သံယုတ္တနိကာယ်—၄

၃—တတိယဝဂ်

၄—သတ္တဝဿာနုဗန္ဓသုတ်

၁၆ဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်း အဇပါလညောင်ပင်ရင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အခွင့်ကို စောင့်မျှော်နေ သော ယုတ်မာသော မာရ်နတ်သည် အခွင့်ကို မရသည် ဖြစ်၍ ခုနစ်နှစ်တို့ပတ်လုံး မြတ်စွာဘုရားသို့ အစဉ်လိုက်၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို၏—

“သင်သည် ဥစ္စာပစ္စည်း ဆုံးရှုံးသောကြောင့် ပူဆွေးခြင်းသို့ သက်ဝင်သည်ဖြစ်၍ တော၌ ကြံမှိုင်နေသလော၊ ထိုသို့မဟုတ်မူ ဥစ္စာကို တောင့်တလျက် ကြံမှိုင်နေသ လော၊ ရွာ၌ တစ်စုံတစ်ရာ မကောင်းမှုကို ပြုမိသလော၊ အဘယ့်ကြောင့် လူ အပေါင်းနှင့် အဆွေခင်ပွန်းဖွဲ့ခြင်းကို မပြုသနည်း၊ သင့်အား တစ်စုံတစ်ခုသော အကြောင်းကြောင့် အဆွေခင်ပွန်း မပြည့်စုံသလော”ဟု ရွတ်ဆို၏။

မာရ်နတ် ငါဘုရားသည် ပူဆွေးခြင်း၏ အလုံးစုံသော အမြစ်ကို တူး၍ အပြစ်မရှိ ပူဆွေးခြင်း မရှိဘဲ ဈာန်ဝင်စား၏၊ အလုံးစုံသော ဘဝ၌ လိုချင်မှု ‘လောဘ’ဟု ဆိုအပ်သော တဏှာကို ဖြတ်ပြီးလျှင် အာသဝေါ ကင်းသည်ဖြစ်၍ ဈာန်ဝင်စား၏ဟု (မိန့်တော်မူ၏)။

ရဟန်း အကြင်ပုဂ္ဂိုလ်တို့သည် အကြင်ဥစ္စာတို့ကို ‘ဤဥစ္စာသည် ငါ၏ ဥစ္စာ တည်း’ဟု ဆိုကုန်၏၊ ‘ငါ၏ သိမ်းဆည်းသော ဥစ္စာတည်း’ဟူ၍လည်း ဆိုကုန်၏၊ ထိုသူတို့၏ ပြောဆိုသော အရာတို့၌ သင်၏ စိတ်သည် အကယ်၍ ရှိသည် ဖြစ်အံ့၊ သင်သည် ငါ၏ (နယ်ပယ်မှ) မလွတ်လတ္တံ့ဟု (ရွတ်ဆို၏)။

မာရ်နတ် အကြင်သူတို့သည် အကြင်ရွှေငွေစသော ဥစ္စာတို့ကို ‘ငါ၏ ဥစ္စာ’ဟု ဆိုကုန်၏၊ ထိုသူတို့၏ ထိုဥစ္စာမျိုးသည် ငါ့အား မရှိ။ အကြင်သူတို့သည် ဤသို့ ပြောဆိုကုန်၏၊ ထိုပြောဆိုသူတို့သည် ငါ မဟုတ်။ ငါ၏ သွားရာခရီးကိုလည်း သင် မမြင်နိုင်၊ မာရ်နတ်ယုတ် ဤသို့ သိလော့ဟု (မိန့်တော်မူ၏)။

နိဗ္ဗာန်သို့ သွားသောသူတို့၏ ဘေးမရှိသော ခရီးသို့ အစဉ်လိုက်သည် ဖြစ်ခဲ့အံ့၊ ဖဲလေလော့၊ သင်တစ်ယောက်တည်းသာ သွားလေလော့၊ အဘယ့်ကြောင့် သူတစ်ပါး ကို ဆုံးမလိုသနည်းဟု ဆို၏။

တစ်ဖက်ကမ်း (နိဗ္ဗာန်) သို့ သွားလိုကုန်သော အကြင်သူတို့သည် သေမင်း၏ တည်ရာ မဟုတ်သော (နိဗ္ဗာန်) ကို မေးကုန်၏၊ အကြင်နိဗ္ဗာန်သည် အမှန်ရှိ၏၊ ဥပဓိမရှိသော ထိုနိဗ္ဗာန်ကို အမေးခံရသော ငါသည် ထိုသူတို့အား ဟောကြား၏ဟု မိန့်တော်မူ၏။

အသျှင်ဘုရား ဥပမာသော်ကား ရွာ၏လည်းကောင်း၊ နိဂုံး၏လည်းကောင်း မနီးမဝေး၌ ရေကန် ရှိ၏။ ထိုရေကန်၌ ပုစွန်ရှိရာ၏၊ အသျှင်ဘုရား ထိုအခါ၌ များစွာကုန်သော ယောကျာ်းပျိုတို့သည်လည်းကောင်း၊ မိန်းမပျိုတို့သည်လည်းကောင်း ထိုရွာမှလည်းကောင်း၊ ထိုနိဂုံးမှလည်းကောင်း ထွက်ကုန်၍ ထို ရေကန်သို့ ချဉ်းကပ်ကုန်ပြီးလျှင် ထိုပုစွန်ကို ရေမှ ထုတ်၍ ကြည်းကုန်း၌ ထားကုန်၏။ အသျှင်ဘုရား ထိုပုစွန်သည် လက်မကိုသာလျှင် အထက်သို့မူလည်း ထောင်ငြားအံ့၊ ထိုသို့ထောင်သော လက်မကိုသာလျှင် ထိုယောကျာ်းပျိုတို့သည်လည်းကောင်း၊ ထိုမိန်းမပျိုတို့သည်လည်းကောင်း သစ်သားဖြင့်လည်းကောင်း၊ ကျောက်စရစ်အိုးခြမ်းဖြင့်လည်းကောင်း ဖြတ်မူလည်း ဖြတ်ကုန်ရာ၏၊ ချိုးမူလည်း ချိုးကုန်ရာ၏၊ ဖဲ့မူလည်း ဖဲ့ကုန်ရာ၏။ အသျှင်ဘုရား ဤသို့ ပြုသည် ရှိသော် ထိုပုစွန်သည် ပြတ်ကုန်ပြီးသော ချိုးကုန်ပြီးသော ဖဲ့ကုန်ပြီးသော အလုံးစုံသော လက်မတို့ဖြင့် ထိုရေကန်သို့ သက်ဆင်းခြင်းငှါ မထိုက်။ အသျှင်ဘုရား ဤဥပမာအတူသာလျှင် ဆန့်ကျင်သဖြင့် မှီဝဲအပ်ကုန်သော တုန်လှုပ်စေအပ်ကုန်သော အလုံးစုံကုန်သော မာရ်၏ တံကျင်ဟူသမျှတို့ကို မြတ်စွာဘုရားသည် ဖြတ်အပ်ကုန်၏၊ ချိုးအပ်ကုန်၏၊ ဖဲ့အပ်ကုန်၏၊ အသျှင် ဘုရား အကျွန်ုပ်သည် ယခုအခါ၌ အခွင့်ကို စောင့်မျှော်လင့်လျက် တစ်ဖန် မြတ်စွာဘုရားကို ချဉ်းကပ်ခြင်း ငှါ မထိုက်သည်သာလျှင်တည်းဟု (လျှောက်၏)။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရား၏ အထံ၌ ဤငြီးငွေ့ဖွယ် ဂါထာတို့ကို ရွတ်ဆို၏—

“ကျီးသည် အဆီခဲနှင့် တူသော အဆင်းရှိသော ကျောက်ကို (မြင်၍ ငါသည်) ဤဝတ္ထု၌ နူးညံ့ခြင်းကို ရတန်ရာ၏၊ သာယာခြင်းသည် ဖြစ်တန်ရာ၏ဟု အစဉ် လိုက်၍ ချဉ်းကပ်ငြားအံ့။

ကျီးသည် ထိုကျောက်၌ သာယာခြင်းကို မရသည်ဖြစ်၍ ထိုကျောက်မှ ဖဲသွား၏။ ထို့အတူ ကျီးနှင့် တူသော အကျွန်ုပ်သည် ကျောက်နှင့် တူသော အသျှင်ဂေါတမသို့ ချဉ်းကပ်ပြီး၍ အသျှင်ဂေါတမထံမှ ဖဲသွားတော့အံ့”ဟု (ရွတ်ဆို၏)။