သံယုတ္တနိကာယ်—၄၂

၁ဝ—မဏိစူဠကသုတ်

၃၆၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစာကျွေးရာ ဖြစ်သောဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ နန်းတော်တွင် အညီအညွတ် စုဝေးထိုင်နေသောမင်းပရိသတ်၌ “သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့အား ရွှေငွေသည် အပ်၏၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို သာယာကုန်၏၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို ခံယူကုန်၏ “ဟူသော အကြားစကားသည် ဖြစ်ပေါ်၏။

ထိုအခါ မဏိစူဠကရွာသူကြီးသည် ထိုပရိသတ်၌ ထိုင်လျက် ရှိ၏၊ ထိုအခါ မဏိစူဠကရွာသူကြီးသည်ထိုပရိသတ်ကို “အရှင်တို့ ဤသို့ မဆိုကြကုန်လင့်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့အား ရွှေငွေသည် မအပ်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို မသာယာကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို မခံယူကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ကျောက်မျက်နှင့် ရွှေငွေကို ပယ်ထားကုန်၏၊ ရွှေငွေမှ ကင်းကုန်၏ “ဟု ပြောလေ၏။ မဏိစူဠကရွာသူကြီးသည် ထိုပရိသတ်ကိုသိစေခြင်းငှါ စွမ်းနိုင်လေ၏။

ထို့နောက် မဏိစူဠကရွာသူကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် “မြတ်စွာဘုရား ယခု နန်းတော်တွင်းဝယ် စုဝေးထိုင်နေသော မင်းပရိသတ်၌ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့အား ရွှေငွေသည် အပ်၏၊ သာကီဝင်မင်းသားမြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို သာယာကုန်၏၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို ခံယူကုန်၏”ဟူသော ဤအကြားစကားသည် ဖြစ်ပေါ်၏။

အသျှင် ဘုရား ဤသို့ ဆိုသော် အကျွန်ုပ်သည် ထိုပရိသတ်ကို “အရှင်တို့ ဤသို့ မဆိုကြကုန်လင့်၊ ့သာကီဝင်မင်း သား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့အား ရွှေငွေသည် မအပ်၊ သာကီဝင်မင်းသားမြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို မသာယာကုန်၊ သာကီဝင်မင်းသားမြတ်စွာဘုရား၏ တပည့်သား ရဟန်းတို့သည် ရွှေငွေကို မခံယူကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏တပည့်သားရဟန်းတို့သည် ကျောက်မျက်နှင့် ရွှေငွေကို ပယ်ထားကုန်၏၊ ရွှေငွေမှ ကင်းကုန်၏ “ဟုပြောပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် ထိုပရိသတ်ကို သိစေခြင်းငှါ စွမ်းနိုင်ပါ၏၊ အသျှင်ဘုရားအကျွန်ုပ်သည် ဤသို့ ဆိုသော် မြတ်စွာ ဘုရား၏ စကားတော်အတိုင်း ဆိုသည်လည်း ဖြစ်ပါ၏လော၊ မြတ်စွာဘုရားကို မဟုတ်မမှန် မစွပ်စွဲသည် မည်ပါ၏လော၊ တရားတော်အား လျော်သော တရားကိုလည်းဆိုသည် မည်ပါ၏လော၊ မြတ်စွာဘုရား၏ ဝါဒကို အတုယူ၍ ပြောခြင်းသည် အကြောင်းနှင့် တကွဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ အနည်းငယ်မျှ မရောက်ဘဲ ရှိပါ၏လောဟု လျှောက်၏။

ရွာသူကြီး စင်စစ် သင်သည် ဤသို့ ဆိုသော် ငါ၏ စကားအတိုင်း ဆိုသည်လည်း ဖြစ်၏၊ ငါ့ကိုမဟုတ်မှန် မစွပ်စွဲသည်လည်း ဖြစ်၏၊ တရားတော်အား လျော်သော တရားကို ဆိုသည်လည်း မည်၏၊ ငါ၏ ဝါဒကို အတုယူ၍ ပြောခြင်းသည် အကြောင်းနှင့် တကွဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ အနည်းငယ်မျှ မရောက်။ ရွာသူကြီး မှန်၏၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့အား ရွှေငွေသည်မအပ်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို မသာယာကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ရွှေငွေကို မခံယူကုန်၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားရဟန်းတို့သည် ကျောက်မျက်နှင့် ရွှေငွေကို ပယ်ထားကုန်၏၊ ရွှေငွေမှ ကင်းကုန်၏။ ရွာသူကြီး ရွှေငွေကို အပ်သော သူအား ကာမဂုဏ်ငါးပါးတို့သည် အပ်ကုန်၏၊ ကာမဂုဏ်ငါးပါးအပ်သော သူကို စင်စစ်အားဖြင့် “ရဟန်းသဘော မရှိ၊ သာကီဝင်မင်းသား မြတ်စွာဘုရား၏ တပည့်သားသဘော မရှိ”ဟု မှတ်လေလော့။ ရွာသူကြီး စင်စစ်သော်ကား ငါသည် ဤသို့ ဟော၏—“မြက်ကိုအလိုရှိ သော သူသည် မြက်ကို ရှာသင့်၏၊ သစ်သားကို အလိုရှိသော သူသည် သစ်သားကို ရှာသင့်၏၊ လှည်းကို အလိုရှိသော သူသည် လှည်းကို ရှာသင့်၏၊ (အလုပ်သမား) ယောကျာ်းကို အလိုရှိသောသူသည် (အလုပ် သမား) ယောကျာ်းကို ရှာသင့်၏ “၊ ရွာသူကြီး “အဘယ်နည်းနှင့်မျှ ရွှေငွေကိုသာယာသင့်၏၊ ရှာသင့်၏ “ ဟူ၍ ငါဘုရား မဟောဟု (မိန့်တော်မူ၏)။

ဒသမသုတ်။