သံယုတ္တနိကာယ်—၄

၃—တတိယဝဂ်

၂—သမိဒ္ဓိသုတ်

၁၅၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကျောက်တံတိုင်းအကာအရံရှိသော ကျောင်း၌့ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ၌ အသျှင်သမိဒ္ဓိသည် မြတ်စွာဘုရား၏ မနီးမဝေး၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေ၏၊ ထိုအခါ ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်လျက် တစ်ပါးတည်း ကိန်းအောင်းနေသော အရှင်သမိဒ္ဓိအား— “အကြင်ငါ၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူ၏၊ ငါ့အား အရတော်လေစွတကား၊ ငါသည် ကောင်းစွာ ရအပ်ပေစွတကား။ ဤသို့ ကောင်းစွာ ဟောတော်မူအပ်သော သာသနာတော်၌ ရဟန်းပြုရသော ငါ့အား အရတော်လေစွတကား၊ ငါ့အား ကောင်းစွာ ရအပ်ပေစွတကား။ ငါ၏ သီတင်းသုံးဖော်တို့သည် သီလရှိကုန်၏၊ ကောင်းသော သဘောရှိကုန်၏၊ ငါ့အား အရတော်လေစွတကား၊ ငါ့အား ကောင်းစွာ ရအပ်ပေစွတကား”ဟု စိတ်အကြံ ဖြစ်၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် အရှင်သမိဒ္ဓိ၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိ၍ အရှင်သမိဒ္ဓိ ထံသို့ ချဉ်းကပ်လျက် အရှင်သမိဒ္ဓိ၏ မနီးမဝေး၌ မြေပြိုသကဲ့သို့ ကြောက်မက်ဖွယ် အသံကြီးကို ပြု၏။

ထိုအခါ၌ အရှင်သမိဒ္ဓိသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ — “အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ မနီးမဝေးသောအရပ်၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ် အပ်သော စိတ်ရှိသည် ဖြစ်၍ နေပါ၏၊ အသျှင်ဘုရား ဆိတ်ငြိမ်ရာအရပ်သို့ ကပ်၍ တစ်ယောက်တည်း ကိန်းအောင်းနေသော အကျွန်ုပ်အား— ‘အကြင်ငါ၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ပူဇော်အထူး ကို ခံတော်မူထိုက်၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူ၏၊ ငါ့အား အရတော်စွ တကား၊ ငါ့အား ကောင်းစွာ ရအပ်ပေစွတကား၊ ဤသို့ ကောင်းစွာ ဟောတော်မူအပ်သော သာသနာ တော်၌ ရဟန်းပြုရသော ငါ့အား အရတော်စွတကား၊ ငါ့အား ကောင်းစွာ ရအပ်ပေစွတကား။ ငါ၏ သီတင်းသုံးဖော်တို့သည် သီလရှိကုန်၏၊ ကောင်းသော သဘောရှိကုန်၏၊ ငါ့အား အရတော်စွတကား၊ ငါ့အား ကောင်းစွာ ရအပ်ပေစွတကား’ဟု စိတ်အကြံ ဖြစ်ပါ၏၊ အသျှင်ဘုရား ထိုအကျွန်ုပ်အနီး၌ မြေပြို သကဲ့သို့ ကြောက်မက်ဖွယ်ရှိသော အသံကြီးသည် ဖြစ်ပါသည်”ဟု လျှောက်၏။

သမိဒ္ဓိ ဤသည်ကား မြေပြိုသည် မဟုတ်၊ ဤသည်ကား ယုတ်မာသော မာရ်နတ်တည်း၊ သင်၏ ပညာမျက်စိကို ဖျက်ဆီးခြင်းငှါ လာ၏၊ သမိဒ္ဓိ သင်သည် သွားလေ၊ ထိုအရပ်၌ပင်လျှင် မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေလော့ဟု (မိန့်တော်မူ၏)၊ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အရှင်သမိဒ္ဓိသည် မြတ်စွာဘုရားအား ဝန်ခံ၍ နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေ ပြု၍ ဖဲသွားလေ၏၊ နှစ်ကြိမ်မြောက်လည်း အရှင်သမိဒ္ဓိသည် ထိုအရပ်၌ ပင်လျှင် မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍နေ၏၊ နှစ်ကြိမ်မြောက်လည်း ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်သည် ဖြစ်၍ တစ်ပါးတည်း ကိန်းအောင်းနေသော အရှင်သမိဒ္ဓိအား။ပ။ နှစ်ကြိမ်မြောက်လည်း ယုတ်မာသော မာရ်နတ်သည် အရှင်သမိဒ္ဓိ၏ စိတ်အကြံကို မိမိ စိတ်ဖြင့် သိ၍။ပ။ မြေပြိုသကဲ့သို့ ကြောက်မက်ဖွယ် အသံကြီး ဖြစ်၏၊ ထိုအခါ အရှင်သမိဒ္ဓိသည် ယုတ်မာ သော မာရ်နတ်ကို ဂါထာဖြင့် ရွတ်ဆို၏—

“ငါသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ သဒ္ဓါတရားဖြင့် ဝင်ရောက် (ရဟန်းပြု)၏။ ငါသည် သတိကိုလည်းကောင်း၊ ပညာကိုလည်းကောင်း သိအပ်၏။ စိတ်ကိုလည်းကောင်းစွာ ဆောက်တည်အပ်၏၊ (ကြောက်မက်ဖွယ်သော) ရုပ်အဆင်းတို့ကို အလိုရှိတိုင်း ပြုလော့၊ ငါ့ကို တုန်လှုပ်စေနိုင်လိမ့်မည် မဟုတ်”ဟု ရွတ်ဆို၏။

ထိုအခါ၌ ယုတ်မာသော မာရ်နတ်သည် “သမိဒ္ဓိရဟန်းသည် ငါ့ကို သိ၏”ဟု ဆင်းရဲခြင်း နှလုံး မသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။