သံယုတ္တနိကာယ်—၄

၂—ဒုတိယဝဂ်

၁ဝ—ရဇ္ဇသုတ်

၁၅၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလတိုင်း ဟိမဝန္တာအရပ် တောကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်၍ တစ်ပါးတည်း ကိန်းအောင်းတော်မူသော မြတ်စွာဘုရားအား “ကိုယ်တိုင်လည်း မသတ်၊ သူတစ်ပါးကိုလည်း မသတ်စေ၊ သူတစ်ပါးဥစ္စာ ဆုံးရှုံးခြင်းကို ကိုယ်တိုင်လည်း မပြု၊ သူတစ်ပါးကိုလည်း မပြုစေ၊ ကိုယ်တိုင်လည်း မပူဆွေး၊ သူတစ်ပါးကိုလည်း မပူဆွေးစေဘဲ တရားသဖြင့် မင်းပြုရန် တတ်နိုင်အံ့လော”ဟု ဤသို့သော စိတ်အကြံ ဖြစ်၏။

ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရား၏ စိတ်အကြံကို မိမိ၏ စိတ်ဖြင့် သိ၍ မြတ်စွာဘုရားအား ချဉ်းကပ်လျက် မြတ်စွာဘုရားအား— “အသျှင်ဘုရား မြတ်စွာဘုရားသည် ကိုယ်တိုင်လည်း့မသတ်၊ သူတစ်ပါးကိုလည်း မသတ်စေ၊ သူတစ်ပါးဥစ္စာ ဆုံးရှုံးခြင်းကို ကိုယ်တိုင်လည်း မပြု၊ သူတစ်ပါး ကိုလည်း မပြုစေ၊ ကိုယ်တိုင်လည်း မပူဆွေး၊ သူတစ်ပါးကိုလည်း မပူဆွေးစေဘဲ တရားသဖြင့် မင်းပြု တော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် မင်းပြုတော်မူပါလော့”ဟု ဆို၏၊ မာရ်နတ်ယုတ် သင်သည် ငါ့ကို “အသျှင်ဘုရား မြတ်စွာဘုရားသည် ကိုယ်တိုင်လည်း မသတ်၊ သူတစ်ပါးကိုလည်း မသတ်စေ၊ သူတစ်ပါးဥစ္စာ ဆုံးရှုံးခြင်းကို ကိုယ်တိုင်လည်း မပြု၊ သူတစ်ပါးကိုလည်း မပြုစေ၊ ကိုယ်တိုင်လည်း မပူဆွေး၊ သူတစ်ပါးကိုလည်း မပူဆွေးစေဘဲ တရားသဖြင့် မင်းပြုတော်မူပါ လော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် မင်းပြုတော်မူပါလော့”ဟူသော ယင်းစကားကို ဆို၏၊ သင်သည် ငါ့အား အဘယ်ကို မြင်၍ ဆိုသနည်းဟု (မိန့်တော်မူ၏)၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွားများအပ်ကုန်၏၊ ကြိမ်ဖန်များစွာ ပြုအပ်ကုန်၏၊ ယာဉ်ကဲ့သို့ ပြုအပ်ကုန်၏၊ တည်ရာကဲ့သို့ ပြုအပ်ကုန်၏၊ အစဉ်တည်ကုန်၏၊ ဆည်းပူးအပ်ကုန်၏၊ ကောင်းစွာ အား ထုတ်အပ်ကုန်၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် အလိုရှိတော်မူလတ်သော် ဟိမဝန္တာတောင်မင်းကို ရွှေဟု နှလုံးသွင်းလျှင် ရွှေဖြစ်ရာ၏၊ ဤသို့ မြင်ပါ၏ဟု လျှောက်၏။

တောင်တစ်တောင်လုံးသည် ကောင်းသော အဆင်းရှိသော ရွှေတောင် ဖြစ်နိုင်ရာ၏။ (တစ်ခုသော တောင်ကား ရှိစေဦးတော့) နှစ်ဆကြီးသော ရွှေတောင်ကြီးသော်လည်း တစ်ဦးတစ်ယောက်သော ပုဂ္ဂိုလ်အား (အလိုပြည့်အောင်) မစွမ်းနိုင်ရာဟု သိ၍ လျော်စွာ ကျင့်ရာ၏။

အကြင်သတ္တဝါသည် အကြင် (ကာမဂုဏ်) အကြောင်းကြောင့် ဆင်းရဲကို မြင်၏၊ ထိုသတ္တဝါသည် ကာမဂုဏ်တို့၌ အဘယ့်ကြောင့် ညွတ်ရအံ့နည်း၊ လောက၌ ဥပဓိကို ငြိတွယ်တတ်သော တရားဟု သိ၍ ထိုဥပဓိကို ပယ်ဖျောက်ခြင်းငှါသာလျှင် ကျင့်ရာ၏ဟု (မိန့်တော်မူ၏)။

ထိုအခါ ယုတ်မာသော မာရ်နတ်သည် “မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏”ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။

ဒုတိယဝဂ်ပြီး၏။