သံယုတ္တနိကာယ်—၄

၁—ပဌမဝဂ်

၂—ဟတ္တိရာဇဝဏ္ဏသုတ်

၁၃၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် — အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ် တော်မူပြီး၍ ရှေးဦးစွာ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းနား အဇပါလညောင်ပင်ရင်း၌ (သီတင်းသုံး) နေ တော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် အလွန်မှောင်မိုက်သော ညဉ့်အချိန် လွင်တီးခေါင်၌ ထိုင်နေတော်မူ၏၊ မိုးသည်လည်း တစ်ပေါက်တစ်ပေါက် ဆွတ်ဖျန်း၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားအား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍ ကြီးစွာသော ဆင်မင်း အသွင်ကို ဖန်ဆင်းလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လေ၏၊ ထိုဆင်၏ ဦးခေါင်းသည် ‘မည်းနက်သော ကျောက်တုံးကြီးကဲ့သို့’ ဖြစ်၏၊ ထိုဆင်၏ အစွယ်တို့သည် ‘ငွေစင်ကဲ့သို့’ ဖြစ်ကုန်၏၊ ထိုဆင်၏ နှာမောင်း သည် ‘ထွန်တုံးကြီးကဲ့သို့’ ဖြစ်၏၊ ထိုအခါ မြတ်စွာဘုရားသည် ဤသူကား ယုတ်မာသော မာရ်နတ်တည်းဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဂါထာဖြင့် မိန့်တော်မူ၏—

“ယုတ်မာသော မာရ်နတ် ကောင်းသောအဆင်း မကောင်းသောအဆင်းကို သင် ပြုလုပ်ခဲ့၍ ရှည်စွာသော သံသရာခရီးသို့ လာခဲ့ရ၏၊ မာရ်နတ် ထိုသို့ ပြုခြင်းဖြင့် သင့်အား အကျိုးမရှိ၊ ဟယ် မာရ်နတ်ယုတ် သင်ကား ရှုံးလေပြီ”ဟု (မိန့်တော်မူ၏)။

ထိုအခါ ယုတ်မာသော မာရ်နတ်သည် “မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏”ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။