သံယုတ္တနိကာယ်—၄၂

၆—အသိဗန္ဓကပုတ္တသုတ်

၃၅၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာဠန္ဒမြို့ ပါဝါရိကသူဌေး၏ သရက်ဥယျာဉ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသိဗန္ဓက၏ သား ရွာသူကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ — “အသျှင်ဘုရား ကရား ကိုင်ဆောင်ကုန်သော မှော်ပန်းကို ဆင်မြန်းကုန်သော ရေသို့ ဆင်းသက်တတ်ကုန်သော မီးကို လုပ်ကျွေးတတ်ကုန်သော ပစ္ဆာဘူမိ၌ နေကုန်သော ပုဏ္ဏားတို့သည် သေလွန်သူကိုအထက်သို့ ရောက်စေနိုင်ကုန်၏၊ ကောင်းစွာ သိစေနိုင်ကုန်၏၊ နတ်ပြည်သို့ပင် ရောက်စေနိုင်ကုန်၏၊ အသျှင်ဘုရား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော် မူသော မြတ်စွာဘုရားသည်ကား လူအားလုံးကို ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်လောကသို့ ရောက်အောင် ပြုပြင်ခြင်းငှါ စွမ်းနိုင်ပါ၏လော “ဟု (လျှောက်၏)။ ရွာသူကြီး သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် ပြန်၍ မေးဦးအံ့၊ သင်နှစ်သက်သည့်အတိုင်း ဖြေဆိုလော့။

ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ ယောကျာ်းသည် အသက်ကိုသတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏၊ မမှန် ပြောလေ့ရှိ၏၊ ကုန်းစကားကို ပြောတတ်၏၊ ကြမ်းတမ်းသော စကားကို ပြောတတ်၏၊ ပြိန်ဖျင်းသော စကားကို ပြောတတ်၏၊ မက်မောမှု ‘အဘိဇ္ဈာ’ များ၏၊ အမျက်ထွက်သော စိတ်ရှိ၏၊ မှားသော အယူရှိ၏၊ ထိုယောကျာ်းကို များစွာသော လူအပေါင်းသည် စည်းဝေး၍ “ ဤယောကျာ်းသည် ခန္ဓာပျက်ကြွေသေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်လောကသို့ ရောက်ပါစေ” ဟူ၍ တောင်းပန်ရာ၏၊ ချီးမွမ်းရာ၏၊ လက် အုပ်ချီကာ အဖန်တစ်လဲလဲ ဆုတောင်းရာ၏။ ရွာသူကြီးထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ထို ယောကျာ်းသည် များစွာသော လူအပေါင်းကတောင်းပန်ချီးမွမ်းခြင်းကြောင့်သော်လည်းကောင်း၊ လက်အုပ် ချီကာ အဖန်တစ်လဲလဲ့ဆုတောင်းခြင်းကြောင့်သော်လည်းကောင်း ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာနတ်ပြည်လောကသို့ ရောက်ရာသလော။ အသျှင်ဘုရား မရောက်ရာပါ။

ရွာသူကြီး ဥပမာသော်ကား ယောကျာ်းတစ်ယောက်သည် ကြီးစွာသော ကျောက်တုံးကို နက်စွာသောရေအိုင်၌ ချရာ၏၊ ထိုကျောက်တုံးကို များစွာသော လူအပေါင်းသည် စည်းဝေး၍ “ကျောက်တုံးထပါလော့၊ ကျောက်တုံး ပေါ်ပါလော့၊ ကျောက်တုံး ကုန်းသို့ တက်ပါလော့”ဟူ၍ တောင်းပန်ရာ၏၊ ချီးမွမ်း ရာ၏၊ လက်အုပ်ချီကာ အဖန်တစ်လဲလဲ ဆုတောင်းရာ၏။ ရွာသူကြီး ထိုအရာကို အဘယ်သို့မှတ်ထင်သ နည်း၊ ထိုကျောက်တုံးသည် များစွာသော လူအပေါင်း၏တောင်းပန်ချီးမွမ်းခြင်းကြောင့်သော်လည်းကောင်း၊ လက်အုပ်ချီကာ အဖန်တစ်လဲလဲဆုတောင်းခြင်းကြောင့်သော်လည်းကောင်း ထရာသလော၊ ပေါ်ရာသလော၊ ကုန်းသို့ တက်ရာသလော။ အသျှင်ဘုရား ဤသို့ မဖြစ်နိုင်ရာပါ။ ရွာသူကြီး ဤအတူ အကြင်ယောကျာ်းသည် အသက်သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏၊ မမှန် ပြောလေ့ရှိ၏၊ ကုန်းစကား ပြောတတ်၏၊ ကြမ်းတမ်းသော စကားကို ပြောတတ်၏၊ ပြိန်ဖျင်းသော စကား ကိုပြောတတ်၏၊ မက်မောမှု ‘အဘိဇ္ဈာ’ များ၏၊ အမျက်ထွက်သော စိတ်ရှိ၏၊ မှားသော အယူရှိ၏၊ ထိုယောကျာ်းကို များစွာသော လူအပေါင်းသည် စည်းဝေး၍ “ ဤယောကျာ်းသည် ခန္ဓာပျက်ကြွေသေပြီးသည် မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ပါစေ” ဟူ၍ တောင်းပန်စေကာမူချီးမွမ်းစေကာမူ လက်အုပ်ချီကာ အဖန်တစ်လဲလဲ ဆုတောင်းစေကာမူ ခန္ဓာပျက်ကြွေ သေပြီးသည်မှနောက်၌ မကောင်း သော လားရာ ပျက်စီးကျရောက်ရာ အပါယ်ငရဲသို့ ရောက်ရာ၏။

ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ ဤလောက၌ ယောကျာ်းသည် အသက် သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းစကားပြောခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်းသောစကားကို ပြောခြင်းမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသော စကား ပြောခြင်းမှ ရှောင်ကြဉ်၏၊ မက်မောမှု ‘အဘိဇ္ဈာ’ မများ၊ အမျက်မထွက်သော စိတ်ရှိ၏၊ မှန်ကန်သော အယူရှိ၏၊ ထိုယောကျာ်းကိုများစွာသော လူအပေါင်းသည် စည်းဝေး၍ “ ဤယောကျာ်းသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ မကောင်းသော လားရာ ပျက်စီး ကျရောက်ရာ အပါယ်ငရဲသို့ ရောက်ပါစေ”ဟူ၍ တောင်းပန်ရာ၏၊ ချီးမွမ်းရာ၏၊ လက်အုပ်ချီကာ အဖန် တစ်လဲလဲ ဆုတောင်းရာ၏။ ရွာသူကြီး ထိုအရာကို အဘယ်သို့မှတ်ထင်သနည်း၊ ထိုယောကျာ်းသည် များစွာသော လူအပေါင်း၏တောင်းပန်ချီးမွမ်းခြင်းကြောင့်သော်လည်းကောင်း၊ လက်အုပ်ချီကာ အဖန်တစ် လဲလဲအားထုတ်ခြင်းကြောင့်သော်လည်းကောင်း ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ မကောင်းသောလားရာ ပျက်စီးကျရောက်ရာ အပါယ်ငရဲသို့ ရောက်ရာသလော။ မရောက်ရာပါ အသျှင်ဘုရား။

ရွာသူကြီး ဥပမာသော်ကား ယောကျာ်းသည် ထောပတ်အိုးကိုသော်လည်းကောင်း၊ ဆီအိုးကိုသော်လည်းကောင်း နက်စွာသော ရေအိုင်၌ နစ်မြုပ်၍ ခွဲရာ၏၊ ထိုခွဲရာ၌ ကျောက်စရစ်အိုးခြမ်းတို့သည်အောက် သို့ ကျ၍ ထောပတ်သည်လည်းကောင်း၊ ဆီသည်လည်းကောင်း အထက်သို့ တက်ရာ၏၊ ထိုထောပတ်ဆီကို များစွာသော လူအပေါင်းသည် စည်းဝေး၍ “ထောပတ်ဆီ မြုပ်ပါလော့၊ ထောပတ်ဆီနစ်ပါလော့၊ ထောပတ်ဆီ အောက်သို့ သွားပါလော့” ဟူ၍ တောင်းပန်ရာ၏၊ ချီးမွမ်းရာ၏၊ လက်အုပ်ချီကာ အဖန်တစ် လဲလဲ ဆုတောင်းရာ၏။ ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ စင်စစ်သော်ကား ထောပတ် ဆီသည် များစွာသော လူအပေါင်း၏တောင်းပန်ချီးမွမ်းခြင်းကြောင့်သော်လည်းကောင်း၊ လက်အုပ်ချီကာ အဖန်တစ်လဲလဲဆုတောင်းခြင်းကြောင့်သော်လည်းကောင်း မြုပ်ရာသလော၊ နစ်ရာသလော၊ အောက်သို့ ကျရာသလော။

ဤသို့ မဖြစ်နိုင်ပါ အသျှင်ဘုရား။ ရွာသူကြီး ဤအတူ အကြင်သူသည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းစကားပြောခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသောစကား ပြောခြင်းမှ ရှောင်ကြဉ်၏၊ မက်မောမှု ‘အဘိဇ္ဈာ’ မများ၊ အမျက် မထွက်သော စိတ်ရှိ၏၊ မှန်ကန်သော အယူရှိ၏၊ ထိုယောကျာ်းကို များစွာသော လူအပေါင်းသည်စည်း ဝေး၍ “ ဤယောကျာ်းသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ မကောင်းသော လားရာပျက်စီးကျ ရောက်ရာ အပါယ်ငရဲသို့ ရောက်ပါစေ”ဟူ၍ တောင်းပန်စေကာမူ ချီးမွမ်းစေကာမူလက်အုပ်ချီကာ အဖန် တစ်လဲလဲ ဆုတောင်းစေကာမူ ထိုယောကျာ်းသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်လောကသို့ ရောက်ရာ၏။ ဤသို့ မိန့်တော်မူသော်အသိဗန္ဓက၏ သား ရွာသူကြီးသည် မြတ်စွာဘုရားအား “အသျှင်ဘုရား တရားတော်သည်အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟုမှတ်တော်မူပါဟု”ဟု (လျှောက်၏)။

ဆဋ္ဌသုတ်။