သံယုတ္တနိကာယ်—၄

၃—တတိယဝဂ်

၅—မာရဓီတုသုတ်

၁၆၁။ ထိုအခါ၌ မာရ်နတ်သည် မြတ်စွာဘုရား၏ အထံတော်၌ ဤငြီးငွေ့ဖွယ်ဂါထာတို့ကို ရွတ်ဆိုပြီး လျှင် ထိုအရပ်မှ ဖဲ၍ မြတ်စွာဘုရား၏ မနီးမဝေးမြေ၌ ထက်ဝယ် ဖွဲ့ခွေသဖြင့် ဆိတ်ဆိတ် နေလျက် မျက်နှာ မသာမယာ လည်ပင်း ငိုက်စိုက် မျက်နှာ အောက်ချသည် ဖြစ်၍ ကြံမှိုင်လျက် စကား မဆိုဘဲ သစ်သားဖြင့် မြေကြီးကို ရေးခြစ်လျက် ထိုင်နေ၏၊ ထိုအခါ တဏှာ , အရတိ , ရဂါဟူသော မာရ်နတ်၏ သမီးသုံးယောက်တို့သည် ယုတ်မာသော မာရ်နတ်ထံသို့ ချဉ်းကပ်၍ မာရ်နတ်ကို ဂါထာဖြင့် ရွတ်ဆို ပြော ကြားကြကုန်၏—

“ဖခင် အဘယ့်ကြောင့် နှလုံးမသာ ဖြစ်သနည်း၊ အဘယ်ပုဂ္ဂိုလ်ကို ကြံစည်ပါသ နည်း၊ အကျွန်ုပ်တို့သည် တောဆင်ကို ဆောင်သကဲ့သို့ ထိုပုဂ္ဂိုလ်ကို ရာဂကျော့ကွင်းဖြင့် နှောင်ဖွဲ့၍ ဆောင်ပါကုန်အံ့၊ သင်၏ အလိုသို့ လိုက်ရသည် ဖြစ်ပါလတ္တံ့”ဟု ပြောကြားကုန်၏။

လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားကို ရာဂဖြင့် ဆောင်ရန် မလွယ်ကူ၊ မာရ်၏ တည်ရာကို လွန်၏၊ ထို့ကြောင့် ငါသည် ပြင်းစွာ ပူဆွေး၏”ဟု (ရွတ်ဆို၏)။

ထိုအခါ၌ တဏှာ , အရတိ , ရဂါဟူသော မာရ်နတ်၏ သမီးတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ် ကုန်၍ မြတ်စွာဘုရားအား “ရဟန်း အကျွန်ုပ်တို့သည် သင်၏ ခြေရင်း၌ လုပ်ကျွေးပါကုန်အံ့”ဟု လျှောက် ကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် ဥပဓိ၏ ကုန်ရာ အတုမဲ့နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ကိလေသာမှ လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’ စိတ် ရှိသည် ဖြစ်၍ (ယင်းစကားကို) နှလုံးမသွင်း။

ထိုအခါ၌ တဏှာ , အရတိ , ရဂါဟူသော မာရ်နတ်၏ သမီးတို့သည် တစ်ခုသော နေရာသို့ ဖဲကုန်၍ ဤသို့ အညီအညွတ် ကြံကြကုန်၏— “ယောကျာ်းတို့၏ အလိုဆန္ဒသည် အထူးထူးအပြားပြား ရှိကုန်၏၊ ငါတို့သည် တစ်ယောက်လျှင် တစ်ရာစီတစ်ရာစီ မိန်းမပျိုသဏ္ဌာန် တစ်ရာစီကို ဖန်ဆင်းရမူကား ကောင်း လေစွ”ဟု အကြံ ဖြစ်ကုန်၏၊ ထို့နောက် တဏှာ , အရတိ , ရဂါဟူသော မာရ်နတ်၏ သမီးတို့သည် တစ်ယောက်လျှင် တစ်ရာစီတစ်ရာစီ မိန်းမပျိုသဏ္ဌာန် တစ်ရာစီကို ဖန်ဆင်း၍ မြတ်စွာဘုရားထံသို့ ချဉ်း ကပ်ကုန်ပြီးလျှင် မြတ်စွာဘုရားအား “ရဟန်း အကျွန်ုပ်တို့သည် သင်၏ ခြေရင်း၌ လုပ်ကျွေးပါကုန်အံ့”ဟု လျှောက်ကုန်၏၊ မြတ်စွာဘုရားသည် ဥပဓိ၏ ကုန်ရာဖြစ်သော အတုမဲ့နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ကိလေသာမှ လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’စိတ် ရှိသည် ဖြစ်၍ (ယင်းစကားကို) နှလုံးမသွင်း။

ထိုအခါ၌ တဏှာ, အရတိ , ရဂါဟူသော မာရ်နတ်၏ သမီးတို့သည် တစ်ခုသော နေရာသို့ ဖဲကုန်၍ ဤသို့ အညီအညွတ် ကြံကြကုန်၏— “စင်စစ် ယောကျာ်းတို့၏ အလို့တို့သည် အထူးထူးအပြားပြား ရှိ ကုန်၏၊ ငါတို့သည် တစ်ယောက်လျှင် တစ်ရာစီတစ်ရာစီ သားမဖွားသေးသော မိန်းမသဏ္ဌာန် တစ်ရာစီ ဖန်ဆင်းရကုန်မူကား ကောင်းလေစွ”ဟု အကြံ ဖြစ်ကြကုန်၏၊ ထို့နောက် တဏှာ , အရတိ , ရဂါဟူသော မာရ်နတ်၏ သမီးတို့သည် တစ်ယောက်လျှင် တစ်ရာစီတစ်ရာစီ သားမဖွားသေးသော မိန်းမသဏ္ဌာန် တစ်ရာစီ ဖန်ဆင်း၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်လျက် မြတ်စွာဘုရားအား “ရဟန်း အကျွန်ုပ်တို့ သည် သင်၏ ခြေရင်း၌ လုပ်ကျွေးပါကုန်အံ့”ဟု လျှောက်ကုန်၏၊ မြတ်စွာဘုရားသည် ဥပဓိ၏ ကုန်ရာဖြစ် သော အတုမဲ့နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ကိလေသာမှ လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’စိတ် ရှိသည် ဖြစ်၍ (ယင်းစကားကို) နှလုံးမသွင်း။

ထိုအခါ၌ တဏှာသည်လည်းကောင်း။ပ။ ငါတို့သည် တစ်ယောက်လျှင် တစ်ရာစီတစ်ရာစီ တစ်ကြိမ် သားဖွားပြီးသော မိန်းမသဏ္ဌာန် တစ်ရာစီကို ဖန်ဆင်းရကုန်မူကား ကောင်းလေစွဟု ကြံကြကုန်၏၊ ထို့နောက် တဏှာသည်လည်းကောင်း။ပ။ တစ်ကြိမ်သားဖွားပြီးသော မိန်းမသဏ္ဌာန် တစ်ရာစီ ဖန်ဆင်း၍့မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်လျက် မြတ်စွာဘုရားအား “ရဟန်း အကျွန်ုပ်တို့သည် သင်၏ ခြေရင်း၌ လုပ်ကျွေးပါကုန်အံ့”ဟု လျှောက်ကြကုန်၏၊ မြတ်စွာဘုရားသည် ဥပဓိ၏ ကုန်ရာဖြစ်သော အတုမဲ့နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ကိလေသာမှ လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’စိတ် ရှိသည် ဖြစ်၍ (ယင်းစကားကို) နှလုံးမသွင်း။

ထိုအခါ၌ တဏှာသည်လည်းကောင်း။ပ။ ငါတို့သည် တစ်ယောက်လျှင် တစ်ရာစီ တစ်ရာစီ သား နှစ်ယောက် မွေးဖွားသော မိန်းမသဏ္ဌာန် တစ်ရာစီကို ဖန်ဆင်းရကုန်မူကား ကောင်းလေစွဟု အကြံ ဖြစ် ကြကုန်၏၊ ထို့နောက် သားနှစ်ယောက် မွေးဖွားသော မိန်းမသဏ္ဌာန် တစ်ရာစီ ဖန်ဆင်း၍ မြတ်စွာဘုရား ထံသို့။ပ။ ဥပဓိ၏ ကုန်ရာဖြစ်သော အတုမဲ့နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ကိလေသာမှ လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’စိတ် ရှိသည် ဖြစ်၍ (ယင်းစကားကို) နှလုံးမသွင်း။

ထိုအခါ၌ တဏှာသည်လည်းကောင်း။ပ။ မိန်းမလတ်သဏ္ဌာန် တစ်ရာစီ ဖန်ဆင်းရကုန်မူကား ကောင်းလေစွဟု ကြံကြကုန်၏၊ ထို့နောက် တဏှာသည်လည်းကောင်း။ပ။ မိန်းမလတ်သဏ္ဌာန် တစ်ရာစီ ဖန်ဆင်း၍။ပ။ ဥပဓိ၏ ကုန်ရာဖြစ်သော အတုမဲ့နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ကိလေသာမှ လွတ်မြောက် မှု ‘အရဟတ္တဖိုလ်’စိတ် ရှိသည် ဖြစ်၍ (ယင်းစကားကို) နှလုံးမသွင်း။

ထိုအခါ၌ တဏှာသည်လည်းကောင်း။ပ။ မိန်းမကြီးသဏ္ဌာန် တစ်ရာစီ ဖန်ဆင်းရကုန်မူကား ကောင်းလေစွဟု ကြံကြကုန်၏၊ ထို့နောက် တဏှာသည်လည်းကောင်း။ပ။ မိန်းမကြီးသဏ္ဌာန် တစ်ရာစီ ဖန်ဆင်း၍ မြတ်စွာဘုရားထံသို့။ပ။ ဥပဓိ၏ ကုန်ရာဖြစ်သော အတုမဲ့နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ကိလေသာမှ လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’စိတ် ရှိသည် ဖြစ်၍ (ယင်းစကားကို) နှလုံးမသွင်း။

ထိုအခါ တဏှာ , အရတိ , ရဂါဟူသော မာရ်နတ်၏ သမီးတို့သည် တစ်ခုသော အရပ်သို့ ဖဲကုန်၍ ဤစကားကို ဆိုကုန်၏—

လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော ကောင်းသောစကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရားကို ရာဂဖြင့် ဆောင်ရန် မလွယ်ကူ၊ မာရ်၏ တည်ရာကို လွန်၏၊ ထို့ကြောင့် ‘ငါသည် ပြင်းစွာ ပူဆွေး၏’ဟု ငါတို့၏ အဖသည် မှန်သော စကားကို ဆို၏။

မှန်၏၊ ငါတို့သည် မကင်းသော ရာဂရှိသော အကြင်သမဏကိုလည်းကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း ဤကြိုးစားမှုဖြင့် ကြိုးစားကုန်ငြားအံ့၊ ထိုသမဏဗြာဟ္မဏ၏ နှလုံးသည်မူလည်း ကွဲရာ၏၊ ခံတွင်းမှ သွေးပူသည်မူလည်း အန်ရာ၏၊ ရူးသွပ်ခြင်းသို့မူလည်း ရောက်ရာ၏၊ စိတ်ပျံ့လွင့်ခြင်းသို့မူလည်း ရောက်ရာ၏၊ ရိတ်ထားသော စိမ်းသော ကျူသည် ခြောက်သွေ့ ညှိုးနွမ်းသကဲ့သို့ ဤအတူသာလျှင် ခြောက်သွေ့ ညှိုးနွမ်းရာ၏ဟု (ဆိုကုန်၏)။

ထို့နောက် တဏှာ , အရတိ , ရဂါဟူသော မာရ်နတ်၏ သမီးတို့သည် မြတ်စွာဘုရားထံသို့ ချဉ်း ကပ်ကုန်၍ တစ်ခုသော နေရာ၌ ရပ်တည်ကုန်ပြီးသော် တဏှာမည်သော မာရ်နတ်၏ သမီးသည် မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆိုလျှောက်ထား၏—

“သင်သည် ဥစ္စာပစ္စည်း ဆုံးရှုံးသောကြောင့် ပူဆွေးခြင်းသို့ သက်ဝင်သည်ဖြစ်၍ တော၌ ကြံမှိုင်နေသလော၊ ထိုသို့မဟုတ်မူ ဥစ္စာကို တောင့်တလျက် ကြံမှိုင်နေသ လော၊ ရွာ၌ တစ်စုံတစ်ရာ မကောင်းမှုကို ပြုမိသလော၊ အဘယ့်ကြောင့် လူ အပေါင်းနှင့် အဆွေခင်ပွန်း ဖွဲ့ခြင်းကို မပြုသနည်း၊ သင့်အား တစ်စုံတစ်ခုသော အကြောင်းကြောင့် အဆွေခင်ပွန်း မပြည့်စုံသလော”ဟု ရွတ်ဆို၏။

ချစ်ခင်ဖွယ်, သာယာဖွယ်သဘောဟု ဆိုအပ်သော (ကိလေသာ) စစ်သည်ကို အောင် ပြီး၍ တစ်ယောက်တည်း ဈာန်ဝင်စားလေ့ရှိသော ငါသည် အကျိုးစီးပွားသို့ ရောက် သော စိတ်နှလုံး၏ ငြိမ်းချမ်းခြင်းရှိသော (အရဟတ္တဖိုလ်) ချမ်းသာကို သိတော်မူပြီ၊ ထို့ကြောင့် လူအပေါင်းနှင့် အဆွေခင်ပွန်းဖွဲ့ခြင်းကို မပြု၊ ငါ့အား တစ်စုံတစ်ယောက် နှင့်မျှ အဆွေခင်ပွန်း မဖြစ်ဟု (မိန့်တော်မူ၏)။

ထို့နောက် အရတိမည်သော မာရ်နတ်၏ သမီးသည်လည်း မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏—

“အဘယ်မည်သော နေခြင်းဖြင့် များစွာနေသော ရဟန်းသည် ငါးဒွါရ၌ဖြစ်သော သြဃကို ကူးမြောက်၍ ခြောက်ခုမြောက် မနောဒွါရ၌ဖြစ်သော ကိလေသာအလျဉ်ကို ကူးမြောက်ပြီး ဖြစ်သနည်း၊ အဘယ်မည်သော ဈာန်ဖြင့် များစွာ ဝင်စားလေ့ရှိသော ထိုပုဂ္ဂိုလ်ကို ကာမသညာတို့သည် အခွင့် မရကုန်မူ၍ အပပြုကုန်သနည်း”ဟု ရွတ် ဆို၏။

ငြိမ်းပြီးသော ကိုယ်ရှိသော ကောင်းစွာ ကိလေသာမှ လွတ်သော စိတ်ရှိသော (ကံတို့သည်) မပြုပြင်အပ်သော သတိနှင့် ပြည့်စုံသော ကိလေသာ၏ တည်ရာ မဟုတ်သော ပုဂ္ဂိုလ်သည် သစ္စာလေးပါးတရားကို သိ၍ ကြံစည်မှု ‘ဝိတက်’ ကင်း သော စတုတ္ထဈာန်ဖြင့် နေလေ့ရှိ၏၊ အမျက် မထွက်၊ မအောက်မေ့၊ မထိုင်းမှိုင်း။

ဤသို့ နေခြင်းဖြင့် များစွာနေသော ရဟန်းသည် ငါးဒွါရ၌ ဖြစ်သော သြဃကို ကူးမြောက်၍ ခြောက်ခုမြောက် မနောဒွါရ၌ ဖြစ်သော ကိလေသာအလျဉ်ကို ကူး မြောက်ပြီး ဖြစ်၏၊ ဤသို့ စတုတ္ထဈာန်ဖြင့် များစွာ ဝင်စားလေ့ရှိသော ထိုပုဂ္ဂိုလ်ကို ကာမသညာတို့သည် အခွင့် မရကုန်မူ၍ အပပြုကုန်၏ဟု (မိန့်တော်မူ၏)။

ထို့နောက် ရဂါမည်သော မာရ်နတ်၏ သမီးသည်လည်း မြတ်စွာဘုရား၏ အထံ၌ ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏—

“မြတ်စွာဘုရားသည် တဏှာကို ဖြတ်တောက်ပြီး၍ ဂိုဏ်းသံဃာ့အလယ်၌ ကျက် စားတော်မူနေပါပေ၏၊ များစွာကုန်သော သဒ္ဓါတရားရှိကုန်သော တပည့်တို့သည်လည်း မချွတ်ဧကန် ကျင့်ကြကုန်လတ္တံ့၊ တဏှာအိမ်မရှိသော ဤမြတ်စွာဘုရားသည် မျာစွားစွာသော သတ္တဝါအပေါင်းကို သေမင်း၏ လက်တွင်းမှ လုယက်၍ နိဗ္ဗာန် တစ်ဖက်ကမ်းသို့ ပို့ဆောင်လတ္တံ့”ဟု (ရွတ်ဆို၏)။

ကြီးသော လုံ့လရှိကုန်သော မြတ်စွာဘုရားတို့သည် သူတော်ကောင်းတရားတို့ဖြင့် စင်စစ် ဆောင်ကုန်၏၊ တရားဖြင့် ဆောင်ကုန်သော ပညာရှိတို့အား ငြူစူခြင်း သည် အဘယ်အကျိုးရှိအံ့နည်းဟု (မိန့်တော်မူ၏)။

ထိုအခါ တဏှာ , အရတိ , ရဂါဟူသော မာရ်နတ်၏ သမီးတို့သည် မာရ်နတ်ထံသို့ ချဉ်းကပ်ကြ ကုန်၏။ ယုတ်မာသော မာရ်နတ်သည် တဏှာ , အရတိ , ရဂါဟူသော မာရ်နတ်သမီးတို့ လာသည်ကို အဝေးမှ မြင်သောကြောင့် ဂါထာတို့ဖြင့် ရွတ်ဆို၏—

“မိုက်ကုန်သော သင်တို့သည် ကြာရိုးတို့ဖြင့် တောင်ကို ရိုက်ခတ်ကြကုန်၏၊ တောင်ကို လက်သည်းဖြင့် တူးဖဲ့ကြကုန်၏၊ သံကို သွားတို့ဖြင့် ခဲစားကြကုန်၏။

ဦးခေါင်းဖြင့် ကျောက်ကို ရွက်၍ ထောက်တည်ရာ မရှိသော ရေဝဲ၌ ထောက် တည်ရာကို ရှာဘိသကဲ့သို့လည်းကောင်း၊ ရင်၌ သစ်ငုတ် ဆောင့်မိသကဲ့သို့လည်းကောင်း ဖြစ်ကုန်၏။ ထို့ကြောင့် ရဟန်းဂေါတမမှ ငြီးငွေ့၍ ဖဲကြကုန်လော့”ဟု (ရွတ်ဆို၏)။

တဏှာ , အရတိ , ရဂါတို့သည် ထွန်းတောက်ပသည် ဖြစ်၍ လာကုန်၏၊ ထိုသို့ လာရာ၌ လေသည် လဲဝါဂွမ်းကို မှုတ်လွှင့်သကဲ့သို့ မြတ်စွာဘုရားသည် ထို မာရ်နတ်၏ သမီးသုံးယောက်တို့ကို မှုတ်လွှင့် နှင်ထုတ်လေ၏။

တတိယဝဂ်ပြီး၏။

မာရသံယုတ်ပြီး၏။