သံယုတ္တနိကာယ်—၄

၃—တတိယဝဂ်

၁—သမ္ဗဟုလသုတ်

၁၅၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကျောက်တံတိုင်းအကာအရံရှိသော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရား၏ မနီးမဝေး၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်အပ် သော စိတ်ရှိကုန်သည် ဖြစ်၍ နေကုန်၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် ပုဏ္ဏားအသွင်ကို ဖန်ဆင်းကာ ကြီးမားစွာ ဆံကျစ်ထုံးလျက် သစ်နက်ရေ ဝတ်ရုံပြီးလျှင် အိုမင်းရကား အိမ်အခြင်ကဲ့သို့ ကိုင်းသည်, ဃုရု ဃုရုဟု ရှူသော ဝင်သက်ရှိသည်ဖြစ်၍ ရေသဖန်းသားတောင်ဝှေးကို ကိုင်ပြီးလျှင် ထို ရဟန်းများထံသို့ ချဉ်းကပ်လျက် ထိုရဟန်းတို့အား ဤစကားကို ဆို၏— “အသျှင်တို့ သင်တို့ ရဟန်းပြု ကုန်သည်ကား ငယ်ကုန်သေး၏၊ ပျိုနုကုန်သေး၏၊ မည်းနက်သော ဆံပင်ရှိကုန်သေး၏၊ ပဌမအရွယ်အားဖြင့် အရွယ်ကောင်းနှင့် ပြည့်စုံကုန်သေး၏၊ ကာမဂုဏ်တို့၌ ကစားမြူးထူးလေ့ မပျောက်ကုန်သေး၊ အသျှင်တို့သည် လူ၌ ဖြစ်သော ကာမဂုဏ်တို့ကို ခံစားကြကုန်ဦးလော့၊ မျက်မှောက်ကာမဂုဏ်ကို စွန့်၍ နောက်၌ ဖြစ်မည့် နတ်ကာမဂုဏ်သို့ မလိုက်ကြကုန်လင့်”ဟု ဆို၏။

ပုဏ္ဏား ငါတို့သည် မျက်မှောက်ကာမဂုဏ်ကို စွန့်၍ နောက်၌ ဖြစ်မည့် နတ်ကာမဂုဏ်တို့ကို လိုက် ကြသည် မဟုတ်ကုန်၊ ပုဏ္ဏား ငါတို့သည် နောက်၌ ဖြစ်မည့် နတ်ကာမဂုဏ်ကို စွန့်၍ မျက်မှောက်၌့ (အရိယာမဂ်) အကျိုးသို့ လိုက်ကုန်၏။ မှန်၏၊ ပုဏ္ဏား နောက်၌ ဖြစ်မည့် နတ်ကာမဂုဏ်တို့ကို များသော ဆင်းရဲခြင်းရှိကုန်၏၊ များသော ပင်ပန်းခြင်းရှိကုန်၏ဟူ၍ မြတ်စွာဘုရား ဟောတော်မူအပ်ကုန်၏၊ ကာမဂုဏ်တို့၌ အပြစ်သည် များလှ၏၊ ဤအရိယာမဂ်တရားသည်ကား ကိုယ်တိုင် မြင်နိုင်သော တရားဖြစ်၏၊ အခါ မလင့် အကျိုးပေး၏၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်၏၊ မိမိ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ထားထိုက်၏၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိထိုက်၏ဟု ဆိုသည် ရှိသော် ယုတ်မာသော မာရ်နတ်သည် ဦးခေါင်းကို ညိတ်၍ လျှာထုတ်လျက် နဖူး၌ အရေးသုံးကြောင်း ထစေပြီးလျှင် တောင်ဝှေးထောက်၍ ဖဲ သွား၏။

ထိုအခါ ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကုန်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏ — “အသျှင်ဘုရား အကျွန်ုပ်တို့သည် မြတ်စွာဘုရား၏ မနီးမဝေးသော အရပ်၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန် သို့ စေလွှတ်သော စိတ်ရှိကုန်သည် ဖြစ်၍ နေပါကုန်၏၊ အသျှင်ဘုရား ထိုအခါ ပုဏ္ဏားတစ်ယောက်သည် ကြီးမားစွာ ဆံကျစ်ထုံးလျက် သစ်နက်ရေကို ဝတ်ရုံပြီးလျှင် အိုမင်းရကား အိမ်အခြင်ကဲ့သို့ ကိုင်းသည်, ဃုရု ဃုရုဟု ရှူသော ဝင်သက်ရှိသည်ဖြစ်၍ ရေသဖန်းသားတောင်ဝှေးကို ကိုင်ပြီးလျှင် အကျွန်ုပ်တို့ထံသို့ ချဉ်းကပ်လျက် အကျွန်ုပ်တို့အား ဤစကားကို ဆိုပါ၏၊ ‘အသျှင်တို့ သင်တို့ ရဟန်းပြုကုန်သည်ကား ငယ်ကုန်သေး၏၊ ပျိုနုကုန်သေး၏၊ မည်းနက်သောဆံပင် ရှိကုန်သေး၏၊ ပဌမအရွယ်အားဖြင့် အရွယ် ကောင်းနှင့် ပြည့်စုံကုန်သေး၏၊ ကာမဂုဏ်တို့၌ ကစားမြူးထူးလေ့ မပျောက်ကုန်သေး၊ အသျှင်တို့သည် လူ၌ ဖြစ်သော ကာမဂုဏ်တို့ကို ခံစားကြကုန်ဦးလော့၊ မျက်မှောက်ကာမဂုဏ်ကို စွန့်၍ နောက်၌ ဖြစ်မည့် နတ်ကာမဂုဏ်သို့ မလိုက်ကြကုန်လင့်’ဟု ဆိုပါသည်။

အသျှင်ဘုရား ဤသို့ ဆိုသည်ရှိသော် အကျွုန်ုပ်တို့သည် ထိုပုဏ္ဏားအား ဤစကားကို ဆိုကြပါ ကုန်၏ — ‘ပုဏ္ဏား ငါတို့သည် မျက်မှောက်ကာမဂုဏ်ကို စွန့်၍ နောက်၌ ဖြစ်မည့် နတ်ကာမဂုဏ်သို့ လိုက် ကြသည် မဟုတ်ကုန်၊ ပုဏ္ဏား ငါတို့သည် နောက်၌ ဖြစ်မည့် နတ်ကာမဂုဏ်ကို စွန့်ကုန်၍ မျက်မှောက် ဖြစ်သော အရိယာမဂ်အကျိုးသို့ လိုက်ကုန်၏။ ပုဏ္ဏား မှန်၏၊ နောက်၌ ဖြစ်မည့် နတ်ကာမဂုဏ်တို့ကို များသော ဆင်းရဲခြင်းရှိကုန်၏၊ များသော ပင်ပန်းခြင်းရှိကုန်၏ဟူ၍ မြတ်စွာဘုရား ဟောတော်မူအပ်ကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်သည် များလှ၏၊ ဤ (အရိယာမဂ်) တရားသည်ကား ကိုယ်တိုင် မြင်နိုင်သော တရား ဖြစ်၏၊ အခါမလင့် အကျိုးပေးတတ်၏၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်၏၊ မိမိတို့ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ထားထိုက်၏၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိထိုက်သည် ဖြစ်၏’ဟု ဆိုကြပါ ကုန်၏။ အသျှင်ဘုရား ဤသို့ ဆိုသည်ရှိသော် ထိုပုဏ္ဏားသည် ဦးခေါင်းကို ညိတ်၍ လျှာထုတ်လျက် နဖူး၌ အရေးသုံးကြောင်း ထစေပြီးလျှင် တောင်ဝှေးထောက်၍ ဖဲသွားပါသည်”ဟု လျှောက်ကုန်၏။

ရဟန်းတို့ ဤသူသည်ကား ပုဏ္ဏား မဟုတ်၊ ဤသူကား ယုတ်မာသော မာရ်နတ်တည်း၊ သင်တို့၏ ပညာမျက်စိကို ဖျက်ဆီးခြင်းငှါ လာ၏ဟု မိန့်တော်မူ၏၊ ထိုအခါ၌ မြတ်စွာဘုရားသည် ထိုအကြောင်းကို သိ၍ ထိုအချိန်အခါ၌ ဤဂါထာကို ရွတ်ဆိုတော်မူ၏—

“အကြင်သတ္တဝါသည် အကြင် (ကာမဂုဏ်) ငါးပါး အကြောင်းကြောင့် ဆင်းရဲကို မြင်၏၊ ထိုသတ္တဝါသည် ကာမဂုဏ်တို့၌ အဘယ့်ကြောင့် ညွတ်ရအံ့နည်း၊ လောက၌ ဥပဓိကို ငြိတွယ်တတ်သော တရားဟု သိ၍ ထိုဥပဓိကို ပယ်ဖျောက်ခြင်းငှါသာလျှင် ကျင့်ရာ၏”ဟု (ရွတ်ဆိုတော်မူ၏)။