သံယုတ္တနိကာယ်—၄၁

၃—ဒုတိယ ဣသိဒတ္တသုတ်

၃၄၅။ အခါတစ်ပါး၌ များစွာကုန်သော မထေရ်ရဟန်းတို့သည် မစ္ဆိကာသဏ္ဍအရပ် ဝှေးပင်တော၌ (သီတင်းသုံး) နေကုန်၏၊ ထိုအခါ စိတ္တသူကြွယ်သည် မထေရ်ရဟန်းတို့ထံသို့ ချဉ်းကပ်၍ မထေရ်ရဟန်းတို့ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မထေရ်ရဟန်းတို့အား “အသျှင်မထေရ်ရဟန်းတို့သည် နက်ဖြန်အလို့ငှါ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါကုန်လော့”ဟု ဤစကားကို လျှောက်၏။

မထေရ်ရဟန်းတို့သည် ဆိတ်ဆိတ် နေခြင်းဖြင့် လက်ခံကုန်၏။ ထိုအခါ စိတ္တသူကြွယ်သည် မထေရ်ရဟန်းတို့၏ လက်ခံခြင်းကို သိ၍ နေရာမှ ထပြီးလျှင် မထေရ်ရဟန်းတို့ကို ရှိခိုး၍ ် အရိုအသေ ပြုကာ ဖဲသွားလေ၏။ ထိုအခါ မထေရ်ရဟန်းတို့သည် ထိုညဥ့် လွန်ပြီးနောက် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ဆောင်ယူပြီးလျှင် စိတ္တသူကြွယ်အိမ်သို့ ချဉ်းကပ်၍ ခင်းထားပြီးသော နေရာ၌ ထိုင်နေကြကုန်၏။

ထိုအခါ စိတ္တသူကြွယ်သည် မထေရ်ရဟန်းတို့ထံသို့ ချဉ်းကပ်၍ မထေရ်ရဟန်းတို့ကို ရှိခိုးပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေ၍ မထေရ်ကြီးအား ဤစကားကို လျှောက်၏— “မထေရ်ကြီးဘုရား လောကသည် မြဲ၏ဟူ၍လည်းကောင်း၊ လောကသည် မမြဲဟူ၍လည်းကောင်း၊ လောကသည် အဆုံးရှိ၏ဟူ၍လည်းကောင်း၊ လောကသည် အဆုံးမရှိဟူ၍လည်းကောင်း၊ ထိုအသက်သည်ထိုကိုယ်ပင်တည်းဟူ၍လည်းကောင်း၊ အသက်သည် တခြား ကိုယ်သည် တခြားဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်၏ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်း ဖြစ် မဖြစ်လည်းမဖြစ်ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှ နောက် ၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ်ဟူ၍လည်းကောင်း များသော အပြားရှိကုန်သော မိစ္ဆာအယူတို့သည် လောက၌ ဖြစ်ပေါ်ကုန်၏။

ခြောက်ဆယ့်နှစ်ပါးသော ဤမိစ္ဆာအယူတို့ကိုလည်း ဗြဟ္မ ဇာလသုတ်၌ ဟောတော်မူအပ်ပါကုန်၏၊ အသျှင်ဘုရား ဤအယူတို့သည် အဘယ်တရားရှိသော် ဖြစ်ပါကုန် သနည်း၊ အဘယ်တရား မရှိသော်မဖြစ်ပါကုန်သနည်း”ဟု လျှောက်၏။

ဤသို့ မေးလျှောက်သော် မထေရ်ကြီးသည် ဆိတ်ဆိတ် နေ၏။ နှစ်ကြိမ်မြောက်လည်း စိတ္တသူကြွယ်သည်။ပ။ သုံးကြိမ်မြောက်လည်း စိတ္တသူကြွယ်သည် မထေရ်ကြီးအား ဤစကားကို လျှောက်၏ —“မထေရ်ကြီးဘုရား လောကသည် မြဲ၏ဟူ၍လည်းကောင်း၊ လောကသည် မမြဲဟူ၍လည်းကောင်း၊ လောကသည် အဆုံးရှိ၏ဟူ၍လည်းကောင်း၊ လောကသည် အဆုံး မရှိဟူ၍လည်းကောင်း၊ ထိုအသက်သည် ထို ကိုယ်ပင်တည်းဟူ၍လည်းကောင်း၊ အသက်သည် တခြား ကိုယ်သည်တခြားဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ဟူ၍လည်းကောင်း၊ သတ္တဝါသည်သေသည်မှ နောက်၌ မဖြစ်ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်း ဖြစ်မဖြစ်လည်း မဖြစ်ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်မဖြစ်သည်လည်း မဟုတ်ဟူ၍လည်းကောင်း များသော အပြားရှိကုန်သော မိစ္ဆာအယူတို့သည် လောက၌ ဖြစ်ပေါ်ကုန်၏။ ခြောက်ဆယ့်နှစ်ပါးသော ဤ မိစ္ဆာအယူတို့ကိုလည်း ဗြဟ္မဇာလသုတ်၌ ဟောအပ်ပါကုန်၏၊ အသျှင်ဘုရား ဤအယူတို့သည် အဘယ် တရားရှိသော် ဖြစ်ပါကုန်သနည်း၊ အဘယ်တရား မရှိသော် မဖြစ်ပါကုန်သနည်း”ဟု လျှောက်၏။ သုံးကြိမ် မြောက်လည်း မထေရ်ကြီးသည်ဆိတ်ဆိတ် နေ၏။

ထိုအခါ အသျှင်ဣသိဒတ္တသည် ထိုရဟန်းသံဃာ၌ အလုံးစုံတို့ အောက် ငယ်သူ ဖြစ်၏၊ ထိုအခါအသျှင်ဣသိဒတ္တသည် မထေရ်ကြီးအား “အကျွန်ုပ်သည် စိတ္တသူကြွယ်၏ ပြဿနာကို ဖြေဆိုပါအံ့”ဟုလျှောက်၏။ ငါ့သျှင်ဣသိဒတ္တ သင်သည် စိတ္တသူကြွယ်၏ ပြဿနာကို ဖြေလော့ဟု မိန့်ဆို၏။ သူကြွယ်မထေရ်ရဟန်းအား လောကသည် မြဲ၏ဟူ၍လည်းကောင်း။ပ။ များပြားသော မိစ္ဆာအယူတို့သည် ဖြစ်ပေါ်ပါကုန်၏။ပ။ အသျှင်ဘုရား ဤအယူတို့သည် အဘယ်တရားရှိသော် ဖြစ်ကုန်သနည်း၊ အဘယ်တရား မရှိသော် မဖြစ်ကုန်သနည်းဟု သင် မေးလျှောက်သည် မဟုတ်လော။ မှန်ပါသည် အသျှင်ဘုရား။

သူကြွယ် လောကသည် မြဲ၏ဟူ၍လည်းကောင်း၊ လောကသည် မမြဲဟူ၍လည်းကောင်း၊ လောကသည်အဆုံးရှိ၏ဟူ၍လည်းကောင်း၊ လောကသည် အဆုံး မရှိဟူ၍လည်းကောင်း၊ ထိုအသက်သည် ထိုကိုယ်ပင်တည်းဟူ၍လည်းကောင်း၊ အသက်သည် တခြား ကိုယ်သည် တခြားဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်း ဖြစ် မဖြစ်လည်း မဖြစ်ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်ဟူ၍လည်းကောင်းများပြားသော မိစ္ဆာအယူတို့သည် လောက၌ ဖြစ်ပေါ်ကုန်၏။ ခြောက်ဆယ့်နှစ်ပါးသော ဤမိစ္ဆာအယူတို့ကို့လည်း ဗြဟ္မဇာလသုတ်၌ ဟောအပ်ပါကုန်၏။ သူကြွယ် ဤအယူတို့သည် သက္ကာယဒိဋ္ဌိရှိသော် ဖြစ်ကုန်၏၊ သက္ကာယဒိဋ္ဌိ မရှိသော် မဖြစ်ကုန်ဟု (မိန့်ဆို၏)။

အသျှင်ဘုရား အဘယ်သို့လျှင် သက္ကာယဒိဋ္ဌိ ဖြစ်ပါသနည်း။ သူကြွယ် ဤလောက၌ အကြားအမြင်မရှိသော, အရိယာတို့ကို မဖူးမြင်ဖူးသော, အရိယာတရား၌ မလိမ္မာသော, အရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို မဖူးမြင်ဖူးသော, သူတော်ကောင်းတရား၌ မလိမ္မာသော, သူတော်ကောင်းတရား၌ မယဉ်ကျေးသော ပုထုဇဉ်သည် ရုပ်ကို အတ္တဟူ၍ ရှု၏။ ရုပ်ရှိသော အတ္တဟူ၍လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍လည်းကောင်း ရှု၏။ ဝေဒနာကို အတ္တဟူ၍ ရှု၏။ပ။ သညာကို။ပ။ သင်္ခါရတို့ကို။ပ။ ဝိညာဏ်ကို အတ္တဟူ၍ ရှု၏။ ဝိညာဏ်ရှိသော အတ္တဟူ၍လည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟူ၍လည်းကောင်း၊ ဝိညာဏ်၌ အတ္တဟူ၍လည်းကောင်း ရှု၏။ သူကြွယ် ဤသို့လျှင်သက္ကာယဒိဋ္ဌိ ဖြစ်၏ဟု (မိန့်ဆို၏)။

အသျှင်ဘုရား အဘယ်သို့လျှင် သက္ကာယဒိဋ္ဌိ မဖြစ်ပါသနည်း။ သူကြွယ် ဤလောက၌ အကြားအမြင်ရှိသော, အရိယာတို့ကို ဖူးမြင်ဖူးသော, အရိယာတရား၌ လိမ္မာသော, အရိယာတရား၌ ယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်ဖူးသော, သူတော်ကောင်းတရား၌ လိမ္မာသော,သူတော်ကောင်းတရား ၌ ယဉ်ကျေးသော အရိယာတပည့်သည် ရုပ်ကို အတ္တဟူ၍လည်းကောင်း၊ ရုပ်ရှိသော အတ္တဟူ၍လည်း ကောင်း၊ အတ္တ၌ ရုပ်ဟူ၍လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍လည်းကောင်း မရှု။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တဟူ၍လည်းကောင်း၊ ဝိညာဏ်ရှိသောအတ္တဟူ၍လည်းကောင်း အတ္တ၌ ဝိညာဏ်ဟူ၍လည်းကောင်း၊ ဝိညာဏ်၌ အတ္တဟူ၍လည်းကောင်း မရှု။ သူကြွယ် ဤသို့လျှင် သက္ကာယဒိဋ္ဌိ မဖြစ်ဟု (မိန့်ဆို၏)။

အသျှင်ဘုရား အသျှင်ဣသိဒတ္တသည် အဘယ်အရပ်မှ လာပါသနည်း။ သူကြွယ် အဝနိ ္တတိုင်းမှ လာခဲ့၏။

အသျှင်ဘုရား အဝနိ ္တတိုင်း၌ အကျွန်ုပ်တို့ မမြင်ဖူးဘဲ မိတ်ဆွေဖြစ်သည့် ဣသိဒတ္တအမျိုးကောင်းသားသည် ရဟန်းပြုနေပါ၏၊ ထိုအသျှင်ကို အသျှင်ဘုရား မြင်ဖူးပါသလော။ သူကြွယ် မြင်ဖူး၏။ အသျှင်ဘုရား ထိုအသျှင်သည် ယခုအခါ အဘယ်အရပ်၌ နေပါသနည်းဟု မေးလျှောက်သော် အသျှင်ဣသိဒတ္တသည် ဆိတ်ဆိတ် နေ၏။ အသျှင်ဘုရား အသျှင်သည် အကျွန်ုပ်တို့၏ ဣသိဒတ္တပါလောဟု (လျှောက်၏)။

သူကြွယ်ဟုတ်မှန်၏။ အသျှင်ဘုရား အသျှင်ဣသိဒတ္တသည် မစ္ဆိကာသဏ္ဍ၌ မွေ့လျော်ပါလော့၊ ဝှေးပင်တောသည် မွေ့လျော်ဖွယ် ရှိပါ၏၊ အကျွန်ုပ်သည် အသျှင်ဣသိဒတ္တအား သင်္ကန်း ဆွမ်း ကျောင်းသူနာ၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ဖြင့် ကြောင့်ကြပြုပါအံ့ဟု (လျှောက်၏)။

သူကြွယ် ကောင်းသည်ကို ဆိုအပ်၏ဟု (မိန့်ဆို၏)။

ထိုအခါ စိတ္တသူကြွယ်သည် အသျှင်ဣသိဒတ္တ၏ စကားကို အလွန်နှစ်သက်ဝမ်းမြောက်၍ မထေရ်ရဟန်းတို့ကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏။ ထို့နောက် ဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသော အခါ မထေရ်ရဟန်းတို့သည် နေရာမှ ထ၍ ဖဲကြွကုန်၏။ ထိုအခါ အသျှင်မထေရ်ကြီးသည် “အသျှင်ဣသိဒတ္တကို ငါ့သျှင်ဣသိဒတ္တ ဤပြဿနာသည် သင်၏ ဉာဏ်၌ ကောင်းစွာ ထင်ပါပေ၏၊ ဤပြဿနာသည် ငါ၏ ဉာဏ်၌ မထင်ပေ၊ ဣသိဒတ္တ ထို့ကြောင့်ပင်လျှင် ဤသို့ သဘောရှိသော အခြား ပြဿနာ ရောက်လာသော အခါသင်သည်သာလျှင် ဖြေဆိုပါလော့”ဟု ဤစကားကို မိန့်ဆို၏။ ထိုနောက် အသျှင်ဣသိဒတ္တသည် ကျောင်းအိပ်ရာကို သိုမှီးသိမ်းဆည်း၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် တစ်ဖန် ပြန်မလာသော ဖဲသွားခြင်းဖြင့် မစ္ဆိကာသဏ္ဍမှ ဖဲသွားလေ၏။

တတိယသုတ်။