သံယုတ္တနိကာယ်—၄၂
၇—ခေတ္တူပမသုတ်
၃၅၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာဠန္ဒမြို့ ပါဝါရိကသူဌေး၏ သရက်ဥယျာဉ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသိဗန္ဓက၏ သား ရွာသူကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “မြတ်စွာဘုရားသည်ခပ်သိမ်းသော သတ္တဝါတို့၏ စီးပွားကို လိုလားလျက် နေတော်မူသည် မဟုတ်ပါလော”ဟု လျှောက်၏။
ရွာသူကြီး မှန်၏၊ မြတ်စွာဘုရားသည် ခပ်သိမ်းသော သတ္တဝါတို့၏ စီးပွားကို လိုလားလျက် နေတော်မူ၏ဟု မိန့်၏။ အသျှင်ဘုရား ထိုသို့ဖြစ်လျက် အဘယ့်ကြောင့် မြတ်စွာဘုရားသည် (သတ္တဝါ) အချို့တို့အားကောင်းမွန်စွာ တရားဟော၍ (သတ္တဝါ) အချို့တို့အား ထိုကဲ့သို့ ကောင်းမွန်စွာ တရားမဟောပါသနည်းဟုလျှောက်၏။
ရွာသူကြီး သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် ပြန်၍ မေးဦးအံ့၊ သင် နှစ်သက်သည့်အတိုင်း ဖြေဆိုလော့။ ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ လယ်သမားဖြစ်သောသူကြွယ် အား အကောင်းစားလယ်တစ်ကွက်၊ အလတ်စားလယ်တစ်ကွက်၊ ကြတ်တီးကုန်း, ဆားမြေ,မြေညံ့ဟူသော အညံ့စားလယ်တစ်ကွက်ဟူ၍ လယ်သုံးကွက် ရှိရာ၏။ ရွာသူကြီး ထိုအရာကို အဘယ်သို့မှတ်ထင်သနည်း၊ ထိုလယ်သမားဖြစ်သော သူကြွယ်သည် မျိုးစေ့တို့ကို စိုက်ပျိုးလိုသော် ရှေးဦးစွာအဘယ်လယ်၌ စိုက်ပျိုး ရာသနည်း၊ အကောင်းစားလယ်၌ စိုက်ပျိုးမည်လော၊ အလတ်စားလယ်၌ စိုက်ပျိုးမည်လော၊ ကြတ်တည်း ကုန်း, ဆားမြေ, မြေညံ့ဟူသော အညံ့စားလယ်၌ စိုက်ပျိုးမည်လော။ အသျှင်ဘုရား ထိုလယ်သမား ဖြစ်သော သူကြွယ်သည် မျိုးစေ့တို့ကို စိုက်ပျိုးလိုသော် ရှေးဦးစွာအကောင်းစားလယ်၌ စိုက်ပျိုးရာ၏၊ ထိုအကောင်းစားလယ်၌ စိုက်ပျိုးစေပြီးလျှင် အလတ်စားလယ်၌ စိုက်ပျိုးရာ၏၊ ထိုအလတ်စားလယ်၌ စိုက် ပျိုးစေပြီးလျှင် ကြတ်တည်းကုန်း, ဆားမြေ, မြေညံ့ဟူသောအညံ့စားလယ်၌ အယုတ်ဆုံး နွားစာမျှပင် ဖြစ်လိမ့်ဦးမည် ဟူသော ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးသော်လည်းစိုက်ပျိုးရာ၏၊ မစိုက်ပျိုးဘဲသော်လည်း ထားရာ၏ဟု လျှောက်၏။
ရွာသူကြီး ငါ၏ ရဟန်းယောကျာ်း ရဟန်းမိန်းမတို့သည် ထိုအကောင်းစားလယ်နှင့် တူကုန်၏၊ ရွာသူကြီး ထိုသူတို့သည် ငါသာလျှင် မှီခိုရာ ငါသာလျှင် လဲလျောင်းရာ ငါသာလျှင် ပုန်းအောင်းရာ ငါသာလျှင် ကိုးကွယ်ရာ ရှိ၍ နေကြသောကြောင့် ထိုသူတို့အား အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း့အဆုံး၏ ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ငါ ဟော၏၊ အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော အကျင့်မြတ်ကို ငါ ပြ၏။ ရွာသူကြီး ငါ၏ သီတင်းသည် ဥပါသကာယောကျာ်း ဥပါသိကာမိန်းမတို့သည် အလတ်စားလယ်နှင့် တူကုန်၏၊ ထိုသူတို့သည် ငါသာလျှင် မှီခိုရာ ငါသာလျှင် လဲလျောင်းရာ ငါသာလျှင် ပုန်းအောင်းရာ ငါသာလျှင် ကိုးကွယ်ရာ ရှိ၍ နေကြသောကြောင့် ထိုသူတို့အား အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ငါ ဟော၏၊ အလုံးစုံပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော အကျင့်မြတ်ကို ငါ ပြ၏။
ရွာသူကြီး ငါ၏ သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော သမဏဗြာဟ္မဏအမည်ခံ ပရိဗိုဇ်တို့သည် ထိုကြတ်တီးကုန်း, ဆားမြေ, မြေညံ့ဟူသော အညံ့စားလယ်နှင့် တူကုန်၏၊ တစ်ပုဒ်မျှကိုသော်လည်း သိကြပါမူ ထိုသူတို့အား ရှည်ကြာစွာသော ကာလပတ်လုံး စီးပွားချမ်းသာအလို့ငှါဖြစ်ရာ၏ဟူသော ရည်ရွယ်ချက်ဖြင့် ထိုသူတို့အားလည်း အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်းအဆုံး၏ ကောင်းခြင်း ရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ငါ ဟော၏၊ အလုံးစုံ ပြည့်စုံသော ထက် ဝန်းကျင် စင်ကြယ်သော အကျင့်မြတ်ကို ငါ ပြ၏။
ရွာသူကြီး ဥပမာတစ်နည်းသော်ကား ယောကျာ်းအား ရေလှောင်အိုးကြီး သုံးလုံးရှိ၏၊ ရေလှောင်အိုးကြီးတစ်လုံးကား မပေါက်၊ မယို၊ မစိမ့်၊ ရေလှောင်အိုးကြီးတစ်လုံးကား မပေါက်၊ ယို၏၊ စိမ့်၏၊ ရေလှောင်အိုးကြီးတစ်လုံးကား ပေါက်၏၊ ယို၏၊ စိမ့်၏။ ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ထိုယောကျာ်းသည် ရေထည့်လိုသော် အဘယ်အိုး၌ ရှေးဦးစွာ ထည့်ရာသနည်း၊ မပေါက် မယို မစိမ့်သောရေလှောင်အိုးကြီး၌ ထည့်ရာသလော၊ မပေါက်မူ၍ ယိုသော စိမ့်သော ရေလှောင်အိုးကြီး၌ ထည့်ရာသလော၊ ပေါက်၍ ယို၍ စိမ့်သော ရေလှောင်အိုးကြီး၌ ထည့်ရာသလော။ အရှင်ဘုရား ထိုယောကျာ်းသည်ရေထည့်လိုသော် မပေါက် မယို မစိမ့်သော ရေလှောင်အိုးကြီး၌ ထည့်ရာ၏၊ ထိုရေလှောင်အိုးကြီး၌ ထည့်ပြီးလျှင် မပေါက်မူ၍ ယိုသော စိမ့်သော ရေလှောင်အိုးကြီး၌ ထည့်ရာ၏၊ ထိုရေလှောင်အိုးကြီး၌ ထည့်ပြီးလျှင် ပေါက်၍ ယို၍ စိမ့်သော ရေလှောင်အိုးကြီး၌ အယုတ်ဆုံး အသုံးအဆောင် ဆေးကြောခြင်းမျှသော်လည်း ဖြစ်လတ္တံ့ဟူသော ရည်ရွယ်ချက်ဖြင့် ထည့်သော်လည်း ထည့်ရာ၏၊ မထည့်ဘဲသော်လည်း ထားရာ၏။
ရွာသူကြီး ငါ၏ ရဟန်းယောကျာ်း ရဟန်းမိန်းမတို့သည် မပေါက် မယို မစိမ့်သော ရေလှောင်အိုးကြီးနှင့် တူကုန်၏၊ ထိုသူတို့သည် ငါသာလျှင် မှီခိုရာ ငါသာလျှင် လဲလျောင်းရာ ငါသာလျှင် ပုန်းအောင်းရာ ငါသာလျှင် ကိုးကွယ်ရာ ရှိ၍ နေကြသောကြောင့် ထိုသူတို့အား အစ၏ ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ငါဟော၏၊ အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော အကျင့်မြတ်ကို ငါ ပြ၏။
ရွာသူကြီး ငါ၏ သီတင်းသည် ဥပါသကာယောကျာ်း ဥပါသိကာမိန်းမတို့သည် မပေါက်မူ၍ ယိုသောစိမ့်သော ရေလှောင်အိုးကြီးနှင့် တူကုန်၏၊ ထိုသူတို့သည် ငါသာလျှင် မှီခိုရာ ငါသာလျှင် လဲလျောင်းရာငါသာလျှင် ပုန်းအောင်းရာ ငါသာလျှင် ကိုးကွယ်ရာ ရှိ၍ နေကြသောကြောင့် ထိုသူတို့အား အစ၏ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ငါ ဟော၏၊ အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော အကျင့်မြတ်ကိုငါ ပြ၏။
ရွာသူကြီး ငါ၏ သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော သမဏဗြာဟ္မဏအမည်ခံ ပရိဗိုဇ်တို့သည် ပေါက်၍ ယိုသော စိမ့်သော ရေလှောင်အိုးကြီးနှင့် တူကုန်၏၊ တစ်ပုဒ်မျှကိုသော်လည်းသိကြပါမူ ထိုသူတို့အား ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားချမ်းသာအလို့ငှါ ဖြစ်ရာ၏ဟူသော ရည်ရွယ်ချက်ဖြင့် ထိုသူတို့အားလည်း အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ငါ ဟော၏၊ အလုံးစုံပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ် သော အကျင့်မြတ်ကို ငါ ပြ၏။ ဤသို့ မိန့်တော်မူသော်အသိဗန္ဓက၏ သား ရွာသူကြီးသည် မြတ်စွာ ဘုရားအား “အသျှင်ဘုရား တရားတော်သည်အလွန်နှစ်သက်ဖွယ်ရှိပါပေစွ။ပ။ တပည့်တော်ကို မြတ်စွာ ဘုရားသည် ယနေ့မှ စ၍ အသက်ထက်ဆုံးကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု”ဟု (လျှောက်၏)။
သတ္တမသုတ်။