သံယုတ္တနိကာယ်—၄၂

၁၁—ဘဒြကသုတ်

၃၆၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် မလ္လတိုင်း ဥရုဝေလကပ္ပမည်သော မလ္လမင်းတို့၏ နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဘဒြကရွာသူကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် “အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်အားဆင်းရဲဖြစ်ခြင်း ချုပ်ခြင်းကို ဟောတော်မူပါ”ဟု လျှောက်၏။ ရွာသူကြီး “လွန်ပြီးကာလ၌ ဤသို့ ဖြစ်ဖူးပြီ “ဟု ငါသည် သင့်အား အတိတ်ကာလကို အကြောင်းပြု၍ ဆင်းရဲဖြစ်ခြင်း ချုပ်ခြင်းကို ဟောခဲ့မူထိုအတိတ် ကာလကို အကြောင်းပြု၍ သင့်အား ယုံမှား ဖြစ်ရာ၏၊ တွေးတောမှု ဖြစ်ရာ၏။ ရွာသူကြီး”အနာဂတ်ကာလ၌ ဤသို့ ဖြစ်လိမ့်မည်”ဟု ငါသည် သင့်အား အနာဂတ်ကာလကို အကြောင်းပြု၍ ဆင်းရဲဖြစ်ခြင်း ချုပ်ခြင်းကို ဟောခဲ့မူ ထိုအနာဂတ်ကာလ၌လည်း သင့်အား ယုံမှား ဖြစ်ရာ၏၊ တွေးတောမှု ဖြစ်ရာ၏။ ရွာသူကြီး စင်စစ် ငါသည် ဤနေရာ၌ ထိုင်လျက်ပင်လျှင် ဤနေရာ၌ ထိုင်လျက်ရှိသောသင့်အား ဆင်းရဲဖြစ်ခြင်း ချုပ်ခြင်းကို ဟောပေအံ့၊ ထိုတရားကို နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပြပေအံ့ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ကောင်းပါပြီဟု ဘဒြကရွာသူကြီးသည် မြတ်စွာဘုရား၏စကားကို ဝန်ခံ၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ သတ်ခြင်းကြောင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းကြောင့်သော်လည်းကောင်း၊ ဆုံးရှုံးခြင်းကြောင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော်လည်းကောင်း ပူဆွေးမှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုပြင်းစွာပင်ပန်းမှုများ ဖြစ်နိုင်ကုန်ရာသော သင်နှင့် စပ်သူ တို့သည် ဥရုဝေလကပ္ပ၌ ရှိကုန်သလော။ အသျှင်ဘုရား သတ်ခြင်းကြောင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်း ကြောင့်သော်လည်းကောင်း၊ ဆုံးရှုံးခြင်းကြောင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော်လည်းကောင်း ပူဆွေးမှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုများ ဖြစ်နိုင်ကုန်ရာသော အကျွန်ုပ်နှင့် စပ်သူ တို့သည်ဥရုဝေလကပ္ပ၌ ရှိပါကုန်၏။ ရွာသူကြီး သတ်ခြင်းကြောင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းကြောင့်သော်လည်းကောင်း၊ ဆုံးရှုံးခြင်းကြောင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော်လည်းကောင်းပူ ဆွေးမှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုများ မဖြစ်နိုင်ကုန်ရာသော သင်နှင့်မစပ် သူ လူတို့သည် ဥရုဝေလကပ္ပ၌ ရှိကုန်သလော။ အသျှင်ဘုရားသတ်ခြင်းကြောင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းကြောင့်သော်လည်းကောင်း၊ ဆုံးရှုံးခြင်းကြောင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော်လည်း ကောင်း ပူဆွေးမှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုများ မဖြစ်နိုင်ကုန်ရာသော အကျွန်ုပ်နှင့် မစပ်သူလူတို့သည်လည်း ဥရုဝေလကပ္ပ၌ ရှိပါကုန်၏။

ရွာသူကြီး အချို့သော ဥရုဝေလကပ္ပ၌ နေသူလူတို့ကို သတ်ခြင်းကြောင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းကြောင့်သော်လည်းကောင်း၊ ဆုံးရှုံးခြင်းကြောင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော်လည်းကောင်း ပူဆွေးမှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုပြင်းစွာပင်ပန်းမှုများ ဖြစ်နိုင်ကုန်ရာသော အကြောင်း အထောက်အပံ့ကား အဘယ်နည်း။ အသျှင်ဘုရားသတ်ခြင်းကြောင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းကြောင့် သော်လည်းကောင်း၊ ဆုံးရှုံးခြင်းကြောင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော်လည်းကောင်း ပူဆွေးမှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုများ ဖြစ်နိုင်ကုန်ရာသော ဥရုဝေလကပ္ပ၌ နေကြသူအချို့လူတို့၌ အကျွန်ုပ်အား လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’ရှိပါ၏။ သတ်ခြင်းကြောင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းကြောင့်သော်လည်းကောင်း၊ ဆုံးရှုံးခြင်းကြောင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော်လည်းကောင်း ပူဆွေးမှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုများ မဖြစ်နိုင်ကုန်ရာသောဥရုဝေလကပ္ပ ၌ နေကြသူ အချို့လူတို့၌ အကျွန်ုပ်အား လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’ မရှိပါ။

ရွာသူကြီး သင်သည် မြင်အပ်သော သိအပ်သော ကာလ မခြားဘဲ ရောက်လာသော ဉာဏ်ဖြင့်သက်ဝင်နိုင်သော ဤသဘောဖြင့် အတိတ်အနာဂတ်၌ နည်းကို ဆောင်လေလော့၊ အတိတ်ကာလ၌ ဖြစ်ခဲ့သည့် ဆင်းရဲဟူသမျှ အလုံးစုံသည် လိုချင်မှု’ဆန္ဒ’လျှင် အရင်းခံရှိ၏၊ လိုချင်မှု’ဆန္ဒ’လျှင်အကြောင်းခံရှိ၏။ မှန်၏၊ လိုချင်မှု’ဆန္ဒ’သည် ဆင်းရဲ၏ အရင်းခံတည်း၊ အနာဂတ်ကာလ၌ ဖြစ်မည့်ဆင်းရဲဟူသမျှ အလုံးစုံသည် လိုချင်မှု’ဆန္ဒ’ လျှင် အရင်းခံရှိ၏၊ လိုချင်မှု ‘ဆန္ဒ’ လျှင် အကြောင်းခံရှိ၏။

မှန်၏၊ လိုချင်မှု’ဆန္ဒ’သည် ဆင်းရဲ၏ အရင်းခံတည်း။ အသျှင်ဘုရား တရားတော်သည် အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား တရားတော်သည် မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ “ဆင်းရဲဟူသမျှ အားလုံးသည်လိုချင်မှု ‘ဆန္ဒ’ လျှင် အရင်းခံရှိ၏၊ လိုချင်မှု ‘ဆန္ဒ’ လျှင် အကြောင်းခံရှိ၏”။ မှန်၏၊ လိုချင်မှု ‘ဆန္ဒ’သည်ဆင်းရဲ၏ အရင်းခံတည်းဟူသော ဤစကားကို မြတ်စွာဘုရားသည် အလွန်ကောင်းစွာ ဆိုတော်မူပါ၏။

အသျှင်ဘုရား အကျွန်ုပ်အား မြို့ပြင်ပအိမ်၌ နေ သော စိရဝါသိမည်သော သူငယ် ရှိပါ၏၊ အသျှင်ဘုရားအကျွန်ုပ်သည် နံနက်စောစော ထ၍ ယောကျာ်း တစ်ယောက်ကို “အချင်း သွားလော့၊ စိရဝါသိသူငယ်ကို့သိအောင် ပြုလေလော့”ဟု လွှတ်လိုက်ပါ၏၊ အသျှင်ဘုရား ထိုယောကျာ်း မလာသမျှကာလပတ်လုံးအကျွန်ုပ်မှာ “စိရဝါသိသူငယ်အား တစ်ခုခု ထိခိုက် မှု မဖြစ်ပါစေလင့်”ဟု စိတ်ဖောက်ပြန်မှုဖြစ်သည်သာလျှင်တည်း။

ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ စိရဝါသိသူငယ်ကို သတ်ခြင်းကြောင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းကြောင့်သော်လည်းကောင်း၊ ဆုံးရှုံးခြင်းကြောင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော်လည်းကောင်း သင့်အား ပူဆွေးမှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့ ဖြစ်ကုန်ရာသလော။ အသျှင်ဘုရား စိရဝါသိသူငယ်ကို သတ်ခြင်းကြောင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းကြောင့်သော်လည်းကောင်း၊ ဆုံးရှုံးခြင်းကြောင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော်လည်းကောင်း အကျွန်ုပ်အား အသက်သော်လည်း သေလောက်ရာ၏၊ ပူဆွေးမှုငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့ကား အဘယ်မှာ မဖြစ်ကုန်ဘဲ ရှိပါအံ့နည်း။ ရွာသူကြီး ဤအကြောင်းကြောင့်လည်း “ဆင်းရဲဟူသမျှ အလုံးစုံသည် လိုချင်မှု’ဆန္ဒ’လျှင် အရင်းခံရှိ၏၊ လိုချင်မှု’ဆန္ဒ’လျှင် အကြောင်းခံရှိ၏။ မှန်၏၊ လိုချင်မှု’ဆန္ဒ’သည် ဆင်းရဲ၏ အရင်းခံတည်း”ဟု ဤအကြောင်းကို သိရမည်။ ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ စိရဝါသိမိခင်ကို သင်မမြင်ရ မကြားရသော အခါ သူ့အပေါ်မှာ သင်၏ နှစ်သက်မှု ‘ဆန္ဒ’သည်လည်းကောင်း၊ တပ်မက်မှု ‘ရာဂ’သည်လည်းကောင်း၊ ချစ်ခင်မှု ‘ပေမ’သည်လည်း ကောင်း ဖြစ်သလော။ အသျှင်ဘုရားမဖြစ်ပါ။ ရွာသူကြီး သင့်အား မြင်မှုကိုလည်းကောင်း၊ ကြားမှုကိုလည်းကောင်း စွဲ၍ စိရဝါသိ၏မိခင်အပေါ်မှာ ဤသို့ နှစ်သက်မှု ‘ဆန္ဒ’သည်လည်းကောင်း၊ တပ်မက်မှု ‘ရာဂ’သည်လည်းကောင်း၊ ချစ်ခင်မှု ‘ပေမ’သည်လည်းကောင်း ဖြစ်သလော။ အသျှင်ဘုရား ဖြစ်သည် မှန် ပါ၏။

ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ စိရဝါသိ၏ မိခင်ကို သတ်ခြင်းကြောင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းကြောင့်သော်လည်းကောင်း၊ ဆုံးရှုံးခြင်းကြောင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော်လည်းကောင်း ပူဆွေးမှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့ ဖြစ်ကုန်ရာသလော။ အသျှင်ဘုရား စိရဝါသိမိခင်ကို သတ်ခြင်းကြောင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းကြောင့်သော်လည်းကောင်း၊ ဆုံးရှုံးခြင်းကြောင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကြောင့်သော်လည်းကောင်း အကျွန်ုပ်အား အသက်သော်လည်း သေလောက်ရာ၏၊ ပူဆွေးမှုငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှု တို့ကား အဘယ်မှာ မဖြစ်ကုန်ဘဲ ရှိပါအံ့နည်း။ ရွာသူကြီး ဤအကြောင်းကြောင့်လည်း “ဆင်းရဲဟူသမျှ အလုံးစုံသည် လိုချင်မှု’ဆန္ဒ’လျှင် အရင်းခံရှိ၏၊ လိုချင်မှု ‘ဆန္ဒ’လျှင် အကြောင်းခံရှိ၏။ မှန်၏၊ လိုချင်မှု ‘ဆန္ဒ’သည် ဆင်းရဲ၏ အရင်းခံတည်း”ဟု ဤအကြောင်းကို သိအပ်၏ဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။