သံယုတ္တနိကာယ်—၄

၃—တတိယဝဂ်

၃—ဂေါဓိကသုတ်

၁၅၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်ဂေါဓိကသည် ဣသိဂိလိတောင်နံပါး မည်းနက်သော ကျောက်ဖျာ၌ နေ၏၊ ထိုအခါ၌ အသျှင်ဂေါဓိကသည် မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေလတ်သော် ဝင်စားတိုင်း ဝင်စားတိုင်း လောကီဈာန် သမာပတ်ကို ရ၏၊ ထိုသို့ပင်ရသော်လည်း အသျှင်ဂေါဓိကသည် ထိုဝင်စားတိုင်း ဝင်စားတိုင်း ရအပ်သော ထိုလောကီဈာန်သမာပတ်မှ လျှောကျ၏။

နှစ်ကြိမ်မြောက်လည်း အသျှင်ဂေါဓိကသည် မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ် အပ်သော စိတ်ရှိသည်ဖြစ်၍ နေလတ်သော် ဝင်စားတိုင်း ဝင်စားတိုင်း လောကီဈာန်သမာပတ်ကို ရ၏၊ နှစ်ကြိမ်မြောက်လည်း အသျှင်ဂေါဓိကသည် ထိုဝင်စားတိုင်း ဝင်စားတိုင်း ရအပ်သော ထိုလောကီ ဈာန်သမာပတ်မှ လျှောကျ၏။ သုံးကြိမ်မြောက်လည်းကောင်း၊ လေးကြိမ်မြောက်လည်းကောင်း၊ ငါးကြိမ် မြောက်လည်းကောင်း ဤအတူ ထိုဝင်စားတိုင်း ဝင်စားတိုင်း ရအပ်သော လောကီဈာန်သမာပတ်မှ လျှော ကျ၏။

ခြောက်ကြိမ်မြောက်လည်း အသျှင်ဂေါဓိကသည် မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေလတ်သော် ဝင်စားတိုင်း ဝင်စားတိုင်း လောကီဈာန်သမာပတ်ကို ရ၏၊ ခြောက်ကြိမ်မြောက်လည်း အသျှင်ဂေါဓိကသည် ထိုဝင်စားတိုင်း ဝင်စားတိုင်း ရအပ်သော ထိုလောကီ ဈာန်သမာပတ်မှ လျှောကျ၏၊ ခုနစ်ကြိမ်မြောက်လည်း အသျှင်ဂေါဓိကသည် မမေ့မလျော့ ပြင်းစွာ အား ထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ် အပ်သော စိတ်ရှိသည် ဖြစ်၍ နေလတ်သော် ဝင်စားတိုင်း ဝင်စားတိုင်း လောကီဈာန်သမာပတ်ကို ရ၏။

ထိုအခါ အသျှင်ဂေါဓိကအား ဤသို့သော အကြံသည် ဖြစ်၏ — “ငါသည် ခြောက်ကြိမ်မြောက်တိုင် အောင် ဝင်စားတိုင်း ဝင်စားတိုင်း ရအပ်သော လောကီဈာန်သမာပတ်မှ လျှောကျ၏၊ ငါသည် ဓားလက်နက်ကို ဆောင်၍ (သတ်သေရမူ) ကောင်းလေစွ”ဟု အကြံ ဖြစ်၏၊ ထိုအခါ မာရ်နတ်သည် အရှင်ဂေါဓိက၏ စိတ်အကြံကို မိမိ စိတ်ဖြင့် သိ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် မြတ်စွာဘုရားကို ဂါထာတို့ဖြင့် ရွတ်ဆိုလျှောက်ထား၏—

“ကြီးသော လုံ့လရှိတော်မူသော၊ ကြီးသော ပညာရှိတော်မူသော၊ တန်ခိုးဖြင့်လည်းကောင်း, အခြံအရံ (အကျော်အစော)ဖြင့်လည်းကောင်း ထွန်းပတော်မူသော၊ အလုံးစုံသော ဘေးရန်တို့ကို လွန်တော်မူသော၊ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား (အသျှင်ဘုရား၏) ခြေတော်တို့ကို ရှိခိုးပါ၏။

ကြီးသောလုံ့လရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရား၏ တပည့် (ဂေါဓိက) သည် သေခြင်းဖြင့် နှိပ်စက်ခြင်းရှိသည် ဖြစ်၍ သေခြင်းကို တောင့်တ၏၊ စေ့ဆော် လုံ့လပြု၏၊ ဘုန်းတန်ခိုးကို ဆောင်တော်မူသော မြတ်စွာဘုရား ထိုဂေါဓိကကို တားမြစ်တော်မူပါလော့။

မြတ်စွာဘုရား လူ၌ ထင်ရှားကျော်စော၍ သာသနာတော်၌ မွေ့လျော်သော အသျှင်ဘုရား၏ တပည့်သာဝကသည် အရဟတ္တဖိုလ်သို့ မရောက်မူ၍ ကျင့်ဆဲ သေက္ခသာ ဖြစ်လျက် အဘယ့်ကြောင့် သေရအံ့နည်း”ဟု လျှောက်၏။

ထိုအခါ အသျှင်ဂေါဓိကသည် ဓားလက်နက်ကို ဆောင်၍ အသက်ကို သတ်၏၊ ထိုအခါ မြတ်စွာဘုရားသည် “ဤသူကား ယုတ်မာသော မာရ်နတ်တည်း”ဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဂါထာဖြင့် ရွတ်ဆိုတော်မူ၏—

“အမြစ်အရင်းနှင့် တကွသော တပ်မက်မှု ‘တဏှာ’ကို နုတ်ပယ်၍ ဂေါဓိကသည် ပရိနိဗ္ဗာန်ပြု၏၊ ပညာရှိတို့သည် ဤသို့လျှင် ပြုကုန်၏၊ မိမိအသက်ကို အလိုမရှိ ကြကုန်”ဟု မိန့်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏ — “ရဟန်းတို့ ဂေါဓိက အမျိုးကောင်းသားသည် လက်နက်ကို ဆောင်၍ သေရာ ဣသိဂိလိတောင်နံပါး မည်းနက်သော ကျောက်ဖျာသို့ သွားကြကုန်စို့”ဟု မိန့်တော်မူ၏၊ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံကြ ကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် များစွာသော ရဟန်းတို့နှင့်အတူ ဣသိဂိလိတောင်နံပါး မည်းနက်သော ကျောက်ဖျာသို့ ချဉ်းကပ်တော်မူလတ်သော် အဝေးမှသာလျှင် ညောင်စောင်း၌ ဦးခေါင်းလည်သော ကိုယ်ခန္ဓာရှိလျက် လဲနေသော အသျှင်ဂေါဓိကကို မြင်တော်မူသည် သာလျှင်တည်း၊ ထိုအခါ အခိုးကဲ့သို့ အမိုက် မှောင်ကဲ့သို့ ထင်သော အရာသည် အရှေ့အရပ်သို့ သွား၏၊ အနောက်အရပ်သို့ သွား၏၊ မြောက်အရပ်သို့ သွား၏၊ တောင်အရပ်သို့ သွား၏၊ အထက်သို့ သွား၏၊ အောက်သို့ သွား၏၊ အထောင့်အရပ်သို့ သွား၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏ — “ရဟန်းတို့ အခိုးကဲ့သို့ အမိုက်မှောင် ကဲ့သို့ ထင်၍ အရှေ့အရပ် အနောက်အရပ် မြောက်အရပ် တောင်အရပ် အထက်အရပ် အောက်အရပ် အထောင့်အရပ်သို့ သွားသော ထိုအရာကို မြင်ကြကုန်၏လော”ဟု မိန့်တော်မူ၏၊ အသျှင်ဘုရား မြင်ပါကုန်၏ဟု လျှောက်ကြကုန်၏၊ ရဟန်းတို့ ဤအရာသည်ကား မာရ်နတ်တည်း၊ ဤမာရ်နတ်သည်— “အဘယ် အရပ်၌ ဂေါဓိကအမျိုးကောင်းသား၏ ပဋိသန္ဓေဝိညာဏ် တည်လေသနည်း”ဟု ဂေါဓိကအမျိုးကောင်းသား၏ ပဋိသန္ဓေဝိညာဏ်ကို ထက်ဝန်းကျင်မှ ရှာမှီး၏၊ ရဟန်းတို့ ပဋိသန္ဓေဝိညာဏ်ဖြင့် မတည်ခြင်းကြောင့် ဂေါဓိကအမျိုးကောင်းသားသည် ပရိနိဗ္ဗာန်ပြုလေပြီဟု မိန့်တော်မူ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် ဥသျှစ်သီးမှည့်ကဲ့သို့ ဖျော့တော့သော အဆင်းရှိသော စောင်းကို ယူ၍ မြတ်စွာဘုရားထံသို့ ချဉ်း ကပ်လျက် မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို၏—

“အထက်သို့လည်းကောင်း၊ အောက်သို့လည်းကောင်း၊ ဖီလာအရပ်သို့လည်းကောင်း၊ တူရူအရပ်သို့လည်းကောင်း၊ အထောင့်အရပ်သို့လည်းကောင်း ရှာမှီးသော ထိုအကျွန်ုပ်သည် ‘ထိုဂေါဓိက အဘယ်အရပ်သို့ သွားသည်’ဟု မတွေ့မြင်ရပါ”ဟု ရွတ်ဆို၏။

မြဲမြံသော ပညာရှိသော တည်ကြည်ခြင်းနှင့် ပြည့်စုံသော အကြင်ဂေါဓိကသည် နေ့ညဉ့်ပတ်လုံး အားထုတ်သော လုံ့လရှိသည်ဖြစ်၍ ဈာန်ဝင်စားလေ့ရှိ၏၊ အခါ ခပ်သိမ်း ဈာန်၌ မွေ့လျော်၏၊ မိမိ အသက်ရှည်ခြင်းကိုပင် အလိုမရှိ။

ထိုဂေါဓိကသည် သေမင်း၏ စစ်သည်ကို အောင်ပြီး၍ တစ်ဖန်ဘဝသစ်သို့ မပြန် လည်မူ၍ အဝိဇ္ဇာနှင့် တကွသော တပ်မက်မှု ‘တဏှာ’ကို နုတ်ပယ်လျက် ပရိနိဗ္ဗာန် ပြုလေပြီဟု (မိန့်တော်မူ၏)။

ပူဆွေးခြင်းဖြင့် နှိပ်စက်အပ်သော ထိုမာရ်နတ်၏ လက်ကတီးမှ စောင်းသည် လျှောကျလေ၏၊ ထို့နောက်မှ ထိုမာရ်နတ်သည် နှလုံးမသာသည် ဖြစ်၍ ထိုအရပ်၌ ပင်လျှင် ကွယ်ပျောက်လေ၏။