သံယုတ္တနိကာယ်—၄၂

၂—တာလပုဋသုတ်

၃၅၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ ရှဉ့်နက်တို့အား အစာပေးကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ တာလပုဋမည်သော ဇာတ်ဆရာကြီးသည်မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် ဤ့စကားကို လျှောက်၏ — “မြတ်စွာဘုရား ‘ပွဲအလယ် သဘင်အလယ်၌ မှန်မမှန်အားဖြင့် လူအပေါင်းကိုရွှင်ပျမွေ့လျော်စေသော ကချေသည်သည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပဟာသမည်သော နတ်တို့၏ အသင်းဝင် ဖြစ်ရ၏ ‘ဟု ပြောဆိုကြကုန်သော ရှေးဆရာ့ဆရာ ကချေသည်တို့၏ စကားကို ကြားရဖူးပါ၏၊ ဤအရာ၌ မြတ်စွာဘုရားသည် အဘယ်သို့ ဆိုလိုတော်မူပါသနည်း”ဟု (လျှောက်၏)။ ဇာတ်ဆရာကြီး မသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးလင့်ဟု တားမြစ်တော်မူ၏။

နှစ်ကြိမ်မြောက်လည်း တာလပုဋဇာတ်ဆရာကြီးသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—“မြတ်စွာဘုရား ‘ပွဲအလယ် သဘင်အလယ်၌ မှန်မမှန်အားဖြင့် လူအပေါင်းကို ရွှင်ပျမွေ့လျော်စေသောကချေသည်သည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပဟာသမည်သော နတ်တို့၏ အသင်းဝင် ဖြစ်ရ၏ ‘ဟု ပြောဆိုကြကုန်သော ရှေးဆရာ့ဆရာ ကချေသည်တို့၏ စကားကို ကြားရဖူးပါ၏၊ ဤအရာ၌ မြတ် စွာဘုရားသည် အဘယ်သို့ ဆိုလိုတော်မူပါသနည်း”ဟု (လျှောက်၏)။ ဇာတ်ဆရာကြီးမသင့်လျော်၊ ဤ စကားကို ရပ်လော့၊ ငါ့ကို မမေးလင့်ဟု တားမြစ်တော်မူ၏။

သုံးကြိမ်မြောက်လည်း တာလပုဋဇာတ်ဆရာကြီးသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—“မြတ်စွာဘုရား ‘ပွဲအလယ် သဘင်အလယ်၌ မှန်မမှန်အားဖြင့် လူအပေါင်းကို ရွှင်ပျမွေ့လျော်စေသောကချေသည်သည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပဟာသမည်သော နတ်တို့၏ အသင်းဝင် ဖြစ်ရ၏ ‘ဟု ပြောဆိုကြကုန်သော ရှေးဆရာ့ဆရာ ကချေသည်တို့၏ စကားကို ကြားရဖူးပါ၏၊ ဤအရာ၌ မြတ် စွာဘုရားသည် အဘယ်သို့ ဆိုလိုတော်မူပါသနည်း”ဟု (လျှောက်၏)။

“ဇာတ်ဆရာကြီး မသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးလင့် “ဟု မချွတ်လျှင် သင့်ကို ငါပြော၍ မရခဲ့ပေ၊ သို့ဖြစ်လျှင် သင့်အား ငါ ဖြေကြားအံ့၊ ဇာတ်ဆရာကြီး ရှေးအစကပင် သတ္တဝါတို့သည် မကင်းသော စွဲမက်မှု ‘ရာဂ’ ရှိကုန်၏၊ စွဲမက်မှု ‘ရာဂ’ နှောင်ကြိုးဖြင့် ဖွဲ့အပ်ကုန်၏၊ ထိုသူတို့အားကချေသည်သည် ပွဲအလယ် သဘင်အလယ်၌ စွဲမက်မှုကို ဖြစ်စေတတ်သော တရားတို့ကို အတိုင်းထက်အလွန် ရှေးရှုဆောင်၏။ ဇာတ်ဆရာကြီး ရှေးအစကပင် သတ္တဝါတို့သည် မကင်းသော အမျက် ‘ဒေါသ’ရှိကုန်၏၊ အမျက် ‘ဒေါသ’ နှောင်ကြိုးဖြင့် ဖွဲ့အပ်ကုန်၏၊ ထိုသူတို့အား ကချေသည်သည် ပွဲအလယ်သဘင် အလယ်၌ အမျက်ထွက်စေတတ်သော တရားတို့ကို အတိုင်းထက်အလွန် ရှေးရှုဆောင်၏။

ဇာတ်ဆရာကြီး ရှေးအစကပင် သတ္တဝါတို့သည် မကင်းသော တွေဝေမှု ‘မောဟ’ ရှိကုန်၏၊ တွေဝေမှု ‘မောဟ’ နှောင်ကြိုးဖြင့် ဖွဲ့အပ်ကုန်၏၊ ထိုသူတို့အား ကချေသည်သည် ပွဲအလယ်သဘင်အလယ်၌ တွေဝေမှုကို ဖြစ်စေတတ်သော တရားတို့ကို အတိုင်းထက်အလွန် ရှေးရှုဆောင်၏။

ထိုကချေသည်သည် မိမိကိုယ်တိုင် ယစ်မူးမေ့လျော့ လျက် သူတစ်ပါးတို့ကို ယစ်မူးမေ့လျော့စေရကားခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပဟာသမည် သော ငရဲသို့ ရောက်ရ၏၊ “ပွဲအလယ်သဘင်အလယ်၌ မှန်မမှန်အားဖြင့် လူအပေါင်းကို ရွှင်ပျမွေ့လျော်စေ သော ကချေသည်သည်ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပဟာသမည်သော နတ်တို့၏ အသင်းဝင် အဖြစ်သို့ရောက်၏”ဟု ထိုသူအား အယူ ဖြစ်ခဲ့မူ ထိုသူ၏ အယူသည် မှားသော အယူသာ ဖြစ်၏၊ ဇာတ်ဆရာကြီး မှားသော အယူရှိသော ပုဂ္ဂိုလ်သတ္တဝါအား ငရဲတိရစ္ဆာန်ဟူသော လားရာ ‘ဂတိ’ နှစ်ပါးတို့တွင်တစ်ပါးပါးသော လားရာ ‘ဂတိ’ ကို ငါ ဟော၏ဟု မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူသော် တာလပုဋဇာတ်ဆရာကြီးသည် ငိုလေ၏၊ မျက်ရည်ကျ၏။ “ဇာတ်ဆရာကြီးမသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးပါလင့်”ဟု သင့်ကို ငါ ပြော၍ မရခဲ့ပေ။ အသျှင်ဘုရားမြတ်စွာဘုရား ဤသို့ မိန့်တော်မူသော စကားကို တပည့်တော် ရည်ရွယ်ပြီး ငိုသည် မဟုတ်ပါ၊ အမှန်စင်စစ်သော်ကား ပွဲအလယ် သဘင်အလယ်၌ မှန်မမှန်အားဖြင့် လူအပေါင်းကို ရွှင်ပျမွေ့လျော်စေသောကချေသည်သည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပဟာသမည်သော နတ်တို့၏ အသင်းဝင်အဖြစ့်သို့ ရောက်ရ၏ဟု ရှေးဆရာ့ဆရာ ကချေသည်တို့သည် တပည့်တော်ကို အချိန်ကြာမြင့်စွာကပင် ကောက်ကျစ်လှည့်ပတ် ဖြားယောင်းအပ်ပါ၏။

အသျှင်ဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဘုရား တရားတော်သည်အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ အသျှင်ဘုရား ဥပမာအားဖြင့် မှောက်ထားအပ်သော ဝတ္ထုကို လှန်ပြဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားအပ်သောဝ တ္ထုကို ဖွင့်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြသကဲ့သို့လည်းကောင်း ဤအတူသာလျှင်မြတ်စွာ ဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဘုရားထိုအကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကိုးကွယ်ရာဟူ၍ ဆည်းကပ် ပါ၏၊ ရဟန်းသံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ပဉ္စင်းအဖြစ်ကိုရလိုပါ၏ဟု (လျှောက်၏)။ တာလပုဋ ဇာတ်ဆရာကြီးသည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို ရ၏၊ ပဉ္စင်းအဖြစ်ကို ရ၏၊ အသျှင်တာလပုဋသည် ပဉ္စင်းဖြစ်၍ မကြာမြင့်မီ။ပ။ ရဟန္တာတို့တွင်တစ်ပါးအပါအဝင် ဖြစ်လေ၏။

ဒုတိယသုတ်။