဂိုလ်တို့သည် အကြင်ဥစ္စာကို ‘ဤဥစ္စာသည် ငါ၏ ဥစ္စာတည်း’ဟု ဆိုကုန်၏၊ ‘ငါ၏ သိမ်းဆည်းသော ဥစ္စာတည်း’ဟု ဆိုကုန်၏၊ ထိုသူတို့၏ ဤ ပြောဆိုသော အရာတို့၌ သင်၏ စိတ်သည် အကယ်၍ ရှိသည် ဖြစ်အံ့၊ သင်သည် ငါ၏ (နယ်ပယ်မှ) လွတ်လိမ့်မည် မဟုတ်ဟု (လျှောက်၏)။

မာရ်နတ်ယုတ် အကြင်သူတို့သည် အကြင်ရွှေငွေစသော ဥစ္စာကို ‘ငါ၏ ဥစ္စာ’ဟု ဆိုကုန်၏၊ ထိုသူတို့၏ ထိုဥစ္စာမျိုးသည် ငါ့အား မရှိ။ အကြင်သူတို့သည် ဤသို့ ပြောဆိုကုန်၏၊ ထိုသို့ ပြောဆိုသူတို့သည် ငါ မဟုတ်။ ငါ၏ သွားရာ ခရီးကိုလည်း သင် မမြင်နိုင်၊ မာရ်နတ်ယုတ် ဤသို့ သိလော့ဟု (မိန့်တော်မူ၏)။

ထိုအခါ ယုတ်မာသော မာရ်နတ်သည်။ပ။ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။