သံယုတ္တနိကာယ်—၄

၁—ပဌမဝဂ်

၇—သုပတိသုတ်

၁၄၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာပေး၍ မွေးရာဖြစ် သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် များစွာသော ညဉ့် ပတ်လုံး လွင်တီးခေါင်၌ စင်္ကြံ ကြွတော်မူလျက် ညဉ့်မိုးသောက်အချိန်၌ ခြေဆေးတော်မူ၍ ကျောင်းသို့ ဝင်တော်မူပြီးလျှင် (လက်ယာ) ခြေ၌ (လက်ဝဲ) ခြေကို စဉ်းငယ်လွန်ကာ တင်ထား၍ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိသည် ဖြစ်လျက် ထအံ့ဟူသော အမှတ်ကို နှလုံးသွင်းကာ လက်ယာနံတောင်းဖြင့် မြတ်သော လျောင်းစက်ခြင်းကို ပြုတော်မူ၏။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ဂါထာဖြင့် ရွတ်ဆို၏—

“သင် အဘယ်သို့ အိပ်သနည်း၊ အဘယ့်ကြောင့် အိပ်သနည်း၊ အသို့နည်း ဤ အိပ်ခြင်းသည် မိန်းမောသော သူကဲ့သို့ အိပ်ခြင်းလော၊ ဆိတ်ငြိမ်သော အိမ်ကို ရ၏ဟု အိပ်သလော၊ ဤအိပ်ခြင်းသည် နေထွက်သည့်တိုင်အောင် အိပ်ခြင်းလော”ဟု ရွတ်ဆို၏။

တစ်စုံတစ်ရာသော ဘဝသို့ ဆောင်ခြင်းငှါ အကြင်မြတ်စွာဘုရားအား ကွန်ရက် သဖွယ်ဖြစ်သော ငြိကပ်တတ်သော တပ်မက်မှု ‘တဏှာ’သည် မရှိ၊ ထိုမြတ်စွာဘုရား သည် အလုံးစုံသော တည်ရာ (ဥပဓိ)တို့ ကုန်ခြင်းကြောင့် အိပ်၏၊ မာရ်နတ် ဤ အရာ၌ သင့်အား (ငြူစူခြင်းသည်) အဘယ်အကျိုးရှိအံ့နည်းဟု မိန့်တော်မူ၏။

ထိုအခါ ယုတ်မာသော မာရ်နတ်သည်။ပ။ ထိုအရပ်၌ပင် ကွယ်ပျောက်လေ၏။