သံယုတ္တနိကာယ်—၄၁

၁—သံယောဇနသုတ်

၃၄၃။ အခါတစ်ပါး၌ များစွာသော မထေရ်ရဟန်းတို့သည် မစ္ဆိကာသဏ္ဍအရပ် ဝှေးပင်တော၌ (သီတင်းသုံး) နေကုန်၏၊ ထိုအခါ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကုန်၍ တန်ဆောင်းဝန်း၌ စုဝေးထိုင်နေကုန်သော များစွာကုန်သော မထေရ်ရဟန်းတို့အား “ငါ့သျှင်တို့ သံယောဇဉ်ဟူ၍လည်းကောင်း၊ သံယော ဇနိယတရားတို့ဟူ၍လည်းကောင်း ဤတရားတို့သည် အနက်ထူး သဒ္ဒါထူးရှိကုန်သလော၊ သို့မဟုတ် အ နက်တူ၍ သဒ္ဒါသာလျှင်ထူးသလော”ဟု ဤအကြားစကားသည် ဖြစ်ပေါ်၏။ ထိုအခါအချို့သော မထေရ် ရဟန်းတို့သည် “ငါ့သျှင်တို့ သံယောဇဉ်ဟူ၍လည်းကောင်း၊ သံယောဇနိယတရားတို့ဟူ၍လည်းကောင်း ဤ တရားတို့သည် အနက်လည်းထူးသဒ္ဒါလည်းထူးကုန်၏”ဟု ဤသို့ ဖြေဆိုကြကုန်၏၊ အချို့သော မထေရ် ရဟန်းတို့သည် “ငါ့သျှင်တို့သံယောဇဉ်ဟူ၍လည်းကောင်း၊ သံယောဇနိယတရားတို့ဟူ၍လည်းကောင်း ဤ တရားတို့သည်အနက်တူ၍ သဒ္ဒါသာလျှင် ထူး၏”ဟု ဖြေဆိုကြကုန်၏။

ထိုအခါ စိတ္တသူကြွယ်သည် မိဂပထရွာငယ်သို့ တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် ရောက်လာ၏။

ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကုန်၍ တန်ဆောင်းဝန်း၌ စုဝေးထိုင်နေကုန်သော များစွာကုန်သောမထေရ်ရဟန်းတို့အား “ငါ့သျှင်တို့ သံယောဇဉ်ဟူ၍လည်းကောင်း၊ သံယောဇနိယတရားတို့ဟူ၍လည်းကောင်း ဤတရားတို့သည် အနက်ထူး သဒ္ဒါထူးရှိကုန်သလော၊ သို့မဟုတ် အနက်တူ၍ သဒ္ဒါသာလျှင်ထူးသလော”ဟု ဤအကြားစကားသည် ဖြစ်ပေါ်၏။ ထိုအခါ အချို့သော မထေရ်ရဟန်းတို့သည် “ငါ့သျှင်တို့ သံယောဇဉ်ဟူ၍လည်းကောင်း၊ သံယောဇနိယတရားတို့ဟူ၍လည်းကောင်း ဤတရားတို့သည် အနက်လည်းထူး သဒ္ဒါလည်းထူးကုန်၏ “ဟု ဖြေဆိုကြကုန်၏၊ အချို့သော မထေရ်ရဟန်းတို့သည် “ငါ့သျှင်တို့သံယောဇဉ်ဟူ၍လည်းကောင်း၊ သံယောဇနိယတရားတို့ဟူ၍လည်းကောင်း ဤတရားတို့သည် အနက်တူ၍ သဒ္ဒါသာလျှင် ထူး၏ဟု ဤသို့ ဖြေဆိုကြကုန်၏ “ဟု စိတ္တသူကြွယ် ကြားလေ၏။

ထိုအခါ စိတ္တသူကြွယ်သည် မထေရ်ရဟန်းတို့ထံသို့ ချဉ်းကပ်၍ မထေရ်ရဟန်းတို့ကို ရှိခိုးပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မထေရ်ရဟန်းတို့အား ဤစကားကို လျှောက်၏—“အသျှင်ဘုရားတို့ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့၍ တန်ဆောင်းဝန်း၌ စုဝေးထိုင်နေကုန်သော များစွာသော မထေရ်ရဟန်းတို့အား ‘ငါ့သျှင်တို့ သံယောဇဉ်ဟူ၍လည်းကောင်း၊ သံယောဇနိယတရားတို့ဟူ၍လည်းကောင်း ဤ တရားတို့သည် အနက်ထူး သဒ္ဒါထူးရှိကုန်သလော၊ သို့မဟုတ် အနက်တူ၍ သဒ္ဒါသာလျှင်ထူးသလော ‘ဟု ဤအကြားစကား ဖြစ်ပေါ်၏။ ထိုအခါ အချို့သော မထေရ်ရဟန်းတို့သည်’ ငါ့သျှင်တို့ သံယောဇဉ်ဟူ၍လည်းကောင်း၊ သံယောဇနိယတရားတို့ဟူ၍လည်းကောင်း့ ဤတရားတို့သည် အနက်လည်းထူး သဒ္ဒါလည်းထူးကုန်၏ ‘ဟု ဖြေဆိုကြကုန်၏၊ အချို့သောမထေရ်ရဟန်းတို့သည် ‘ငါ့သျှင်တို့ သံယောဇဉ်ဟူ၍လည်းကောင်း၊ သံယောဇနိယတရားတို့ဟူ၍လည်းကောင်း ဤတရားတို့သည် အနက်တူ၍ သဒ္ဒါသာလျှင် ထူး၏ ‘ဟုဖြေဆိုကြကုန်၏ဟု ဤအကြားစကား ဖြစ်ပေါ်လာသည်ကို တပည့်တော် ကြားရပါသည် “ဟု လျှောက်၏။

“သူကြွယ် မှန်၏ “ဟု မိန့်ဆိုကြကုန်၏။

အသျှင်ဘုရားတို့ သံယောဇဉ်ဟူ၍လည်းကောင်း၊ သံယောဇနိယတရားတို့ဟူ၍လည်းကောင်း ဤတရားတို့သည် အနက်လည်းထူး သဒ္ဒါလည်း ထူးကုန်၏။ အသျှင်ဘုရားတို့ ထိုကြောင့်ပင်လျှင် အသျှင်တို့အား ဥပမာကို ပြုအံ့။ ဤလောက၌ အချို့ကုန်သော ပညာရှိတို့သည် ဆိုအပ်သော စကား၏ အနက်ကို ဥပမာဖြင့်သာ သိကုန်ရာ၏။ အသျှင်ဘုရားတို့ ဥပမာသော်ကား နွားနက်ကိုလည်းကောင်း၊ နွားဖြူကိုလည်းကောင်း တစ်ချောင်းတည်းသော လျှော်ကြိုးဖြင့်ဖြစ်စေ၊ သားရေကြိုးဖြင့်ဖြစ်စေ ချည်ထားကုန်ရာ၏။

“နွားနက်သည် နွားဖြူ၏ အနှောင်အဖွဲ့တည်း၊ နွားဖြူသည် နွားနက်၏ အနှောင်အဖွဲ့တည်း”ဟု ဤသို့ပြောဆိုသော သူသည် ကောင်းစွာ ပြောဆိုသည် မည်ပါသလောဟု လျှောက်၏။ သူကြွယ် ကောင်းစွာပြောဆိုသည် မမည်သေး၊ သူကြွယ် နွားနက်သည် နွားဖြူ၏ အနှောင်အဖွဲ့ မဟုတ်၊ နွားဖြူသည်လည်းနွားနက်၏ အနှောင်အဖွဲ့ မဟုတ်၊ ထိုနွားနှစ်ကောင်တို့ကို ချည်ထားသော တစ်ချောင်းတည်းသော လျှော်ကြိုး၊ သို့မဟုတ် သားရေကြိုးသည်ပင် ထိုနွားနှစ်ကောင်တို့၌ အနှောင်အဖွဲ့တည်းဟု မိန့်ဆိုကုန်၏။

အသျှင်ဘုရားတို့ ဤအတူ မျက်စိသည် ရူပါရုံတို့၏ အနှောင်အဖွဲ့ မဟုတ်၊ ရူပါရုံတို့သည် မျက်စိ၏အနှောင်အဖွဲ့ မဟုတ်၊ အမှန်ကား ထိုနှစ်ပါးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’သည် ထိုနှစ်ပါးတို့၏ အနှောင်အဖွဲ့တည်း။ နားသည် သဒ္ဒါရုံတို့၏ အနှောင်အဖွဲ့ မဟုတ်။ နှာခေါင်းသည် ဂန္ဓာရုံတို့၏အနှောင်အဖွဲ့ မဟုတ်။ လျှာသည် ရသာရုံတို့၏ အနှောင်အဖွဲ့ မဟုတ်။ ကိုယ်သည် ဖောဋ္ဌဗ္ဗာရုံတို့၏အနှောင်အဖွဲ့ မဟုတ်။ ဖောဋ္ဌဗ္ဗာရုံတို့သည် ကိုယ်၏ အနှောင်အဖွဲ့ မဟုတ်။ အမှန်ကား ထိုနှစ်ပါးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’သည် ထိုနှစ်ပါးတို့၌ အနှောင်အဖွဲ့တည်း။ စိတ်သည် သဘောတရားတို့၏ အနှောင်အဖွဲ့ မဟုတ်၊ သဘောတရားတို့သည် စိတ်၏ အနှောင်အဖွဲ့ မဟုတ်၊ ထိုနှစ်ပါးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’သည် ထိုနှစ်ပါးတို့၌ အနှောင်အဖွဲ့တည်းဟု လျှောက်၏။ သူကြွယ်နက်နဲသော ဘုရားစကားတော်၌ ပညာမျက်စိကို ဆောင်နိုင်ပေရကား သင့်အား အရတော်ပေစွတကား၊ ကောင်းစွာ ရအပ်ပေစွတကားဟု (မိန့်ဆိုကုန်၏)။

ပဌမသုတ်။