သံယုတ္တနိကာယ်—၄၂

၃—ယောဓာဇီဝသုတ်

၃၅၅။ ထိုအခါ ယောဓာဇီဝမည်သော စစ်ဗိုလ်မှူးကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား’စစ်မြေပြင်၌ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ် တစ်ဖက် စစ်သည်တို့၏ ညှဉ်းဆဲသတ်ဖြတ် ခံရသောစစ်သည်သူရဲသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပရဇိတမည်သော နတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရ၏ ‘ဟု ပြောဆိုကြကုန်သော ရှေးဆရာ့ဆရာ စစ်သည်သူရဲတို့၏ စကားကို ကြားရဖူးပါ၏၊ ဤအရာ၌ မြတ်စွာဘုရား အဘယ်သို့ ဆိုလိုပါသနည်း”ဟု (လျှောက်၏)။ စစ်ဗိုလ်မှူး မသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးလင့်။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း ယောဓာဇီဝမည်သော စစ်ဗိုလ်မှူးသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ — “အသျှင်ဘုရား ‘စစ်မြေပြင်၌ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ် တစ်ဖက် စစ်သည်တို့၏ ညှဉ်းဆဲသတ်ဖြတ် ခံရသော စစ်သည်သူရဲသည်ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပရဇိတမည်သော နတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရ၏ ‘ဟုပြောဆိုကြကုန်သော ရှေးဆရာ့ ဆရာ စစ်သည်သူရဲတို့၏ စကားကို ကြားရဖူးပါ၏၊ ဤအရာ၌ မြတ်စွာဘုရား အဘယ်သို့ ဆိုလိုပါသနည်း”ဟု (လျှောက်၏)။

“စစ်ဗိုလ်မှူး မသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးလင့်”ဟု မချွတ်လျှင် သင့်ကို ငါ ပြော၍ မရခဲ့ပေ၊ သို့ဖြစ်လျှင် သင့်အား ငါ ဖြေကြားအံ့၊ စစ်ဗိုလ်မှူး စစ်မြေပြင်၌ အားထုတ်ကြိုးစား (တိုက်ခိုက်) သူသည် “ ဤသတ္တဝါတို့သည် အသတ် ခံကြရပါစေ၊ အနှောင်အဖွဲ့ ခံကြရပါစေ၊ အဖြတ်ခံကြ ရပါစေ၊ ပျက်စီးကြပါစေ၊ ဤအတိုင်း မဖြစ်ဘဲ ရှိကြပါစေ” ဟူသော စိတ်ထားမျိုးကို ရှေးကပင်စွဲယူခဲ့၏၊ မကောင်းသဖြင့် ပြုခဲ့၏၊ မကောင်းသဖြင့် ထားခဲ့၏၊ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ်တစ်ဖက် စစ်သည်တို့၏ ညှဉ်းဆဲသတ်ဖြတ် ခံရသော စစ်သည်သူရဲသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှနောက်၌ ပရဇိတမည်သော ငရဲသို့ ရောက်ရ၏၊ “စစ်မြေပြင်၌ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ်တစ်ဖက် စစ်သည်တို့၏ ညှဉ်းဆဲသတ်ဖြတ် ခံရသော စစ်သည်သူရဲသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှနောက်၌ ပရဇိတနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏”ဟု ထိုသူအား အယူ ဖြစ်ခဲ့မူ ထိုသူ၏့အယူသည် မှားသော အယူဖြစ်၏၊ စစ်ဗိုလ်မှူး မှားသော အယူရှိသော ပုဂ္ဂိုလ်သတ္တဝါအား ငရဲတိရစ္ဆာန်ဟူသော လားရာ ‘ဂတိ’ နှစ်ပါးတို့တွင် တစ်ပါးပါးသော လားရာ ‘ဂတိ’ ကို ငါ ဟော၏ဟုမိန့်တော်မူ၏။

ဤသို့ မိန့်တော်မူသော် ယောဓာဇီဝမည်သော စစ်ဗိုလ်မှူးသည် ငိုလေ၏၊ မျက်ရည်ကျ၏။ “စစ်ဗိုလ်မှူးမသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးလင့်”ဟု သင့်ကို ငါ ပြော၍ မရခဲ့ပေ။ အသျှင်ဘုရားမြတ်စွာဘုရား ဤသို့ မိန့်တော်မူသော စကားကို တပည့်တော် ရည်ရွယ်ပြီး ငိုသည် မဟုတ်ပါ၊ စင်စစ်သော်ကား “စစ်မြေပြင်၌ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ် တစ်ဖက် စစ်သည်တို့၏ညှဉ်းဆဲသတ်ဖြတ် ခံရသော စစ်သည်သူရဲသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပရဇိတနတ်တို့၏အသင်းဝင်အဖြစ်သို့ ရောက်ရ၏”ဟု ရှေးဆရာ့ဆရာ စစ်သည်သူရဲတို့သည် တပည့်တော်ကိုအချိန်ကြာမြင့် စွာကပင် ကောက်ကျစ်လှည့်ပတ် ဖြားယောင်းအပ်ပါ၏။ အသျှင်ဘုရား တရားတော်သည်အလွန်နှစ်သက် ဖွယ်ရှိပါပေစွ။ပ။ ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟုမှတ်တော်မူပါဟု (လျှောက်၏)။

တတိယသုတ်။