သံယုတ္တနိကာယ်—၄

၁—ပဌမဝဂ်

၄—ပဌမ မာရပါသသုတ်

၁၄ဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီ ပြည် ဣသိပတနမိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ မိန့်တော်မူ၏၊ “အသျှင်ဘုရား”ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ ငါဘုရားသည် သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကြောင့် သင့်လျော်သောအားဖြင့် ကောင်းစွာ လုံ့လပြုခြင်းကြောင့် လွန်မြတ်သော ကိလေသာမှ လွတ်ခြင်း (အရဟတ္တဖိုလ်) သို့ အစဉ်ရောက် တော်မူအပ်၏၊ လွန်မြတ်သော ကိလေသာမှ လွတ်ခြင်း (အရဟတ္တဖိုလ်) ကို မျက်မှောက်ပြုတော်မူအပ်၏၊ ရဟန်းတို့ သင်တို့သည်လည်း သင့်လျော်သောအားဖြင့် နှလုံးသွင်း၍ သင့်လျော်သောအားဖြင့် ကောင်းစွာ လုံ့လပြုကုန်၍ လွန်မြတ်သော ကိလေသာမှ လွတ်ခြင်း (အရဟတ္တဖိုလ်) သို့ ရောက်ကုန်လော့၊ လွန်မြတ် သော ကိလေသာမှ လွတ်ခြင်း (အရဟတ္တဖိုလ်) ကို မျက်မှောက်ပြုကြကုန်လော့ဟု မိန့်ဆိုတော်မူ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ဂါထာတို့ဖြင့် ရွတ်ဆို၏—

“နတ်၌ ဖြစ်ကုန်သော အကြင်ကျော့ကွင်းတို့သည်လည်းကောင်း၊ လူ၌ ဖြစ်ကုန် သော အကြင်ကျော့ကွင်းတို့သည်လည်းကောင်း ရှိကုန်၏။ ထိုမာရ်နတ်တည်းဟူသော ကျော့ကွင်းဖြင့် သင့်ကို နှောင်ဖွဲ့အပ်၏၊ မာရ်တည်းဟူသော အနှောင်အဖွဲ့၌ သင် မိနေ၏၊ ရဟန်း သင်သည် ငါ့နိုင်ငံမှ မလွတ်ရလတ္တံ့”ဟု ရွတ်ဆို၏။

ဟယ် မာရ်နတ်ယုတ် နတ်၌ ဖြစ်ကုန်သော အကြင်ကျော့ကွင်းတို့သည်လည်းကောင်း၊ လူ၌ ဖြစ်ကုန်သော အကြင်ကျော့ကွင်းတို့သည်လည်းကောင်း ရှိကုန်၏။ ငါသည် ထိုမာရ်တည်းဟူသော ကျော့ကွင်းမှ လွတ်မြောက်ပြီ၊ မာရ်မင်းအနှောင်အဖွဲ့မှ ငါ လွတ်မြောက်ပြီ၊ ဟယ် မာရ်နတ်ယုတ် သင်ကား ရှုံးလေပြီဟု မိန့်တော်မူ၏။

ထိုအခါ ယုတ်မာသော မာရ်နတ်သည်။ပ။ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။