သံယုတ္တနိကာယ်—၄၂

၈—သင်္ခဓမသုတ်

၃၆ဝ။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာဠန္ဒမြို့ ပါဝါရိကသူဌေး၏ သရက်ဥယျာဉ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ နိဂဏ္ဌ၏ တပည့်ဖြစ်သော အသိဗန္ဓက၏ သား ရွာသူကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေပြီးသောအသိဗန္ဓက၏ သား ရွာသူကြီးအား မြတ်စွာဘုရားသည် “ရွာသူကြီး နိဂဏ္ဌနာဋပုတ္တသည် တပည့်တို့အားအဘယ်သို့ တရားဟောသနည်း”ဟု မိန့်တော်မူ၏၊ အသျှင်ဘုရား နိဂဏ္ဌနာဋပုတ္တသည် တပည့်တို့အား ဤသို့ တရား ဟောပါ၏ —“အသက်ကို သတ်သူဟူသမျှသည် အပါယ်ကျ၏၊ ငရဲကျ၏။ မပေးသည်ကိုခိုးယူသူဟူသမျှသည် အပါယ်ကျ၏၊ ငရဲကျ၏။ ကာမတို့၌ မှားယွင်းစွာ ကျင့်သူဟူသမျှသည် အပါယ်ကျ၏၊ ငရဲကျ၏။ မမှန် ပြောသူဟူသမျှသည် အပါယ်ကျ၏၊ ငရဲကျ၏။ များသော ထိုထိုကံက ဆောင်သွား၏”ဟုနိဂဏ္ဌနာဋပုတ္တသည် တပည့်တို့အား ဤသို့ တရားဟောပါ၏။

ရွာသူကြီး နိဂဏ္ဌနာဋပုတ္တ၏ စကားအရ များသော ထိုထိုကံက ဆောင်သွားခဲ့သော် တစ်ဦး တစ်ယောက်မျှ အပါယ်ကျသူ ငရဲကျသူဟူ၍ မဖြစ်တော့လတ္တံ့ဟု (မိန့်တော်မူ၏)။

ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ ယောကျာ်းတစ်ဦးတစ်ယောက်သည် ညဉ့်၌ ဖြစ်စေ၊ နေ့၌ ဖြစ်စေ အသက်ကို သတ်တတ်၏၊ သတ်သော အချိန် မသတ်သော အချိန်ကို ထောက်ဆလျှင်အသက်သတ်သော အချိန် မသတ်သော အချိန်တို့တွင် အဘယ်အချိန်က များသနည်း။ အသျှင်ဘုရားယောကျာ်းတစ်ဦးတစ်ယောက်သည် ညဉ့်၌ ဖြစ်စေ၊ နေ့၌ ဖြစ်စေ အသက်ကို သတ်တတ်၏၊ သတ်သော အချိန် မသတ်သော အချိန်ကို ထောက်ဆလျှင် အသက်သတ်သော အချိန်က နည်းပါ၏၊ စင်စစ်သော်ကား အသက် မသတ်သော အချိန်က များပါ၏။ ရွာသူကြီး နိဂဏ္ဌနာဋပုတ္တ၏ စကားအရများသော ထိုထိုကံက ဆောင် သွားခဲ့သော် တစ်ဦးတစ်ယောက်မျှ အပါယ်ကျသူ ငရဲကျသူဟူ၍ မဖြစ်တော့လတ္တံ့။

ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ ယောကျာ်းတစ်ဦးတစ်ယောက်သည် ညဉ့်၌ ဖြစ်စေ၊ နေ့၌ ဖြစ်စေ မပေးသည်ကို ခိုးယူတတ်၏၊ ခိုးယူသော အချိန် မခိုးယူသော အချိန်ကို ထောက်ဆ လျှင်မပေးသည်ကို ခိုးယူသော အချိန် မပေးသည်ကို မခိုးယူသော အချိန်တို့တွင် အဘယ်အချိန်က များသနည်း။ အသျှင်ဘုရား ယောကျာ်းတစ်ဦးတစ်ယောက်သည် ညဉ့်၌ ဖြစ်စေ၊ နေ့၌ ဖြစ်စေ မပေးသည်ကို ခိုးယူတတ်၏၊ ခိုးယူသော အချိန် မခိုးယူသော အချိန်ကို ထောက်ဆလျှင် မပေးသည်ကို ခိုးယူသောအချိန်က နည်းပါ၏၊ စင်စစ်သော်ကား မပေးသည်ကို မခိုးယူသော အချိန်က များပါ၏။ ရွာသူကြီးနိဂဏ္ဌနာဋပုတ္တ၏ စကားအရ များသော ထိုထိုကံက ဆောင်သွားခဲ့သော် တစ်ဦးတစ်ယောက်မျှအပါယ်ကျသူ ငရဲကျသူဟူ၍ မဖြစ်တော့လတ္တံ့ဟု (မိန့်တော်မူ၏)။

ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ ယောကျာ်းတစ်ဦးတစ်ယောက်သည် ညဉ့်၌ ဖြစ်စေ၊ နေ့၌ ဖြစ်စေ ကာမတို့၌ မှားယွင်းစွာ ကျင့်တတ်၏၊ မှားယွင်းစွာ ကျင့်သော အချိန် မှားယွင်းစွာ့မကျင့်သော အချိန်ကို ထောက်ဆလျှင် ကာမတို့၌ မှားယွင်းစွာ ကျင့်သော အချိန် ကာမတို့၌ မှားယွင်းစွာ မကျင့်သော အချိန်တို့တွင် အဘယ်အချိန်က များသနည်း။ အသျှင်ဘုရားယောကျာ်းတစ်ဦးတစ်ယောက်သည် ညဉ့်၌ ဖြစ်စေ၊ နေ့၌ ဖြစ်စေ ကာမတို့၌ မှားယွင်းစွာ ကျင့်တတ်၏၊ မှားယွင်းစွာ ကျင့်သော အချိန် မှားယွင်းစွာ မကျင့်သော အချိန်ကို ထောက်ဆလျှင် ကာမတို့၌ မှားယွင်းစွာ ကျင့်သော အချိန်က နည်း ပါ၏၊ စင်စစ်သော်ကား ကာမတို့၌ မှားယွင်းစွာ မကျင့်သောအချိန်က များပါ၏။ ရွာသူကြီး နိဂဏ္ဌ နာဋပုတ္တ၏ စကားအရ များသော ထိုထိုကံက ဆောင်သွားခဲ့သော်တစ်ဦးတစ်ယောက်မျှ အပါယ်ကျသူ ငရဲကျသူဟူ၍ မဖြစ်တော့လတ္တံ့ဟု (မိန့်တော်မူ၏)။

ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ ယောကျာ်းတစ်ဦးတစ်ယောက်သည် ညဉ့်၌ ဖြစ်စေ၊ နေ့၌ ဖြစ်စေ မမှန်ပြောတတ်၏၊ မမှန်ပြောသော အချိန် မမှန် မပြောသော အချိန်ကို ထောက်ဆ လျှင်မမှန်ပြောသော အချိန် မမှန် မပြောသော အချိန်တို့တွင် အဘယ်အချိန်က များသနည်း။ အသျှင် ဘုရားယောကျာ်းတစ်ဦးတစ်ယောက်သည် ညဉ့်၌ ဖြစ်စေ၊ နေ့၌ ဖြစ်စေ မမှန်ပြောတတ်၏၊ မမှန်ပြောသော အချိန်မမှန် မပြောသော အချိန်ကို ထောက်ဆလျှင် မမှန်ပြောသော အချိန်က နည်းပါ၏၊ စင်စစ်သော် ကားမမှန် မပြောသော အချိန်ကသာ များပါ၏။ ရွာသူကြီး နိဂဏ္ဌနာဋပုတ္တ၏ စကားအရ များသောထိုထိုကံက ဆောင်သွားခဲ့သော် တစ်ဦးတစ်ယောက်မျှ အပါယ်ကျသူ ငရဲကျသူဟူ၍ မဖြစ်တော့လတ္တံ့ဟု (မိန့်တော်မူ၏)။

ရွာသူကြီး ဤလောက၌ “အသက် သတ်သူဟူသမျှတို့သည် အပါယ်ကျ၏၊ ငရဲကျ၏။ မပေးသည်ကိုခိုးယူသူဟူသမျှသည် အပါယ်ကျ၏၊ ငရဲကျ၏။ ကာမတို့၌ ဖောက်ပြန်စွာ ကျင့်သူဟူသမျှသည်အပါယ်ကျ၏၊ ငရဲကျ၏။ မမှန်ပြောသူဟူသမျှသည် အပါယ်ကျ၏၊ ငရဲကျ၏”ဟု အချို့သော ဆရာသည်ဆိုလေ့ရှိ၏၊ ယူလေ့ရှိ၏၊ ရွာသူကြီး ထိုဆရာကို ကြည်ညိုသော တပည့်အား ဤသို့ အကြံသည် ဖြစ်၏—“အသက် သတ်သူဟူသမျှတို့သည် အပါယ်ကျ၏၊ ငရဲကျ၏ဟု ငါ၏ ဆရာသည် ဆိုလေ့ ယူလေ့ရှိ၏၊ အသက်ကို ငါ သတ်မိ၏၊ ငါသည်လည်း အပါယ်ကျသူ ငရဲကျသူ ဖြစ်၏ “ဟု အယူမှားကို ရ၏။

ရွာသူကြီး ထိုစကားကို မပယ်လျှင် ထိုစိတ်ကို မပယ်လျှင် ထိုအယူကို မစွန့်လျှင် ဆောင်ယူခဲ့သောဝန်ထုပ်ကို ပစ်ချအပ်သကဲ့သို့ ဤအတူ ငရဲ၌ ကျရ၏။

‘အကြင်သူသည် မပေးသည်ကို ခိုးယူသူဟူသမျှသည် အပါယ်ကျ၏၊ ငရဲကျ၏ ‘ဟု ငါ၏ ဆရာသည်ဆိုလေ့ရှိ၏၊ ယူလေ့ရှိ၏၊ မပေးသည်ကို ငါ ခိုးယူမိ၏၊ ငါသည်လည်း အပါယ်ကျသူ ငရဲကျသူ ဖြစ်၏ဟုအယူမှားကို ရ၏။ ရွာသူကြီး ထိုစကားကို မပယ်လျှင် ထိုစိတ်ကို မပယ်လျှင် ထိုအယူကို မစွန့်လျှင်ဆောင်ယူခဲ့သော ဝန်ထုပ်ကို ပစ်ချအပ်သကဲ့သို့ ဤအတူ ငရဲ၌ ကျရ၏။

‘အကြင်သူသည် ကာမတို့၌ မှားယွင်းစွာ ကျင့်သူဟူသမျှသည် အပါယ်ကျ၏၊ ငရဲကျ၏ ‘ဟု ငါ၏ဆရာသည် ဆိုလေ့ရှိ၏၊ ယူလေ့ရှိ၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်မှုကို ငါ ကျင့်မိ၏၊ ငါသည်လည်းအပါယ်ကျသူ ငရဲကျသူ ဖြစ်၏ဟု အယူမှားကို ရ၏။ ရွာသူကြီး ထိုစကားကို မပယ်လျှင် ထိုစိတ်ကိုမပယ်လျှင် ထိုအယူကို မစွန့်လျှင် ဆောင်ယူခဲ့သော ဝန်ထုပ်ကို ပစ်ချအပ်သကဲ့သို့ ဤအတူ ငရဲ၌ ကျရ၏။

‘အကြင်သူသည် မမှန်ပြောသူဟူသမျှသည် အပါယ်ကျ၏၊ ငရဲကျ၏’ဟု ငါ၏ ဆရာသည် ဆိုလေ့ရှိ၏၊ ယူလေ့ရှိ၏၊ မမှန်သည်ကို ငါ ပြောမိ၏၊ ငါသည်လည်း အပါယ်ကျသူ ငရဲကျသူ ဖြစ်၏ဟု အယူမှားကိုရ၏။ ရွာသူကြီး ထိုစကားကို မပယ်လျှင် ထိုစိတ်ကို မပယ်လျှင် ထိုအယူကို မစွန့်လျှင် ဆောင်ယူခဲ့သောဝန်ထုပ်ကို ပစ်ချအပ်သကဲ့သို့ ဤအတူ ငရဲ၌ ကျရ၏။

ရွာသူကြီး ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို)ကိုယ်တိုင်မှန်စွာ သိတော်မူသော အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော ကောင်းသောစကားကို ဆိုတော်မူတတ်သော လောကကို သိတော်မူသော ဆုံးမထိုက်သူကို ဆုံးမတတ်သည့်အတုမဲ့ပုဂ္ဂိုလ် ဖြစ် တော်မူသော နတ်လူတို့၏ ဆရာဖြစ်တော်မူသော သစ္စာလေးပါးတရားတို့ကိုသိစေတော်မူသော ဘုန်း တန်ခိုးကြီးတော်မူသော ထိုမြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုး ဖြင့် အသက်သတ်ခြင်းကို ကဲ့ရဲ့တော်မူ၏၊ အထူးကဲ့ရဲ့တော်မူ၏၊ “အသက်သတ်ခြင်းမှ ရှောင်ကြလော့ဟု”လည်း ဟောတော်မူ၏၊ မပေးသည်ကိုခိုးယူခြင်းကို ကဲ့ရဲ့တော်မူ၏၊ အထူး ကဲ့ရဲ့တော်မူ၏၊ “မပေးသည်ကို ခိုးယူခြင်းမှရှောင်ကြလော့”ဟုလည်း ဟောတော်မူ၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းကို ကဲ့ရဲ့တော်မူ၏၊ အထူးကဲ့ရဲ့တော်မူ၏၊ “ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြလော့”ဟုလည်း ဟောတော်မူ၏၊ မမှန်ပြောခြင်းကို ကဲ့ရဲ့တော်မူ၏၊ အထူး ကဲ့ရဲ့တော်မူ၏၊ “မမှန်ပြောခြင်းမှ ရှောင်ကြ လော့ “ဟုလည်းဟောတော်မူ၏၊ ရွာသူကြီး ထိုဆရာ၌ အလွန်ကြည်ညိုသော တပည့်သည် ဤသို့ ဆင် ခြင်၏—

“မြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် အသက်သတ်ခြင်းကို ကဲ့ရဲ့တော်မူ၏၊ အထူး ကဲ့ရဲ့တော်မူ၏၊ ‘အသက်သတ်ခြင်းမှ ရှောင်ကြလော့’ဟုလည်း ဟောတော်မူ၏၊ သူ့အသက်ကို ဤ၍ ဤမျှ ငါသတ်မိ၏၊ သူ့အသက်ကို ဤ၍ ဤမျှ ငါသတ်မိခြင်းသည် မကောင်း၊ သို့သော်လည်း ငါသည်ထိုအကြောင်း ကြောင့် နှလုံးမသာ ဖြစ်ခဲ့ပါလျှင် ထိုမကောင်းမှုကို ငါ မပြုဟူ၍ ဖြစ်နိုင်လိမ့်မည်မဟုတ် “ဟု ထိုသူသည် ဤသို့ ဆင်ခြင်၍ ထိုအသက်သတ်ခြင်းကို စွန့်၏၊ နောင်အခါ၌လည်းအသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ ဤသို့ ထိုမကောင်းမှုကို ပယ်၏၊ ဤသို့ ထိုမကောင်းမှုမှလွန်မြောက်၏။

“မြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် မပေးသည်ကို ခိုးယူခြင်းကို ကဲ့ရဲ့တော်မူ၏၊ အထူးကဲ့ရဲ့တော်မူ၏၊ ‘မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြလော့’ဟုလည်း ဟောတော်မူ၏၊ မပေးသည်ကို ဤ၍ ဤမျှ ငါခိုးယူမိခြင်းသည် မကောင်း၊ သို့သော်လည်း ငါသည် ထိုအကြောင်းကြောင့် နှလုံးမသာဖြစ်ခဲ့ပါ လျှင် ထိုမကောင်းမှုကို ငါမပြုဟူ၍ ဖြစ်နိုင်လိမ့်မည် မဟုတ် “ဟု ထိုသူသည် ဤသို့ ဆင်ခြင်၍ ထိုမပေးသည်ကို ယူခြင်းကိုလည်း စွန့်၏၊ နောင်အခါ၌လည်း ထိုမပေးသည်ကို ခိုးယူခြင်းမှရှောင်ကြဉ်၏၊ ဤသို့ ထိုမကောင်းမှုကို ပယ်၏၊ ဤသို့ ထိုမကောင်းမှုမှ လွန်မြောက်၏။

“မြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းကို ကဲ့ရဲ့တော်မူ၏၊ အထူး ကဲ့ရဲ့တော်မူ၏၊ ‘ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြလော့ ‘ဟုလည်း ဟောတော်မူ၏၊ ကာမတို့၌ ဤ၍ ဤမျှ မှားယွင်းစွာ ကျင့်မှုကို ငါ ကျင့်မိ၏၊ ကာမတို့၌ ဤ၍ ဤမျှ မှားယွင်းစွာ ကျင့်မှုသည် မကောင်း၊ သို့သော်လည်း ငါသည် ထိုအကြောင်းကြောင့် နှလုံးမသာ ဖြစ်ခဲ့ပါလျှင်ထိုမကောင်းမှုကို ငါ မပြုဟူ၍ ဖြစ်နိုင်လိမ့်မည် မဟုတ် “ဟု ထိုသူသည် ဤသို့ ဆင်ခြင်၍ ထိုကာမတို့၌ မှားယွင်းစွာ ကျင့်မှုကိုလည်း စွန့်၏၊ နောင်အခါ၌လည်း ကာမတို့၌ မှားယွင်းစွာ ကျင့်မှုမှ ရှောင်ကြဉ်၏၊ ဤသို့ ထို မကောင်းမှုကို ပယ်၏၊ ဤသို့ ထိုမကောင်းမှုမှ လွန်မြောက်၏။

“မြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် မမှန်ပြောခြင်းကို ကဲ့ရဲ့တော်မူ၏၊ အထူး ကဲ့ရဲ့တော်မူ၏၊ ‘မမှန်ပြောခြင်းမှ ရှောင်ကြလော့ ‘ဟုလည်း ဟောတော်မူ၏၊ မမှန်သည်ကို ဤ၍ ဤမျှ ငါပြောမိ၏၊ ဤမမှန်သည်ကို ဤ၍ ဤမျှ ငါပြောမိခြင်းသည် မကောင်း၊ သို့သော်လည်း ငါသည်ထိုအကြောင်းကြောင့် နှလုံးမသာ ဖြစ်ခဲ့ပါလျှင် ထိုမကောင်းမှုကို မပြုဟူ၍ ဖြစ်နိုင်လိမ့်မည် မဟုတ် “ဟုထိုသူသည် ဤသို့ ဆင်ခြင်၍ ထိုမမှန်ပြောခြင်းကိုလည်း စွန့်၏၊ နောင်အခါ၌လည်း မမှန်ပြောခြင်းမှရှောင်ကြဉ်၏၊ ဤသို့ ထိုမကောင်းမှုကို ပယ်၏၊ ဤသို့ ထိုမကောင်းမှုမှ လွန်မြောက်၏။

ထိုသူသည် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ခိုးယူခြင်းကို ပယ်၍ မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းကို ပယ်၍ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မမှန်ပြောခြင်းကို ပယ်၍ မမှန်ပြောခြင်းမှ ရှောင်ကြဉ့်၏၊ ကုန်းစကားပြောခြင်းကို ပယ်၍ ကုန်းစကားပြောခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်းသော စကားပြောခြင်းကို ပယ်၍ ကြမ်းတမ်းသော စကားပြောခြင်းမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသော စကားပြောခြင်းကိုပယ်၍ ပြိန်ဖျင်းသော စကားပြောခြင်းမှ ရှောင်ကြဉ်၏၊ (သူ့စည်းစိမ်ကို) ရှေးရှုကြံမှုကို ပယ်၍ (သူ့စည်းစိမ်ကို) ရှေးရှု မကြံဘဲလျက် နေ၏၊ သူတစ်ပါး ပျက်စီးစေလိုသော စိတ်ကို ပယ်၍ သူတစ်ပါးပျက်စီးစေလိုသော စိတ် မရှိဘဲလျက် နေ၏၊ အယူမှားကို ပယ်၍ ကောင်းသော အယူရှိလျက် နေ၏။

ရွာသူကြီး ထိုအရိယာတပည့်သည် ဤသို့ (သူ့စည်းစိမ်ကို) ရှေးရှုကြံမှု (သူတစ်ပါးကို) ပျက်စီးစေ လိုမှုကင်းသည်ဖြစ်၍ မတွေမဝေဘဲ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိလျက် ချမ်းသာစေလိုခြင်း ‘မေတ္တာ’နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ဤနည်းဖြင့်အထက် အောက် ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန်မရှိသော ငြိုငြင်ခြင်း မရှိသော မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

ရွာသူကြီး ဥပမာသော်ကား အားရှိသော ခရုသင်းမှုတ်သမားသည် မပင်ပန်းဘဲသာလျှင် အရပ်လေးမျက်နှာကို သိစေနိုင်သကဲ့သို့ ဤအတူ ချမ်းသာစေလိုခြင်း ‘မေတ္တာ’ ဟူသော လွတ်မြောက်သော စိတ်ကို ဤသို့ ပွားများအပ်သည်ရှိသော် ဤသို့ အကြိမ်များစွာ ပြုအပ်သည်ရှိသော် နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ကာမာဝစရကံသည် မဟဂ္ဂုတ်ကံ၌ မကြွင်းကျန်၊ ထိုမဟဂ္ဂုတ်ကံ၌ မတည်နိုင်။ ရွာသူကြီး ထိုအရိယာတပည့်သည် ဤသို့ (သူ့စည်းစိမ်ကို) ရှေးရှုကြံမှု (သူတစ်ပါးကို) ပျက်စီးစေလိုမှု ကင်းသည်ဖြစ်၍ မတွေမဝေဘဲ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိလျက် သနားခြင်း ‘ကရုဏာ’ နှင့် ယှဉ်သော စိတ်ဖြင့်။ပ။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’နှင့် ယှဉ်သော စိတ်ဖြင့်။ပ။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ဤနည်းဖြင့် အထက် အောက်ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင် သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန် မရှိသောငြိုငြင်ခြင်း မရှိသော ဥပေက္ခာနှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ ရွာသူကြီး ဥပမာသော်ကားအားရှိသော ခရုသင်းမှုတ်သမားသည် မပင်ပန်းဘဲသာလျှင် အရပ်လေးမျက်နှာကို သိစေနိုင်သကဲ့သို့ ဤအတူ လျစ်လျူ ရှုခြင်း ‘ဥပေက္ခာ’ ဟူသော လွတ်မြောက်သော စိတ်ကို ဤသို့ ပွားများအပ်သည်ရှိသော် ဤသို့ အကြိမ် များစွာ ပြုအပ်သည်ရှိသော် နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ကာမာဝစရကံသည်ထိုမဟဂ္ဂုတ်ကံ၌ မကြွင်း ကျန်၊ ထိုမဟဂ္ဂုတ်ကံ၌ မတည်နိုင်။ ဤသို့ မိန့်တော်မူသော် အသိဗန္ဓက၏သား ရွာသူကြီးသည် မြတ်စွာ ဘုရားကို “အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေစွ။ပ။ မြတ်စွာဘုရားသည် အကျွန်ုပ်ကိုယနေ့မှ စ၍ အသက်ထက်ဆုံးကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ “ဟု (လျှောက်၏)။

အဋ္ဌမသုတ်။