သံယုတ္တနိကာယ်—၄၁

၁ဝ—ဂိလာနဒဿနသုတ်

၃၅၂။ ထိုအခါ စိတ္တသူကြွယ်သည် အနာရောဂါနှိပ်စက်ရကား ဆင်းရဲခြင်းသို့ ရောက်လျက်သည်းထန်စွာ မကျန်းမမာ ဖြစ်နေ၏။ ထိုအခါ များစွာကုန်သော အရံစောင့်နတ်၊ တောစောင့်နတ်၊ သစ်ပင်စောင့်နတ်၊ ဆေးပင် မြက်ပင် တောစိုးပင်တို့၌ စိုးအုပ်ကုန်သော နတ်တို့သည် စည်းဝေးလာရောက်၍ စိတ္တသူကြွယ်အား “သူကြွယ် ‘အနာဂတ်ကာလ၌ စကြဝတေးမင်း ဖြစ်လို၏ ‘ဟု တောင့်တပါလော့”ဟုဆိုကုန်၏။

ဤသို့ ဆိုသော် စိတ္တသူကြွယ်သည် ထိုအရံစောင့်နတ်၊ တောစောင့်နတ်၊ သစ်ပင်စောင့်နတ်၊ ဆေးပင်မြက်ပင် တောစိုးပင်တို့၌ စိုးအုပ်ကုန်သော နတ်တို့အား “ ထိုစကြဝတေးမင်းအဖြစ်သည်လည်း မမြဲ၊ ထိုစကြဝတေးမင်းအဖြစ်သည်လည်း မခိုင်ခံ့၊ ထိုစကြဝတေးမင်းအဖြစ်ကို ပယ်၍ သွားအပ်၏”ဟု ဆို၏။

ဤသို့ ဆိုသော် စိတ္တသူကြွယ်၏ မိတ်ဆွေခင်ပွန်းဆွေမျိုးသားချင်းတို့သည် စိတ္တသူကြွယ်အား “အရှင့်သားသတိထားပါလော့၊ မယောင်ယမ်းပါလင့်”ဟု ဆိုကုန်၏။ သင်တို့သည် ငါ့ကို “အရှင့်သား သတိထားပါလော့၊ မယောင်ယမ်းပါလင့်”ဟူ၍ ယင်းစကားကို ဆိုကုန်၏၊ ငါသည် အဘယ်သို့လျှင် ဆိုသနည်းဟု (မေး၏)။ အရှင့်သား “ထိုစကြဝတေးမင်းအဖြစ်သည်လည်း မမြဲ၊ ထိုစကြဝတေးမင်းအဖြစ်သည်လည်းမခိုင်ခံ့၊ ထိုစကြဝတေးမင်းအဖြစ်ကို ပယ်၍ သွားအပ်၏”ဟု ဤသို့လျှင် သင်ဆို၏ဟု ဆို၏။ ထိုစကားသည် မှန်၏၊ ငါ့ကို အရံစောင့်နတ်၊ တောစောင့်နတ်၊ သစ်ပင်စောင့်နတ်၊ ဆေးပင် မြက်ပင်တောစိုးပင်တို့၌ စိုးအုပ်ကုန်သော နတ်တို့သည် “သူကြွယ် ‘အနာဂတ်ကာလ၌ စကြဝတေးမင်းဖြစ်ရလို၏ ‘ဟု တောင့်တပါ လော့”ဟု ဆိုကုန်၍ ထိုနတ်တို့ကို ငါသည်”ထိုစကြဝတေးမင်းအဖြစ်သည်လည်း မမြဲ၊ ထိုစကြဝတေးမင်း အဖြစ်သည်လည်း မခိုင်ခံ့၊ ထိုစကြဝတေးမင်းအဖြစ်ကို ပယ်၍ သွားအပ်၏ “ဟု ငါ ဆို၏။ အရှင့်သား အရံစောင့်နတ်၊ တောစောင့်နတ်၊ သစ်ပင်စောင့်နတ်၊ ဆေးပင် မြက်ပင် တောစိုးပင်တို့၌ စိုးအုပ်ကုန်သော နတ်တို့သည်အဘယ်အကျိုးထူးကို မြင်၍ “သူကြွယ် ‘အနာဂတ်ကာလ၌ စကြဝတေးမင်း ဖြစ်ရလို၏ ‘ဟုတောင့်တပါလော့”ဟု ဆိုကုန်သနည်း။ ထိုအရံစောင့်နတ်၊ တောစောင့်နတ်၊ သစ်ပင်စောင့်နတ်၊ ဆေးပင်မြက်ပင် တောစိုးပင်တို့၌ စိုးအုပ်ကုန်သော နတ်တို့အား “ ဤစိတ္တသူကြွယ်ကား သီလရှိ၏၊ ကောင်းသောအကျင့်ရှိ၏၊ ‘အနာဂတ်ကာလ၌ စကြဝတေးမင်း ဖြစ်ရလို၏ ‘ဟု အကယ်၍ တောင့်တအံ့၊ သီလရှိသောထို သူကြွယ်အား ဤစိတ်၏ တောင့်တမှုသည် သီလ၏ စင်ကြယ်သည်၏ အဖြစ်ကြောင့် ပြည့်စုံလတ္တံ့၊ တရားရှိ သော သူသည် တရားအားလျော်သော အကျိုးကို မြင်ရ၏ “ဟု ဤသို့ ကြံစည်၍ ထိုအရံစောင့်နတ်၊ တောစောင့်နတ်၊ သစ်ပင်စောင့်နတ်၊ ဆေးပင် မြက်ပင် တောစိုးပင်တို့၌ စိုးအုပ်ကုန်သော နတ်တို့သည် ဤ အကျိုးထူးကို မြင်ကုန်လျက် “သူကြွယ် ‘အနာဂတ်ကာလ၌ စကြဝတေးမင်း ဖြစ်ရလို၏ ‘ဟု တောင့်တပါ လော့”ဟု ဆိုကြကုန်၏။ ထိုနတ်တို့ကို”ထိုစကြဝတေးမင်းအဖြစ်သည်လည်း မမြဲ၊ ထိုစကြဝတေးမင်း အဖြစ်သည်လည်း မခိုင်ခံ့၊ ထိုစကြဝတေးမင်းအဖြစ်ကို ပယ်၍ သွားအပ်၏”ဟု ငါ ဆို၏။

အရှင့်သား သို့ဖြစ်လျှင် အကျွန်ုပ်တို့ကိုလည်း ဆုံးမပါလော့ဟု (ဆိုကုန်၏)။ “သို့ဖြစ်လျှင် သင်တို့သည် ‘ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း ‘အရဟံ’မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း’သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘အဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသောအကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏသမ္ပန္န’ မည်တော်မူ၏၊ ကောင်းသော စကားကိုဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူတတ်သောအကြောင်းကြောင့်လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာဒေဝမနုဿာနံ’ မည်တော်မူ၏၊ သစ္စာလေးပါးတရားကို သိစေတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးမားတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော် မူ၏ ‘ဟု ဘုရားအပေါ်၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံကြကုန်အံ့။

‘တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း၊ ကိုယ်တိုင်သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်ငသိနိုင်ခံစားနိုင်သော တရားတော်ပါပေ တည်း ‘ဟု တရားအပေါ်၌ သက်ဝင်၍ ကြည်ညိုခြင်းနှင့်ပြည့်စုံကြကုန်အံ့။

‘ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ဖြောင့်မတ်သော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏တပည့် သားသံဃာတော်သည် မှန်ကန်သော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏တပည့်သားသံဃာတော်သည် လျော်ကန်သော အကျင့်ရှိတော်မူပါပေ၏၊ အစုံအားဖြင့်် လေးစုံ,ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးရှိသော မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် အရပ်ဝေးမှဆောင်လာ၍ သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်ပါပေ၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသောဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်ပါပေ၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကိုခံတော်မူထိုက်ပါပေ၏၊ လက်အုပ်ချီရန် ထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေဖြစ်တော်မူပါပေ၏’ဟု သံဃာတော်အပေါ်၌ သက် ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံကြကုန်အံ့။ အိမ်၌ ရှိသော ပေးလှူဖွယ်ဟူသမျှကို သီလရှိ၍ အကျင့်ကောင်း သူတို့နှင့် မခွဲခြားအံ့ဟု ဤသို့လျှင်သင်တို့ ကျင့်ရမည် “ဟု ဆို၏။

ထို့နောက် စိတ္တသူကြွယ်သည် မိတ်ဆွေ ခင်ပွန်း ဆွေမျိုး သားချင်းတို့ကို ဘုရား၌လည်းကောင်း၊ တရား၌လည်းကောင်း၊ သံဃာ၌လည်းကောင်း၊ စွန့်ကြဲခြင်း၌လည်းကောင်း ဆောက်တည်စေ၍ ကွယ်လွန်လေ၏။

ဒသမသုတ်။

စိတ္တသံယုတ် ပြီး၏။