သံယုတ္တနိကာယ်—၄

၁—ပဌမဝဂ်

၉—ပဌမ အာယုသုတ်

၁၄၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာပေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ ခေါ်တော်မူ၏၊ “အသျှင်ဘုရား”ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

“ရဟန်းတို့ လူတို့၏ ဤအသက်သည် နည်း၏၊ တမလွန်ဘဝသို့ သွားရ၏၊ ကုသိုလ်ကို ပြုအပ်၏၊ မြတ်သော အကျင့်ကို ကျင့်အပ်၏၊ ပဋိသန္ဓေနေခြင်းရှိသော သူအား မသေခြင်း မည်သည် မရှိ၊ ရဟန်းတို့ ကြာမြင့်စွာ အသက်ရှင်သော သူသည် အနှစ်တစ်ရာဖြစ်စေ၊ အနှစ်တစ်ရာထက် အနည်းငယ် လွန်၍ ဖြစ်စေ အသက်ရှင်၏”ဟု မိန့်တော်မူ၏။

ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို၏—

“လူတို့၏ အသက်သည် ရှည်၏၊ ထိုအသက်ကို သူတော်ကောင်းသည် မကဲ့ရဲ့ရာ၊ ‘နို့ရည်ဖြင့် ယစ်သော သူငယ်ကဲ့သို့’ ကျင့်ရာ၏၊ သေမင်း၏ လာခြင်းသည် မရှိ”ဟု ရွတ်ဆို၏။

လူတို့၏ အသက်သည် နည်း၏၊ ထိုအသက်ကို သူတော်ကောင်းသည် ကဲ့ရဲ့ရာ၏၊ ‘ဦးခေါင်း၌ မီးလောင်သော ယောကျာ်းကဲ့သို့’ ကျင့်ရာ၏၊ သေမင်း၏ မရောက် မလာရာ အရပ်သည် မရှိနိုင်ဟု မိန့်တော်မူ၏။

ထိုအခါ မာရ်နတ်သည်။ပ။ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။