သံယုတ္တနိကာယ်—၄၂
၅—အဿာရောဟသုတ်
၃၅၇။ ထိုအခါ မြင်းစီးသူရဲကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား ‘စစ်မြေပြင်၌ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ် တစ်ဖက် စစ်သည်တို့၏ ညှဉ်းဆဲသတ်ဖြတ် ခံရသော မြင်းစီးသူရဲသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပရဇိတမည်သော နတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရ၏ ‘ဟုပြောဆိုကြကုန်သော ရှေးဆရာ့ဆရာ မြင်းစီးသူရဲတို့၏ စကားကို ကြားရဖူးပါ၏၊ ဤအရာ၌ မြတ်စွာဘုရားသည် အဘယ်သို့ ဆိုလိုပါသနည်း”ဟု (လျှောက်၏)။ မြင်းစီးသူရဲကြီး မသင့်လျော်၊ ဤစကားကိုရပ်လော့၊ ငါ့ကို မမေးလင့်။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း မြင်းစီးသူရဲကြီးသည်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ —“အသျှင်ဘုရား ‘စစ်မြေပြင်၌ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ် တစ်ဖက် စစ်သည်တို့၏ ညှဉ်းဆဲသတ်ဖြတ် ခံရသောမြင်းစီးသူရဲသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပရဇိတမည်သော နတ်တို့၏အသင်းဝင်အဖြစ်သို့ ရောက်ရ၏ ‘ဟု ပြောဆိုကြကုန်သော ရှေးဆရာ့ဆရာ မြင်းစီးသူရဲတို့၏ စကားကိုကြားရဖူးပါ၏၊ ဤအရာ၌ မြတ်စွာဘုရားသည် အဘယ်သို့ ဆိုလိုပါသနည်း”ဟု (လျှောက်၏)။
“မြင်းစီးသူရဲကြီး မသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးလင့်”ဟု မချွတ်လျှင် သင့်ကို ငါပြော၍ မရခဲ့ပေ၊ သို့ဖြစ်လျှင် သင့်အား ငါ ဖြေကြားအံ့၊ မြင်းစီးသူရဲကြီး စစ်မြေပြင်၌ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ် တစ်ဖက် စစ်သည်တို့၏ ညှဉ်းဆဲသတ်ဖြတ် ခံရသော မြင်းစီးသူရဲသည် “ ဤသတ္တဝါတို့သည် အသတ် ခံကြရပါစေ၊ အနှောင်အဖွဲ့ ခံကြရပါစေ၊ အဖြတ် ခံကြရပါစေ၊ ပျက်စီးကြပါစေ၊ ဤအတိုင်း မဖြစ်ဘဲ ရှိကြပါစေ” ဟူသော စိတ်ထားမျိုးကို ရှေးကပင် စွဲယူခဲ့၏၊ မကောင်းသဖြင့် ပြုခဲ့၏၊ မကောင်းသဖြင့် ထားခဲ့၏၊ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ် တစ်ဖက့်စစ်သည်တို့၏ ညှဉ်းဆဲ သတ်ဖြတ် ခံရသော မြင်းစီးသူရဲသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပရဇိတမည်သော ငရဲသို့ ရောက်ရ၏၊ “စစ်မြေပြင်၌ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ် တစ်ဖက်စစ်သည်တို့၏ ညှဉ်းဆဲ သတ်ဖြတ် ခံရသော မြင်းစီးသူရဲသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပရဇိတနတ်တို့၏ အပေါင်း အဖော်အဖြစ်သို့ ရောက်ရ၏”ဟု ထိုသူအား အယူ ဖြစ်ခဲ့မူ ထိုသူ၏အယူသည် မှားသော အယူ ဖြစ်၏၊ မြင်းစီးသူရဲကြီး မှားသော အယူရှိသော ပုဂ္ဂိုလ်သတ္တဝါအား ငရဲတိရစ္ဆာန်ဟူသော လားရာ ‘ဂတိ’ နှစ်ပါး တို့တွင် တစ်ပါးပါးသော လားရာ ‘ဂတိ’ ကို ငါ ဟော၏ဟုမိန့်တော်မူ၏။
ဤသို့ မိန့်တော်မူသော် မြင်းစီးသူရဲကြီးသည် ငိုလေ၏၊ မျက်ရည်ကျလေ၏။ “မြင်းစီးသူရဲကြီးမသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးလင့်”ဟု သင့်ကို ငါ ပြော၍ မရခဲ့ပေ။ အသျှင်ဘုရားမြတ်စွာဘုရား ဤသို့ မိန့်တော်မူသော စကားကို တပည့်တော် ရည်ရွယ်ပြီး ငိုသည် မဟုတ်ပါ၊ စင်စစ်သော်ကား စစ်မြေပြင်၌ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ် တစ်ဖက် စစ်သည်တို့၏ ညှဉ်းဆဲသတ်ဖြတ်ခံရသော မြင်းစီးသူရဲသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပရဇိတနတ်တို့၏ အသင်းဝင်အဖြစ်သို့ရောက်ရ၏”ဟု ရှေးဆရာ့ဆရာ မြင်းစီးသူရဲတို့သည် အချိန်ကြာမြင့်စွာကပင် တပည့်တော်ကို ကောက်ကျစ်လှည့်ပတ် ဖြားယောင်းအပ်ပါ၏။ အသျှင်ဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု (လျှောက်၏)။
ပဉ္စမသုတ်။