သံယုတ္တနိကာယ်—၄

၁—ပဌမဝဂ်

၅—ဒုတိယ မာရပါသသုတ်

၁၄၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ၌ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ မိန့်တော်မူ၏၊ “အသျှင် ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ကုန်၏၊ မြတ်စွာဘုရားသည် ဤ စကားကို မိန့်တော်မူ၏—

ရဟန်းတို့ ငါဘုရားသည် နတ်လူတို့၌ ဖြစ်ကုန်သော ကိလေသာကျော့ကွင်းအားလုံးတို့မှ လွတ်ပြီ၊ ရဟန်းတို့ သင်တို့သည်လည်း နတ်လူတို့၌ ဖြစ်ကုန်သော ကိလေသာကျော့ကွင်းအားလုံးတို့မှ လွတ်ကြ ကုန်ပြီ၊ ရဟန်းတို့ များစွာသော လူတို့၏ အစီးအပွားဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ လောကကို စောင့်ရှောက် ရန်အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွားဖြစ်ခြင်းငှါ ချမ်းသာခြင်းအလို့ငှါ ဒေသစာရီ လှည့်လည်ကြကုန် လော့၊ ခရီးလမ်း တစ်ကြောင်းဖြင့် ရဟန်းနှစ်ပါး မသွားကြကုန်လင့်၊ ရဟန်းတို့ အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောကြကုန်လော့၊ အလုံးစုံ ထက်ဝန်းကျင် ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြကြကုန်လော့၊ ပညာမျက်စိ၌ ကိလေသာမြူ နည်းသော သဘောရှိကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ မကြားနာရခြင်းကြောင့် တရားတော်မှ ဆုတ်ယုတ်ကြကုန်၏၊ တရားတော်ကို သိလွယ်ကုန်သော သူတို့သည် ရှိကုန်လတ္တံ့၊ ရဟန်းတို့ ငါဘုရားသည်လည်း ဥရုဝေလတော, သေနာနိဂုံးသို့ တရားဟောရန် ချဉ်းကပ်တော်မူအံ့ဟု့ (မိန့်တော်မူ၏)၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားထံသို့ ချဉ်း ကပ်၍ မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို၏—

“နတ်၌ ဖြစ်ကုန်သော အကြင်ကျော့ကွင်းတို့သည်လည်းကောင်း၊ လူ၌ ဖြစ်ကုန် သော အကြင်ကျော့ကွင်းတို့သည်လည်းကောင်း ရှိကုန်၏။ ထိုကျော့ကွင်းတို့ဖြင့် သင့်ကို နှောင်ဖွဲ့အပ်၏၊ ကြီးစွာသော မာရ်မင်းအနှောင်အဖွဲ့၌ သင် မိနေ၏၊ ရဟန်း သင်သည် ငါ့နိုင်ငံမှ မလွတ်ရလတ္တံ့”ဟု ရွတ်ဆို၏။

ဟယ် မာရ်နတ်ယုတ် နတ်၌ ဖြစ်ကြကုန်သော အကြင်ကျော့ကွင်းတို့သည်လည်းကောင်း၊ လူ၌ ဖြစ်ကြကုန်သော အကြင်ကျော့ကွင်းတို့သည်လည်းကောင်း ရှိကုန်၏။ ငါဘုရားသည် ထိုကျော့ကွင်းအားလုံးတို့မှ လွတ်မြောက်ပြီ၊ ကြီးစွာသော မာရ်မင်း အနှောင်အဖွဲ့မှ ငါ လွတ်မြောက်ပြီ၊ ဟယ် မာရ်နတ်ယုတ် သင်ကား ရှုံးလေပြီဟု မိန့်တော်မူ၏။

ထိုအခါ ယုတ်မာသော မာရ်နတ်သည်။ပ။ ထိုအရပ်၌ပင် ကွယ်ပျောက်လေ၏။