သံယုတ္တနိကာယ်—၄

၁—ပဌမဝဂ်

၆—သပ္ပသုတ်

၁၄၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တိုကို အစာပေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် အလွန်မှောင်မိုက်သော ညဉ့်အချိန် လွင်တီးခေါင်၌ ထိုင်နေ၏၊ မိုးသည်လည်း တစ်ပေါက် တစ်ပေါက် ဆွတ်ဖြန်း၏။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားအား ကြောက်ခြင်း၊ ထိန့် လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍ ကြီးစွာသော မြွေမင်း၏ အသွင်ကို ဖန်ဆင်းလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏။ ထိုမြွေမင်း၏ ကိုယ်သည် ‘ကြီးစွာသော လုံးထွင်းလှေကဲ့သို့’ ဖြစ်၏၊ ထိုမြွေမင်း၏ ပါးပျဉ်းသည် ‘အရက်ချက်သမားတို့၏ ကြီးစွာသော မုန့်ညက်လှန်းဖျာကဲ့သို့’ ဖြစ်၏၊ ထိုမြွေ မင်း၏ မျက်စိတို့သည် ‘ကောသလမင်း၏ ကြေးခွက်ကြီးကဲ့သို့’ ဖြစ်၏၊ ထိုမြွေမင်း၏ လျှာတို့သည် မိုး ထစ်ချုန်းသောအခါ လျှပ်စစ် ပြက်သကဲ့သို့ ဖြစ်၏၊ ထိုမြွေမင်း၏ ထွက်သက်ဝင်သက် ရှူရှိုက်သံသည် ‘ပန်းပဲဖိုမှ လေမှုတ်သော (ဖိုထိုးသံ) ကဲ့သို့’ ဖြစ်၏။

ထိုအခါ မြတ်စွာဘုရားသည် ဤသူကား ယုတ်မာသော မာရ်နတ်တည်းဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဂါထာတို့ဖြင့် မိန့်တော်မူ၏—

“မိမိကိုယ်ကို စောင့်စည်းလျက် ကိန်းအောင်းရန် ဆိတ်ငြိမ်သော ကျောင်းသင်္ခမ်းတို့ကို မှီဝဲသော မြတ်စွာဘုရားသည် ထိုခန္ဓာကိုယ်အတ္တဘော၌ (တပ်မက်ခြင်းကို) စွန့်၍ ကျင့်၏၊ ထိုသို့သဘောရှိသော မြတ်စွာဘုရား၏ ထိုစွန့်၍ ကျင့်ခြင်းသဘော သည် လျောက်ပတ်သည်သာလျှင်တည်း။

များစွာသော အခြေလေးချောင်းရှိ သတ္တဝါတို့လည်းကောင်း၊ များစွာသော (သက်ရှိသက်မဲ့) ဘေးရန်တို့လည်းကောင်း၊ ထို့ပြင် များစွာသော ခြင်မြွေတို့လည်းကောင်း (ရှိကုန်၏)။

ဆိတ်ငြိမ်ရာ ကျောင်းသင်္ခမ်းသို့ ကပ်သော မြတ်စွာဘုရားသည် ထိုဘေးရန်ရှိရာ အရပ်တို့၌ မွေးညင်းမျှလည်း မတုန်လှုပ်။

ကောင်းကင် အမြွာမြွာ ကွဲစေကာမူ မြေကြီး တုန်လှုပ်စေကာမူ ထို့ပြင် သတ္တဝါ အားလုံးတို့ ထိတ်လန့်ကြောက်ရွံ့စေကာမူ ရင်ဝ၌ လှံကို ထိုးစိုက်စေကာမူ ဘုရား ရှင်တို့သည် ကိုယ်ခန္ဓာတို့၌ ခိုကိုးရာ မပြုကုန်”ဟု (မိန့်တော်မူ၏)။

ထိုအခါ ယုတ်မာသော မာရ်နတ်သည် “မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏”ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။