သံယုတ္တနိကာယ်—၄

၁—ပဌမဝဂ်

၃—သုဘသုတ်

၁၃၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် — အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ် တော်မူပြီး၍ ရှေးဦးစွာ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းနား အဇပါလညောင်ပင်ရင်း၌ (သီတင်းသုံး) နေ တော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် အလွန်မှောင်မိုက်သော ညဉ့်အခါ လွင်တီးခေါင်၌ ထိုင်နေတော်မူ၏၊ မိုးသည်လည်း တစ်ပေါက်တစ်ပေါက် ဆွတ်ဖျန်း၏၊ ထိုအခါ၌ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရား အား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍ မြတ်စွာဘုရားထံသို့ ချဉ်း ကပ်လျက် မြတ်စွာဘုရား၏ မနီးမဝေးဝယ် အမြတ် အယုတ် တင့်တယ် မတင့်တယ်ဖြစ်ကုန်သော အဆင်း အရောင်တို့ကို ပြ၏၊ ထိုအခါ မြတ်စွာဘုရားသည် ဤသူကား ယုတ်မာသော မာရ်နတ်တည်းဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဂါထာတို့ဖြင့် မိန့်တော်မူ၏—

“ယုတ်မာသော မာရ်နတ် ကောင်းသောအဆင်း မကောင်းသောအဆင်းကို သင် ပြုလုပ်ခဲ့၍ ရှည်စွာသော သံသရာခရီးသို့ လာခဲ့ရ၏၊ မာရ်နတ် ထိုသို့ ပြုခြင်းဖြင့် သင့်အား အကျိုး မရှိ၊ ဟယ် မာရ်နတ်ယုတ် သင်ကား ရှုံးလေပြီ။

မာရ်နတ် အကြင်သူတို့သည် ကိုယ်နှုတ်စိတ်တို့ဖြင့် ကောင်းစွာ စောင့်စည်းကုန်၏၊ ထိုသူတို့သည် မာရ်နတ်အလိုသို့ မလိုက်ကုန်၊ ထိုသူတို့သည် မာရ်နတ်နှင့် စပ် သူတို့ မဖြစ်ကုန်”ဟု (မိန့်တော်မူ၏)။

ထိုအခါ မာရ်နတ်သည်။ပ။ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။