သံယုတ္တနိကာယ်—၄၂

၁—စဏ္ဍသုတ်

၃၅၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ စဏ္ဍမည်သော ရွာသူကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ့မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏— “အသျှင်ဘုရား ဤလောက၌ အချို့သော သူကို ‘ကြမ်းတမ်းသူ ကြမ်းတမ်းသူ’ ဟူ၍ သာလျှင်ခေါ်ဝေါ်ကြ၏၊ ထိုခေါ်ဝေါ်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း။ အသျှင်ဘုရား ဤလောက၌ အချို့သော သူကို ‘သိမ်မွေ့သူ သိမ်မွေ့သူ’ ဟူ၍ သာလျှင် ခေါ်ဝေါ်ကြ၏၊ ထိုခေါ်ဝေါ်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။

ရွာသူကြီး ဤလောက၌ အချို့သော သူသည် စွဲမက်မှု ‘ရာဂ’ ကို မပယ်အပ်၊ စွဲမက်မှု ‘ရာဂ’ ကိုမပယ်အပ်သည်၏ အဖြစ်ကြောင့် သူတစ်ပါးတို့က အမျက်ထွက်စေအပ်သော် အမျက်ကို ထင်စွာ ပြု၏၊ ထိုသူကို ကြမ်းတမ်းသူဟု ခေါ်ဝေါ်ကြ၏။ အမျက် ‘ဒေါသ’ ကို မပယ်အပ်၊ အမျက် ‘ဒေါသ’ ကိိုု မပယ်အပ်သည်၏ အဖြစ်ကြောင့် သူတစ်ပါးတို့က အမျက်ထွက်စေအပ်သော် အမျက်ကို ထင်စွာ ပြု၏၊ ထိုသူကိုကြမ်းတမ်းသူဟု ခေါ်ဝေါ်ကြ၏။ တွေဝေမှု ‘မောဟ’ ကို မပယ်အပ်၊ တွေဝေမှု ‘မောဟ’ ကိုမပယ်အပ်သည်၏ အဖြစ်ကြောင့် သူတစ်ပါးတို့က အမျက်ထွက်စေအပ်သော် အမျက်ကို ထင်စွာ ပြု၏၊ ထိုသူကို ကြမ်းတမ်း သူဟု ခေါ်ဝေါ်ကြ၏။ ရွာသူကြီး ဤလောက၌ အချို့သော သူကို “ကြမ်းတမ်းသူကြမ်းတမ်းသူ” ဟူ၍ ခေါ်ဝေါ်ကြ၏၊ ထိုခေါ်ဝေါ်ခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင် တည်း။

ရွာသူကြီး ဤလောက၌ အချို့သော သူသည် စွဲမက်မှု ‘ရာဂ’ ကို ပယ်အပ်၏၊ စွဲမက်မှု ‘ရာဂ’ ကိုပယ်ပြီးသည်၏ အဖြစ်ကြောင့် သူတစ်ပါးတို့က အမျက်ထွက်စေအပ်သော် အမျက်ကို ထင်စွာ မပြု၊ ထိုသူကို သိမ်မွေ့သူဟု ခေါ်ဝေါ်ကြ၏။ အမျက် ‘ဒေါသ’ ကို ပယ်အပ်၏၊ အမျက် ‘ဒေါသ’ ကိိုု ပယ်ပြီးသည်၏အဖြစ်ကြောင့် သူတစ်ပါးတို့က အမျက်ထွက်စေအပ်သော် အမျက်ကို ထင်စွာ မပြု၊ ထိုသူကို သိမ်မွေ့သူဟုခေါ်ဝေါ်ကြ၏။ တွေဝေမှု ‘မောဟ’ ကို ပယ်အပ်၏၊ တွေဝေမှု ‘မောဟ’ ကို ပယ်အပ်ပြီးသည်၏အဖြစ်ကြောင့် သူတစ်ပါးတို့က အမျက်ထွက်စေအပ်သော် အမျက်ကို ထင်စွာ မပြု၊ ထိုသူကို သိမ်မွေ့သူဟုခေါ်ဝေါ်ကြ၏။ ရွာသူကြီး ဤလောက၌ အချို့သော သူကို “သိမ်မွေ့သူ သိမ်မွေ့သူ”ဟု ခေါ်ဝေါ်ကြ၏၊ ထိုခေါ်ဝေါ်ခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်း။

ဤသို့ ဆိုသော် စဏ္ဍမည်သော ရွာသူကြီးသည် မြတ်စွာဘုရားကို “အသျှင်ဘုရား တရားတော်သည်အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အရှင်ဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။

အသျှင်ဘုရား မှောက်ထားအပ်သော ဝတ္ထုကို လှန်ပြဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားအပ်သောဝတ္ထုကို ဖွင့်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်ဟု’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြသကဲ့သို့လည်းကောင်း ဤအတူ မြတ်စွာဘုရားသည် အမျိုးမျိုးသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏။ မြတ်စွာဘုရား ထိုအကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကောင်း၊ ရဟန်းသံဃာ တော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သော ဥပါသကာဟု မှတ်တော်မူပါလော့”ဟု လျှောက်၏။

ပဌမသုတ်။