သံယုတ္တနိကာယ်—၄၂

၁၂—ရာသိယသုတ်

၃၆၄။ ထိုအခါ ရာသိယရွာသူကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် “အသျှင်ဘုရား ရဟန်းဂေါတမသည် ပြင်းထန်သော အကျင့်အားလုံးကို ကဲ့ရဲ့၏၊ ပြင်းထန်သော အကျင့်၌ မှီသူ၊ ခေါင်းပါးသော အသက်မွေးမှုရှိသူ အားလုံးကို တစ်ဖက်သတ် စွပ်စွဲ၏၊ ပုတ်ခတ်၏ဟူသော ဤစကားကို အကျွန်ုပ် ကြားရဖူးပါ၏။ အသျှင်ဘုရား ရဟန်းဂေါတမသည် ပြင်းထန်သော အကျင့်အားလုံးကို ကဲ့ရဲ့၏၊ ပြင်းထန်သော အကျင့်၌ မှီသူ၊ ခေါင်းပါးသော အသက်မွေးမှုရှိသူအားလုံးကို တစ်ဖက်သတ် စွပ်စွဲ၏၊ ပုတ်ခတ်၏ဟု ဤသို့ ဆိုကြသော သူတို့သည် မြတ်စွာဘုရား၏စကားတော်အတိုင်း ဆိုရာရောက်ပါ၏လော၊ မြတ်စွာဘုရားကို မဟုတ်မမှန်စွပ်စွဲရာ မရောက်ပါသလော၊ ့တရားတော်အား လျော်သော တရားကိုလည်း ဆိုရာရောက်ပါ၏လော၊ မြတ်စွာဘုရား၏ ဝါဒကို အတုလိုက်၍ ပြောခြင်းသည် အကြောင်းနှင့် တကွဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ အနည်းငယ်မျှ မရောက်ဘဲ ရှိပါ၏လော”ဟု လျှောက်၏။

ရွာသူကြီး “ရဟန်းဂေါတမသည် ပြင်းထန်သော အကျင့်အားလုံးကို ကဲ့ရဲ့၏၊ ပြင်းထန်သော အကျင့် ၌ မှီသူ၊ ခေါင်းပါးသော အသက်မွေးမှုရှိသူ အားလုံးကို တစ်ဖက်သတ် စွပ်စွဲ၏၊ ပုတ်ခတ်၏ဟု ဤသို့ဆိုကြသော သူတို့သည် ငါ၏ စကားအတိုင်း ဆိုရာ မရောက်ကြကုန်၊ စင်စစ် ထိုသူတို့သည် ငါဘုရားကိုထင်ရှား မရှိသော အချည်းနှီးသော မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲရာ ရောက်ကြကုန်၏ဟု (မိန့်တော်မူ၏)။

ရွာသူကြီး ယုတ်ညံ့သော ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အကျင့်ဖြစ်သော အရိယာတို့၏အကျင့်မဟုတ်သော အကျိုးမဲ့နှင့် စပ်သော ကာမဂုဏ်တို့၌ တွယ်တာငြိကပ်အားထုတ်သော အကျင့်သည်အစွန်းတစ်ဖက်တည်း၊ ဆင်းရဲသော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးမဲ့နှင့် စပ်သောကိုယ်ကိုပင်ပန်းစေသော အားထုတ်ခြင်းအကျင့်သည် အစွန်းတစ်ဖက်တည်း၊ ဤအစွန်းနှစ်ဖက်တို့ကို ရဟန်းသည်မမှီဝဲအပ်ကုန်။ ရွာသူကြီး ဤအစွန်းနှစ်ဖက်တို့ကို မကပ်မူ၍ ဉာဏ်မျက်စိကို ပြုတတ်သော အသိဉာဏ်ကိုပြုတတ်သော ငြိမ်းခြင်းငှါ အထူးသိခြင်းငှါ ထိုးထွင်း၍ သိခြင်းငှါ နိဗ္ဗာန်ရောက်ခြင်းငှါ အလယ်အလတ်ဖြစ်သော အကျင့်ကို မြတ်စွာဘုရားသည် ထိုးထွင်း၍ သိတော်မူ၏၊ ရွာသူကြီး မြတ်စွာဘုရား ထိုးထွင်း၍ သိတော်မူသော ဉာဏ်မျက်စိကို ပြုတတ်သော အသိဉာဏ်ကို ပြုတတ်သော ငြိမ်းခြင်းငှါ အထူးသိခြင်းငှါထိုးထွင်း၍ သိခြင်းငှါ နိဗ္ဗာန်ရောက်ခြင်းငှါ ဖြစ်သော ထိုအလယ်အလတ်အကျင့်ဟူသည် အဘယ်နည်း။ မှန်ကန်သော မြင်ခြင်း။ပ။ မှန်ကန်သော တည်ကြည်ခြင်း ဟူသော အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ရွာသူကြီး ဉာဏ်မျက်စိကို ပြုတတ်သော အသိဉာဏ်ကို ပြုတတ်သောငြိမ်းခြင်းငှါ အထူးသိခြင်းငှါ ထိုး ထွင်း၍ သိခြင်းငှါ နိဗ္ဗာန်ရောက်ခြင်းငှါ ဖြစ်သော ဤအလယ်အလတ်အကျင့်ကို မြတ်စွာဘုရားသည် ထိုး ထွင်း၍ သိတော်မူ၏။

ရွာသူကြီး သုံးမျိုးသော ဤကာမဂုဏ်ခံစားသူတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်း၊ ရွာသူကြီး ဤလောက၌ အချို့သော ကာမဂုဏ်ခံစားသူသည် အနိုင်အထက် ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရား ရှာမှီး၏၊ အနိုင်အထက် ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရား ရှာမှီးလျက် မိမိကိုယ်ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြု။ ရွာသူကြီး ထိုမှတစ်ပါး ဤလောက၌ အချို့သော ကာမဂုဏ်ခံစားသူသည် အနိုင်အထက် ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရားရှာမှီး၏၊ အနိုင်အထက် ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရား ရှာမှီးလျက် မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြု။ ရွာသူကြီး ထိုမှတစ်ပါး ဤလောက၌ အချို့သော ကာမဂုဏ်ခံစားသူသည် အနိုင်အထက် ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရား ရှာမှီး၏၊ အနိုင်အထက် ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရား ရှာမှီးလျက် မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏၊ ဝေခြမ်း (စွန့်ကြဲ) ၏၊ ကောင်းမှုတို့ကို ပြု၏။ (၁—၂—၃)

ရွာသူကြီး ဤလောက၌ အချို့သော ကာမဂုဏ်ခံစားသူသည် အနိုင်အထက်ပြုလုပ်၍ သော်လည်းကောင်း၊ အနိုင်အထက် မပြုလုပ်ဘဲသော်လည်းကောင်း စည်းစိမ်ဥစ္စာတို့ကို တရား မတရား နှစ်ပါးစုံဖြင့်ရှာမှီး၏။ အနိုင်အထက်ပြုလုပ်၍ သော်လည်းကောင်း၊ အနိုင်အထက် မပြုလုပ်ဘဲသော်လည်းကောင်းစည်းစိမ် ဥစ္စာတို့ကို တရား မတရား နှစ်ပါးစုံဖြင့် ရှာမှီးလျက် မိမိကိုယ်ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြု။ ရွာသူကြီး ထိုမှတပါး ဤလောက၌ အချို့သောကာမဂုဏ်ခံစားသူသည် အနိုင်အထက်ပြုလုပ်၍ သော်လည်းကောင်း၊ အနိုင်အထက်မပြုလုပ်ဘဲသော်လည်းကောင်း စည်းစိမ် ဥစ္စာတို့ကို တရား မတရား နှစ်ပါးစုံဖြင့် ရှာမှီး၏။

အနိုင်အထက်ပြုလုပ်၍ သော်လည်းကောင်း၊ အနိုင် အထက် မပြုလုပ်ဘဲသော်လည်းကောင်းစည်းစိမ်ဥစ္စာတို့ကို တရား မတရား နှစ်ပါးစုံဖြင့် ရှာမှီးလျက် မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြု။ ရွာသူကြီး ထိုမှတပါး ဤလောက၌ အချို့သောကာမဂုဏ်ခံစားသူသည် အနိုင်အထက် ပြုလုပ်၍ သော်လည်းကောင်း၊ အနိုင်အထက်မပြုလုပ်ဘဲသော်လည်းကောင်း စည်းစိမ်ဥစ္စာတို့ကို တရား မတရား နှစ်ပါးစုံဖြင့် ရှာမှီး လျက်မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏၊ ဝေခြမ်း (စွန့်ကြဲ) ၏၊ ကောင်းမှုတို့ကို ပြု၏။ (၄—၅—၆)

ရွာသူကြီး ထိုမှတစ်ပါး ဤလောက၌ အချို့သော ကာမဂုဏ်ခံစားသူသည် အနိုင်အထက် မပြုလုပ် ဘဲစည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၏၊ အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရား သဖြင့်ရှာမှီးလျက် မိမိကိုယ်ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြု။ ရွာသူကြီး ထိုမှတစ်ပါး ဤလောက၌ အချို့သော ကာမဂုဏ်ခံစားသူသည် အနိုင်အထက် မပြုလုပ်ဘဲစည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၏၊ အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့်ရှာမှီးလျက် မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြု။ ရွာသူကြီး ထိုမှတစ်ပါး ဤလောက၌ အချို့သော ကာမဂုဏ်ခံစားသူသည် အနိုင်အထက် မပြုလုပ်ဘဲစည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၏၊ အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့်ရှာမှီးလျက် မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏၊ ဝေခြမ်း (စွန့်ကြဲ) ၏၊ ကောင်းမှုတို့ကို ပြု၏။

စည်းစိမ်ဥစ္စာတို့ကိုလည်း မက်မော တွေဝေ စွဲလမ်းလျက် အပြစ် မမြင်ဘဲ ထွက်မြောက်လိုသော ဉာဏ်မရှိမူ၍ သုံးဆောင်၏။ ရွာသူကြီး ထိုမှတစ်ပါး ဤလောက၌ အချို့သော ကာမဂုဏ်ခံစားသူသည် အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၏၊ အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၍ မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏၊ ဝေခြမ်း (စွန့်ကြဲ) ၏၊ ကောင်းမှုတို့ကို ပြု၏။ စည်းစိမ်ဥစ္စာတို့ကိုလည်း မမက်မော မတွေဝေဘဲလျက် မစွဲလမ်းဘဲလျက် အပြစ်မြင်ကာလွက်မြောက်လိုသော ဉာဏ်ရှိသည်ဖြစ်၍ သုံးဆောင်၏။ (၇—၈—၉)

ရွာသူကြီး ထိုပုဂ္ဂိုလ်တို့တွင် အကြင်ကာမဂုဏ်ခံစားသူသည် အနိုင်အထက်ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကိုမတရား ရှာမှီး၏၊ အနိုင်အထက်ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရား ရှာမှီး၍ မိမိကိုယ်ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြု။ ဤကာမဂုဏ်ခံစားသူသည် သုံးပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရ၏။ အဘယ်သုံးပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရသနည်း၊ အနိုင်အထက်ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရားရှာမှီး၏ဟူသော ဤပဌမအကြောင်းဖြင့်လည်း အကဲ့ရဲ့ခံရ၏၊ မိမိကိုယ်ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေဟူသော ဤဒုတိယအကြောင်းဖြင့်လည်း အကဲ့ရဲ့ခံရ၏၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြုဟူသော ဤတတိယအကြောင်းဖြင့်လည်း အကဲ့ရဲ့ခံရ၏။ ရွာသူကြီး ဤကာမဂုဏ်ခံစားသူသည် ဤသုံးပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရ၏။ (၁)

ရွာသူကြီး ထိုပုဂ္ဂိုလ်တို့တွင် အကြင်ကာမဂုဏ်ခံစားသူသည် အနိုင်အထက်ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရား ရှာမှီး၏၊ အနိုင်အထက်ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရား ရှာမှီးလျက် မိမိကိုယ်ကိုချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြု။ ဤကာမဂုဏ်ခံစားသူသည်နှစ်ပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရ၏၊ တစ်ပါးသော အကြောင်းဖြင့် ချီးမွမ်းခံရ၏။ အဘယ်နှစ်ပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရသနည်း၊ အနိုင်အထက်ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရားရှာမှီး၏ဟူသော ဤပဌမအကြောင်းဖြင့်လည်း အကဲ့ရဲ့ခံရ၏၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြုဟူသော ဤဒုတိယအကြောင်းဖြင့်လည်း အကဲ့ရဲ့ခံရ၏။ အဘယ်တစ်ပါးသော အကြောင်းဖြင့် ချီးမွမ်းခံရသနည်း၊ မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏ဟူသော ဤတစ်ပါးသော အကြောင်းဖြင့် အချီးမွမ်းခံရ၏။

ရွာသူကြီး ဤကာမဂုဏ်ခံစားသူသည် ဤနှစ်ပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရ၏၊ ဤတစ်ပါးသောအကြောင်းဖြင့် အချီးမွမ်းခံရ၏။ (၂)

ရွာသူကြီး ထိုပုဂ္ဂိုလ်တို့တွင် အကြင်ကာမဂုဏ်ခံစားသူသည် အနိုင်အထက်ပြုလုပ်၍ စည်းစိမ်ဥစ္စာ တို့ကိုမတရား ရှာမှီး၏၊ အနိုင်အထက်ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရား ရှာမှီးလျက် မိမိကိုယ်ကိုချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏၊ ဝေခြမ်း (စွန့်ကြဲ) ၏၊ ကောင်းမှုတို့ကို ပြု၏။ ဤကာမဂုဏ်ခံစားသူသည်တစ်ပါးသော အကြောင်းဖြင့် အကဲ့ရဲ့ခံရ၏၊ နှစ်ပါးသော အကြောင်းတို့ဖြင့် အချီးမွမ်းခံရ၏။ အဘယ်တစ်ပါးသော အကြောင်းဖြင့် အကဲ့ရဲ့ခံရသနည်း၊ အနိုင်အထက်ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရားရှာမှီး၏ဟူသော ဤတစ်ပါးသော အကြောင်းဖြင့် အကဲ့ရဲ့ခံရ၏။ အဘယ်နှစ်ပါးသော အကြောင်းတို့ဖြင့်အချီးမွမ်းခံရသနည်း၊ မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏ ဟူသော ဤပဌမအကြောင်းဖြင့် အချီးမွမ်းခံရ၏။ ဝေခြမ်း (စွန့်ကြဲ) ၏၊ ကောင်းမှုတို့ကို ပြု၏ဟူသော ဤဒုတိယအကြောင်းဖြင့် အချီးမွမ်းခံရ၏။

ရွာသူကြီး ဤကာမဂုဏ်ခံစားသူသည် ဤတစ်ပါးသော အကြောင်းဖြင့် အကဲ့ရဲ့ခံရ၏၊ ဤနှစ်ပါးသောအကြောင်းတို့ဖြင့် အချီးမွမ်းခံရ၏။ (၃)

ရွာသူကြီး ထိုပုဂ္ဂိုလ်တို့တွင် အကြင်ကာမဂုဏ်ခံစားသူသည် အနိုင်အထက်ပြုလုပ်၍ သော်လည်း ကောင်း၊ အနိုင်အထက် မပြုလုပ်ဘဲသော်လည်းကောင်း တရား မတရား နှစ်ပါးစုံဖြင့် စည်းစိမ်ဥစ္စာတို့ကို ရှာမှီး၏။

အနိုင်အထက်ပြုလုပ်၍ သော်လည်းကောင်း၊ အနိုင်အထက် မပြုလုပ်ဘဲသော်လည်းကောင်း တရား မတရားနှစ်ပါးစုံဖြင့် စည်းစိမ်ဥစ္စာတို့ကို ရှာမှီးလျက် မိမိကိုယ်ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြု။ ဤကာမဂုဏ်ခံစားသူသည် တစ်ပါးသော အကြောင်းဖြင့် အချီးမွမ်းခံရ၏၊ သုံးပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရ၏။ အဘယ်တစ်ပါးသော အကြောင်းဖြင့် အချီးမွမ်းခံရသနည်း၊ အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၏ ဟူသော ဤတစ်ပါးသောအကြောင်းဖြင့် အချီးမွမ်းခံရ၏။ အဘယ်သုံးပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရသနည်း၊ အနိုင်အထက်ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရား ရှာမှီး၏ဟူသော ဤပဌမအကြောင်းဖြင့် အကဲ့ရဲ့ခံရ၏၊ မိမိကိုယ်ကိုမချမ်းသာစေ၊ မပြည့်ဖြိုးစေဟူသော ဤဒုတိယအကြောင်းဖြင့် အကဲ့ရဲ့ခံရ၏၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်း မှုတို့ကို မပြုဟူသော ဤတတိယအကြောင်းဖြင့် အကဲ့ရဲ့ခံရ၏။ ရွာသူကြီး ဤကာမဂုဏ်ခံစားသူသည် ဤတစ်ပါးသော အကြောင်းဖြင့် အချီးမွမ်းခံရ၏၊ ဤသုံးပါးသောအကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရ၏။ (၄)

ရွာသူကြီး ထိုပုဂ္ဂိုလ်တို့တွင် အကြင်ကာမဂုဏ်ခံစားသူသည် အနိုင်အထက်ပြုလုပ်၍ သော်လည်း ကောင်း၊ အနိုင်အထက် မပြုလုပ်ဘဲသော်လည်းကောင်း စည်းစိမ်ဥစ္စာတို့ကို တရား မတရား နှစ်ပါးစုံဖြင့်ရှာမှီး၏။ အနိုင်အထက်ပြုလုပ်၍ သော်လည်းကောင်း၊ အနိုင်အထက် မပြုလုပ်ဘဲသော်လည်းကောင်းစည်းစိမ် ဥစ္စာတို့ကို တရား မတရား နှစ်ပါးစုံဖြင့် ရှာမှီးလျက် မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏၊ မဝေ ခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြု။ ဤကာမဂုဏ်ခံစားသူသည် နှစ်ပါးသောအကြောင်းတို့ဖြင့် အချီး မွမ်းခံရ၏၊ နှစ်ပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရ၏။ အဘယ်နှစ်ပါးသောအကြောင်းတို့ဖြင့် အချီး မွမ်းခံရသနည်း၊ အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့်ရှာမှီး၏ ဟူသော ဤပဌမ အကြောင်းဖြင့် အချီးမွမ်းခံရ၏၊ မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏ ဟူသော ဤဒုတိယအကြောင်း ဖြင့် အချီးမွမ်းခံရ၏။ အဘယ်နှစ်ပါးသော အကြောင်းတို့ဖြင့်အကဲ့ရဲ့ခံရသနည်း၊ အနိုင်အထက်ပြုလုပ်၍ စည်းစိမ်ဥစ္စာတို့ကို မတရားသဖြင့် ရှာမှီး၏ ဟူသော ဤပဌမအကြောင်းဖြင့် အကဲ့ရဲ့ခံရ၏၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြုဟူသော ဤဒုတိယအကြောင်းဖြင့် အကဲ့ရဲ့ခံရ၏။ ရွာသူကြီး ဤ ကာမဂုဏ်ခံစားသူသည် ဤနှစ်ပါးသောအကြောင်းတို့ဖြင့် အချီးမွမ်းခံရ၏၊ ဤနှစ်ပါးသော အကြောင်း တို့ဖြင့် အကဲ့ရဲ့ခံရ၏။ (၅)

ရွာသူကြီး ထိုပုဂ္ဂိုလ်တို့တွင် အကြင်ကာမဂုဏ်ခံစားသူသည် အနိုင်အထက်ပြုလုပ်၍ သော်လည်း ကောင်း၊ ့အနိုင်အထက် မပြုလုပ်ဘဲသော်လည်းကောင်း စည်းစိမ်ဥစ္စာတို့ကို တရား မတရား နှစ်ပါးစုံဖြင့် ရှာမှီး၏။

အနိုင်အထက်ပြုလုပ်၍ သော်လည်းကောင်း၊ အနိုင်အထက် မပြုလုပ်ဘဲသော်လည်းကောင်း စည်းစိမ်ဥစ္စာတို့ကို တရား မတရား နှစ်ပါးစုံဖြင့် ရှာမှီး၍ မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏၊ ဝေခြမ်း (စွန့်ကြဲ) ၏၊ ကောင်းမှုတို့ကို ပြု၏။ ဤကာမဂုဏ်ခံစားသူသည် သုံးပါးသော အကြောင်းတို့ဖြင့် အချီးမွမ်းခံရ၏၊ တစ်ပါးသော အကြောင်းဖြင့် အကဲ့ရဲ့ခံရ၏၊ အဘယ်သုံးပါးသော အကြောင်းတို့ဖြင့် အချီးမွမ်းခံရသနည်း၊ အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၏ ဟူသော ဤပဌမအကြောင်းဖြင့် အချီးမွမ်းခံရ၏၊ မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏ ဟူသော ဤဒုတိယအကြောင်းဖြင့် အချီးမွမ်းခံရ၏၊ ဝေခြမ်း (စွန့်ကြဲ) ၏၊ ကောင်းမှုတို့ကို ပြု၏ ဟူသော ဤတတိယအကြောင်းဖြင့်အချီး မွမ်းခံရ၏။ အဘယ်တစ်ပါးသော အကြောင်းဖြင့် အကဲ့ရဲ့ခံရသနည်း၊ အနိုင်အထက်ပြုလုပ်၍ စည်းစိမ်ဥစ္စာ တို့ကို မတရားရှာမှီး၏ ဟူသော ဤတစ်ပါးသော အကြောင်းဖြင့် အကဲ့ရဲ့ခံရ၏။ ရွာသူကြီး ဤကာမဂုဏ် ခံစားသူသည် ဤသုံးပါးသော အကြောင်းတို့ဖြင့် အချီးမွမ်းခံရ၏၊ ဤတစ်ပါးသောအကြောင်းဖြင့် အကဲ့ရဲ့ ခံရ၏။ (၆)

ရွာသူကြီး ထိုပုဂ္ဂိုလ်တို့တွင် အကြင်ကာမဂုဏ်ခံစားသူသည် အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၏၊ အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၍ မိမိကိုယ်ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြု။ ရွာသူကြီး ဤကာမဂုဏ်ခံစားသူသည် တစ်ပါးသော အကြောင်းဖြင့် အချီးမွမ်းခံရ၏၊ နှစ်ပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရ၏။ အဘယ်တစ်ပါးသော အကြောင်းဖြင့် အချီးမွမ်းခံရသနည်း၊ အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၏ဟူသော ဤတစ်ပါးသော အကြောင်းဖြင့် အချီးမွမ်းခံရ၏။ အဘယ်နှစ်ပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရသနည်း၊ မိမိကိုယ်ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ ဟူသော ဤပဌမအကြောင်းဖြင့် အကဲ့ရဲ့ခံရ၏၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြုဟူသော ဤဒုတိယအကြောင်းဖြင့် အကဲ့ရဲ့ခံရ၏။ ရွာသူကြီး ဤကာမဂုဏ်ခံစားသူသည် ဤတစ်ပါးသောအကြောင်းဖြင့် အချီးမွမ်းခံရ၏၊ ဤနှစ်ပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရ၏။ (၇)

ရွာသူကြီး ထိုပုဂ္ဂိုလ်တို့တွင် အကြင်ကာမဂုဏ်ခံစားသူသည် အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၏၊ အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၍ မိမိကိုယ်ကို မချမ်းသာစေ၊ မပြည့်ဖြိုးစေ၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြု။ ရွာသူကြီး ဤကာမဂုဏ်ခံစားသူသည် နှစ်ပါးသော အကြောင်းတို့ဖြင့် အချီးမွမ်းခံရ၏၊ တစ်ပါးသော အကြောင်းဖြင့် အကဲ့ရဲ့ခံရ၏။ အဘယ်နှစ်ပါးသော အကြောင်းတို့ဖြင့် အချီးမွမ်းခံရသနည်း၊ အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၏ ဟူသော ဤပဌမအကြောင်းဖြင့် အချီးမွမ်းခံရ၏၊ မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏ ဟူသော ဤဒုတိယအကြောင်းဖြင့် အချီးမွမ်းခံရ၏။ အဘယ်တစ်ခုသောအကြောင်းဖြင့် အကဲ့ရဲ့ခံရသနည်း၊ မဝေခြမ်း (မစွန့်ကြဲ)၊ ကောင်းမှုတို့ကို မပြုဟူသော ဤတစ်ပါးသောအကြောင်းဖြင့် အကဲ့ရဲ့ခံရ၏။ ရွာသူကြီး ဤကာမဂုဏ်ခံစားသူသည် ဤနှစ်ပါးသော အကြောင်းတို့ဖြင့်အချီးမွမ်းခံရ၏၊ ဤတစ်ပါးသော အကြောင်းဖြင့် အကဲ့ရဲ့ခံရ၏။ (၈)

ရွာသူကြီး ထိုပုဂ္ဂိုလ်တို့တွင် အကြင်ကာမဂုဏ်ခံစားသူသည် အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၏၊ အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၍ မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏၊ ဝေခြမ်း (စွန့်ကြဲ) ၏၊ ကောင်းမှုတို့ကို ပြု၏၊ စည်းစိမ်ဥစ္စာတို့ကိုလည်း မက်မော တွေဝေ စွဲလမ်းလျက် အပြစ် မမြင်ဘဲ ထွက်မြောက်လိုသော ဉာဏ် မရှိမူ၍ သုံးဆောင်၏။ ဤကာမဂုဏ်ခံစားသူသည် ဤသုံးပါးသော အကြောင်းတို့ဖြင့် အချီးမွမ်းခံရ၏၊ တစ်ပါးသော အကြောင်းဖြင့် အကဲ့ရဲ့ခံရ၏။ အဘယ်သုံးပါးသော အကြောင်းတို့ဖြင့် အချီးမွမ်းခံရသနည်း၊ အနိုင့်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၏ဟူသော ဤပဌမအကြောင်းဖြင့် အချီးမွမ်းခံရ၏၊ မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏ ဟူသော ဤဒုတိယအကြောင်းဖြင့် အချီးမွမ်းခံရ၏၊ ဝေခြမ်း (စွန့်ကြဲ) ၏၊ ကောင်းမှုတို့ကို ပြု၏ ဟူသော ဤတတိယအကြောင်းဖြင့် အချီးမွမ်းခံရ၏။ အဘယ်တစ်ပါးသော အကြောင်းဖြင့် အကဲ့ရဲ့ခံရသနည်း၊ ထိုစည်းစိမ်ဥစ္စာတို့ကိုလည်း မက်မော တွေဝေ စွဲလမ်းကာ အပြစ် မမြင်ဘဲ ထွက်မြောက်လိုသော ဉာဏ် မရှိမူ၍ သုံးဆောင်၏ ဟူသော တစ်ပါးသောအကြောင်း ဖြင့် အကဲ့ရဲ့ခံရ၏။ ရွာသူကြီး ဤကာမဂုဏ်ခံစားသူသည် ဤသုံးပါးသော အကြောင်းတို့ဖြင့်အချီးမွမ်း ခံရ၏၊ တစ်ပါးသော အကြောင်းဖြင့် အကဲ့ရဲ့ခံရ၏။ (၉)

ရွာသူကြီး ထိုပုဂ္ဂိုလ်တို့တွင် အကြင်ကာမဂုဏ်ခံစားသူသည် အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၏၊ အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၍ မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏၊ ဝေခြမ်း (စွန့်ကြဲ) ၏၊ ကောင်းမှုတို့ကို ပြု၏၊ ထိုစည်းစိမ်ဥစ္စာတို့ကိုလည်း မမက်မော မတွေဝေ မစွဲလမ်းဘဲ အပြစ်မြင်လျက် ထွက်မြောက်လိုသော ဉာဏ်ရှိသည်ဖြစ်၍ သုံးဆောင်၏။ ဤကာမဂုဏ်ခံစားသူသည် ဤလေးပါးသော အကြောင်းတို့ဖြင့် အချီးမွမ်းခံရ၏။

အဘယ်လေးပါးသော အကြောင်းတို့ဖြင့် အချီးမွမ်းခံရသနည်း၊ အနိုင်အထက် မပြုလုပ်ဘဲ စည်းစိမ်ဥစ္စာတို့ကို တရားသဖြင့် ရှာမှီး၏ ဟူသော ဤပဌမအကြောင်းဖြင့် အချီးမွမ်းခံရ၏၊ မိမိကိုယ်ကို ချမ်းသာစေ၏၊ ပြည့်ဖြိုးစေ၏ ဟူသော ဤဒုတိယအကြောင်းဖြင့် အချီးမွမ်းခံရ၏၊ ဝေခြမ်း (စွန့်ကြဲ) ၏၊ ကောင်းမှုတို့ကိုပြု၏ဟူသော ဤတတိယအကြောင်းဖြင့် အချီးမွမ်းခံရ၏၊ ထိုစည်းစိမ်ဥစ္စာတို့ကိုလည်း မမက်မောမတွေဝေ မစွဲလမ်းဘဲ အပြစ်မြင်လျက် ထွက်မြောက်လိုသော ဉာဏ်ရှိသည်ဖြစ်၍ သုံးဆောင်၏ ဟူသော ဤစတုတ္ထ အကြောင်းဖြင့် အချီးမွမ်းခံရ၏။ ရွာသူကြီး ဤကာမဂုဏ်ခံစားသူသည် ဤလေးပါးသောအကြောင်းတို့ဖြင့် အချီးမွမ်းခံရ၏။ (၁ဝ)

ရွာသူကြီး ပြင်းထန်သော အကျင့်၌ မှီ၍ ခေါင်းပါးသော အသက်မွေးမှုရှိသော ဤသုံးယောက်သောသူတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးယောက်တို့နည်း၊ ရွာသူကြီး ဤလောက၌ ပြင်းထန်သော အကျင့်၌ မှီ၍ ခေါင်းပါးသော အသက်မွေးမှုရှိသော အချို့သော သူသည် “ကုသိုလ်တရားတို့ကိုရတန်ရာ၏၊ လူတို့၏ တရားထက် လွန်သော အရိယာတို့၏ ဉာဏ်အမြင်ထူးကို မျက်မှောက်ပြုနိုင်တန်ရာ၏” ဟူသော ယုံကြည်ချက်ဖြင့် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်၌ ဝင်ရောက် ရဟန်းပြု၏၊ ထိုသူသည် မိမိကိုယ်ကို ပူပန်စေ၏၊ ပြင်းစွာ ပူပန်စေ၏၊ ကုသိုလ်တရားကိုလည်း မရ၊ လူတို့၏ တရားထက်လွန်သော အရိယာတို့၏ ဉာဏ်အမြင်ထူးကို မျက်မှောက် မပြုနိုင်။ (၁)

ရွာသူကြီး နောက်တစ်မျိုးကား ဤလောက၌ ပြင်းထန်သော အကျင့်၌ မှီ၍ ခေါင်းပါးသော အသက်မွေးမှုရှိသော အချို့သော သူသည် “ကုသိုလ်တရားတို့ကို ရတန်ရာ၏၊ လူတို့၏ တရားထက် လွန်သောအရိယာတို့၏ ဉာဏ်အမြင်ထူးကို မျက်မှောက်ပြုနိုင်တန်ရာ၏” ဟူသော ယုံကြည်ချက်ဖြင့် လူ့ဘောင်မှထွက်၍ ရဟန်းဘောင်၌ ဝင်ရောက် ရဟန်းပြု၏၊ ထိုသူသည် မိမိကိုယ်ကို ပူပန်စေ၏၊ ပြင်းစွာ ပူပန်စေ၏၊ ကုသိုလ်တရားကိုသာ ရ၏၊ လူတို့၏ တရားထက် လွန်သော အရိယာတို့၏ ဉာဏ်အမြင်ထူးကိုကားမျက်မှောက် မပြုနိုင်။ (၂)

ရွာသူကြီး နောက်တစ်မျိုးကား ဤလောက၌ ပြင်းထန်သော အကျင့်၌ မှီ၍ ခေါင်းပါးသော အသက်မွေးမှုရှိသော အချို့သော သူသည် “ကုသိုလ်တရားတို့ကို ရတန်ရာ၏၊ လူတို့၏ တရားထက် လွန်သောအရိယာတို့၏ ဉာဏ်အမြင်ထူးကို မျက်မှောက်ပြုနိုင်တန်ရာ၏” ဟူသော ယုံကြည်ချက်ဖြင့် လူ့ဘောင်မှထွက်၍ ရဟန်းဘောင်၌ ဝင်ရောက် ရဟန်းပြု၏။ ထိုသူသည် မိမိကိုယ်ကို ပူပန်စေ၏၊ ပြင်းစွာ ပူပန်စေ၏၊ ကုသိုလ်တရားတို့ကိုလည်း ရ၏၊ လူတို့၏ တရားထက် လွန်သော အရိယာတို့၏ ဉာဏ်အမြင်ထူးကိုမျက်မှောက်ပြုနိုင်၏။ (၃)

ရွာသူကြီး ထိုသုံးယောက်တို့တွင် ပြင်းထန်သော အကျင့်၌ မှီ၍ ခေါင်းပါးသော အသက်မွေးမှု ရှိသောအကြင်သူသည် မိမိကိုယ်ကို ပူပန်စေ၏၊ ပြင်းစွာ ပူပန်စေ၏၊ ကုသိုလ်တရားကိုလည်း မရ၊ လူတို့၏တရားထက် လွန်သော အရိယာတို့၏ ဉာဏ်အမြင်ထူးကိုလည်း မျက်မှောက် မပြုနိုင်။ ရွာသူကြီးပြင်းထန်သော အကျင့်၌ မှီ၍ ခေါင်းပါးသော အသက်မွေးမှုရှိသော ဤသူသည် သုံးပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရ၏။ အဘယ်သုံးပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရသနည်း၊ မိမိကိုယ်ကိုပူပန်စေ၏၊ ပြင်းစွာ ပူပန်စေ၏ ဟူသော ဤပဌမအကြောင်းဖြင့် အကဲ့ရဲ့ခံရ၏၊ ကုသိုလ်တရားကိုလည်းမရဟူသော ဤဒုတိယအကြောင်းဖြင့် အကဲ့ရဲ့ခံရ၏၊ လူတို့၏ တရားထက် လွန်သော အရိယာတို့၏ဉာဏ်အမြင်ထူးကိုလည်း မျက်မှောက်မပြုနိုင်ဟူသော ဤတတိယအကြောင်းဖြင့် အကဲ့ရဲ့ခံရ၏။

ရွာသူကြီး ပြင်းထန်သော အကျင့်၌ မှီ၍ ခေါင်းပါးသော အသက်မွေးမှုရှိသော ဤသူသည် ဤသုံးပါးသောအကြောင်းတို့ဖြင့် အကဲ့ရဲ့ ခံရ၏။ (၁)

ရွာသူကြီး ထိုသုံးယောက်တို့တွင် ပြင်းထန်သော အကျင့်၌ မှီ၍ ခေါင်းပါးသော အသက်မွေးမှုရှိ သောအကြင်သူသည် မိမိကိုယ်ကို ပူပန်စေ၏၊ ပြင်းစွာ ပူပန်စေ၏၊ ကုသိုလ်တရားကိုသာ ရ၏၊ လူတို့၏တရားထက် လွန်သော အရိယာတို့၏ ဉာဏ်အမြင်ထူးကိုကား မျက်မှောက်မပြုနိုင်။ ပြင်းထန်သောအကျင့် ၌ မှီ၍ ခေါင်းပါးသော အသက်မွေးမှုရှိသော ဤသူသည် နှစ်ပါးသော အကြောင်းတို့ဖြင့်အကဲ့ရဲ့ခံရ၏။ အဘယ်နှစ်ပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရသနည်း၊ မိမိကိုယ်ကို ပူပန်စေ၏၊ ပြင်းစွာပူပန်စေ၏ဟူ သော ဤပဌမအကြောင်းဖြင့် အကဲ့ရဲ့ခံရ၏၊ လူတို့၏ တရားထက် လွန်သော အရိယာတို့၏ဉာဏ်အမြင် ထူးကိုကား မျက်မှောက်မပြုနိုင်ဟူသော ဤဒုတိယအကြောင်းဖြင့် အကဲ့ရဲ့ခံရ၏။

အဘယ်တစ်ပါးသော အကြောင်းဖြင့် အချီးမွမ်းခံရသနည်း။ ကုသိုလ်တရားကိုသာ ရ၏ဟူသော ဤတစ်ပါးသော အကြောင်းဖြင့် အချီးမွမ်းခံရ၏။ ရွာသူကြီး ပြင်းထန်သော အကျင့်၌ မှီ၍ ခေါင်းပါးသောအသက်မွေးမှုရှိသော ဤသူသည် နှစ်ပါးသော အကြောင်းတို့ဖြင့် အကဲ့ရဲ့ခံရ၏၊ ဤတစ်ပါးသောအကြောင်းဖြင့် အချီးမွမ်းခံရ၏။ (၂)

ရွာသူကြီး ထိုသုံးယောက်တို့တွင် ပြင်းထန်သော အကျင့်၌ မှီ၍ ခေါင်းပါးသော အသက်မွေးမှုရှိ သောအကြင်သူသည် မိမိကိုယ်ကို ပူပန်စေ၏၊ ပြင်းစွာ ပူပန်စေ၏၊ ကုသိုလ်တရားကိုလည်း ရ၏၊ လူတို့၏တရားထက် လွန်သော အရိယာတို့၏ ဉာဏ်အမြင်ထူးကိုလည်း မျက်မှောက်ပြုနိုင်၏။ ဤပြင်းထန်သောအကျင့်၌ မှီ၍ ခေါင်းပါးသော အသက်မွေးမှုရှိသော ဤသူသည် တစ်ပါးသော အကြောင်းဖြင့်အကဲ့ရဲ့ခံရ၏၊ နှစ်ပါးသော အကြောင်းတို့ဖြင့် အချီးမွမ်းခံရ၏။ အဘယ်တစ်ပါးသော အကြောင်းဖြင့်အကဲ့ရဲ့ခံရသနည်း၊ မိမိကိုယ်ကို ပူပန်စေ၏၊ ပြင်းစွာ ပူပန်စေ၏ ဟူသော ဤတစ်ပါးအကြောင်းဖြင့်အကဲ့ရဲ့ခံရ၏။ အဘယ်နှစ် ပါးသော အကြောင်းတို့ဖြင့် အချီးမွမ်းခံရသနည်း၊ ကုသိုလ်တရားကိုလည်းရ၏ဟူသော ဤပဌမအကြောင်း ဖြင့် အချီးမွမ်းခံရ၏၊ လူတို့၏ တရားထက်လွန်သော အရိယာတို့၏ဉာဏ်အမြင်ထူးကိုလည်း မျက်မှောက် ပြုနိုင်၏ဟူသော ဤဒုတိယအကြောင်းဖြင့် အချီးမွမ်းခံရ၏။

ရွာသူကြီး ပြင်းထန်သော အကျင့်၌ မှီ၍ ခေါင်း ပါးသော အသက်မွေးမှုရှိသော ဤသူသည် ဤတစ်ပါးသော အကြောင်းဖြင့် အကဲ့ရဲ့ခံရ၏၊ နှစ်ပါးသော အကြောင်းတို့ဖြင့် အချီးမွမ်းခံရ၏။ (၃)

ရွာသူကြီးကိုယ်တိုင် သိမြင်နိုင်သော အခါမလင့် အကျိုးပေးနိုင်သော လာလှည့် ရှုလှည့်ဟု ပြထိုက်သော မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော ကိလေသာပယ်ဖျက်မှုတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်း၊

တပ်မက်သော သူသည် တပ်မက်ခြင်းအကြောင်းကြောင့် မိမိပျက်စီးအောင်လည်း အားထုတ်၏၊ သူတစ်ပါးပျက်စီးအောင်လည်း အားထုတ်၏၊ နှစ်ဦးလုံးပျက်စီးအောင်လည်း အားထုတ်၏။ တပ်မက်မှုကိုပယ်ပြီးသော် မိမိပျက်စီးအောင် အားမထုတ်၊ သူတစ်ပါးပျက်စီးအောင် အားမထုတ်၊ နှစ်ဦးလုံးပျက်စီး့အောင် အားမထုတ်။ ဤသည်ကားကိုယ်တိုင် သိမြင်နိုင်သော အခါမလင့် အကျိုးပေးနိုင်သော လာလှည့်ရှုလှည့်ဟု ပြထိုက်သော မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော ကိလေသာပယ်ဖျက်မှုတရားတည်း။

အမျက်ထွက်သော သူသည် အမျက်ထွက်ခြင်းအကြောင်းကြောင့် မိမိပျက်စီးအောင်လည်း အားထုတ်၏၊ သူတစ်ပါး ပျက်စီးအောင်လည်း အားထုတ်၏၊ နှစ်ဦးလုံးပျက်စီးအောင်လည်း အားထုတ်၏။ အမျက်ဒေါသကို ပယ်ပြီးသော် မိမိပျက်စီးအောင်လည်း အားမထုတ်၊ သူတစ်ပါးပျက်စီးအောင်လည်း အားမထုတ်၊ နှစ်ဦးလုံးပျက်စီးအောင်လည်း အားမထုတ်။ ဤသည်ကားကိုယ်တိုင် သိမြင်နိုင်သော အခါမလင့် အကျိုးပေးနိုင်သော လာလှည့် ရှုလှည့်ဟု ပြထိုက်သော မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော (အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော ကိလေသာပယ်ဖျက်မှုတည်း။

တွေဝေသော သူသည် တွေဝေခြင်းအကြောင်းကြောင့် မိမိပျက်စီးအောင်လည်း အားထုတ်၏၊ သူ့တစ်ပါးပျက်စီးအောင်လည်း အားထုတ်၏၊ နှစ်ဦးလုံးပျက်စီးအောင်လည်း အားထုတ်၏။ တွေဝေမှုကို ပယ်ပြီးသော် မိမိပျက်စီးအောင်လည်း အားမထုတ်၊ သူတစ်ပါးပျက်စီးအောင်လည်း အားမထုတ်၊ နှစ်ဦးလုံးပျက်စီးအောင်လည်း အားမထုတ်။ ဤသည်ကား ကိုယ်တိုင် သိမြင်နိုင်သော အခါမလင့် အကျိုးပေးနိုင်သော လာလှည့် ရှုလှည့်ဟု ပြထိုက်သော မိမိ၏ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော ကိလေသာပယ်ဖျက်မှုတည်း။ ရွာသူကြီး ကိုယ်တိုင်သိမြင်နိုင်သော အခါမလင့် အကျိုးပေးနိုင်သော လာလှည့် ရှုလှည့်ဟု ပြထိုက်သော (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော ကိလေသာပယ်ဖျက်မှုတို့သည် ဤသည်တို့ပင်တည်း။

ဤသို့ မိန့်တော်မူသော် ရာသိယရွာသူကြီးသည် မြတ်စွာဘုရားအား “အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေစွ။ပ။ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံးကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ”ဟု လျှောက်၏။

ဒွါဒသမသုတ်။