သံယုတ္တနိကာယ်—၄၂

၉—ကုလသုတ်

၃၆၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့် အတူ ကောသလတိုင်း တို့၌ ဒေသစာရီ လှည့်လည်တော်မူသော် နာဠန္ဒမြို့သို့ ရောက်တော်မူ၏၊ မြတ်စွာဘုရားသည် ထိုနာဠန္ဒမြို့ ဝယ်ပါဝါရိကသူဌေး၏ သရက်ဥယျာဉ်၌ (သီတင်းသုံး) နေတော်မူ၏။

ထိုအခါ နာဠန္ဒမြို့သည် အစာခေါင်းပါး၏၊ အသက်မွေးရန် ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုးရှိ၏၊ စာရေးတံလက်မှတ်ဖြင့် အသက်မွေးရ၏၊ ထိုအခါ နိဂဏ္ဌနာဋပုတ္တသည် များစွာသော နိဂဏ္ဌပရိသတ်နှင့်အတူ နာဠန္ဒမြို့၌ နေ၏၊ ထိုအခါ နိဂဏ္ဌ၏ တပည့် အသိဗန္ဓက၏ သား ရွာသူကြီးသည် နိဂဏ္ဌနာဋပုတ္တထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသောအသိဗန္ဓက၏ သား ရွာသူကြီးအား နိဂဏ္ဌနာဋပုတ္တသည် “ရွာသူကြီး လာလော့၊ ရဟန်းဂေါတမကို ဝါဒတင်ချေလော့၊ ဤသို့ ဝါဒတင်သော် အသိဗန္ဓက၏ သား ရွာသူကြီးသည် ဤသို့ တန်ခိုးအာနုဘော်ကြီးသော ရဟန်းဂေါတမကို ဝါဒတင်နိုင်၏ဟု သင်၏ ကောင်းသော ကျော်စောသံသည် ပျံ့နှံ့သွားလတ္တံ့”ဟူသော စကားကို ပြောဆို၏။

အသျှင် ဤသို့ တန်ခိုးအာနုဘော်ကြီးသော ရဟန်းဂေါတမကို အကျွန်ုပ်သည် အဘယ်သို့ ဝါဒတင်ရပါအံ့နည်း။ ရွာသူကြီး လာလော့၊ သင်သည် ရဟန်းဂေါတမထံသို့ ချဉ်းကပ်ပြီးလျှင် “အသျှင်ဘုရား မြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် အမျိုးသားတို့အား အစဉ်သနားခြင်းကို ချီးမွမ်းတော်မူသည်မဟုတ်လော၊ အစဉ်စောင့်ရှောက်ခြင်းကို ချီးမွမ်းတော်မူသည် မဟုတ်လော၊ အစဉ်ငဲ့ညှာခြင်းကို ချီးမွမ်းတော်မူသည် မဟုတ်လော “ဟု ဤသို့ ဆိုလော့၊ ရွာသူကြီး ရဟန်းဂေါတမသည် ဤသို့ အမေးခံရသော်”ရွာသူကြီး မှန်၏၊ ငါဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် အမျိုးသားတို့အား အစဉ်သနားခြင်းကို ချီးမွမ်း၏၊ အစဉ်စောင့်ရှောက်ခြင်းကို ချီးမွမ်း၏၊ အစဉ်ငဲ့ညှာခြင်းကို ချီးမွမ်း၏ “ဟူ၍ ဖြေခဲ့မူ “အသျှင်ဘုရားထိုသို့ဖြစ်လျှင် အဘယ့်ကြောင့် မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့် အတူ အစာခေါင်းပါးသော အသက်မွေးရန် ခဲယဉ်းသော ဖွေးဖွေးဖြူသည့် အရိုးရှိသော စာရေးတံလက်မှတ်ဖြင့် အသက်မွေးရသော အရပ်သို့ ဒေသစာရီ လှည့်လည်ပါသနည်း၊ မြတ်စွာဘုရားသည် အမျိုးတို့၏ ပြတ်ခြင်းငှါ ကျင့်ပါသလော၊ မြတ်စွာဘုရားသည် အမျိုးတို့၏ အကျိုးမဲ့အောင် ကျင့်ပါသလော၊ မြတ်စွာဘုရားသည် အမျိုးတို့၏ ပျက်စီးအောင် ကျင့်ပါသလော “ဟု ထိုရဟန်းဂေါတမကို ဤသို့ ဆိုလေလော့။ ရွာသူကြီး ရဟန်းဂေါတမသည် အစွန်း နှစ်ဖက်ရှိသော ပြဿနာ အမေးခံရသော် ထွေးအံခြင်းငှါ မစွမ်းနိုင်လတ္တံ့၊ မျိုခြင်းငှါမစွမ်းနိုင်လတ္တံ့။ အသျှင် ကောင်းပါပြီဟု အသိဗန္ဓက၏ သား ရွာသူကြီးသည် နိဂဏ္ဌနာဋပုတ္တ၏ စကားကိုဝန်ခံ၍ နေရာမှ ထကာ ရှိခိုးလျက် အရိုအသေ ပြုပြီးနောက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်တစ်ခု သော နေရာ၌ ထိုင်နေကာ “အသျှင်ဘုရား မြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုးဖြင့်အမျိုးသားတို့ အား အစဉ်သနားခြင်းကို ချီးမွမ်းတော်မူသည် မဟုတ်လော၊ အစဉ်စောင့်ရှောက်ခြင်းကိုချီးမွမ်းတော်မူသည် မဟုတ်လော၊ အစဉ်ငဲ့ညှာခြင်းကို ချီးမွမ်းတော်မူသည် မဟုတ်လော” ဟူသော ဤစကားကို လျှောက်၏။

“ရွာသူကြီး မှန်၏၊ မြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် အမျိုးသားတို့အား အစဉ်သနားခြင်းကို ချီးမွမ်းတော်မူ၏၊ အစဉ်စောင့်ရှောက်ခြင်းကို ချီးမွမ်းတော်မူ၏၊ အစဉ်ငဲ့ညှာခြင်းကို ချီးမွမ်းတော်မူ၏ “။ အသျှင်ဘုရား သို့ဖြစ်လျှင် အဘယ့်ကြောင့် မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ အစာခေါင်းပါးသော အသက်မွေးရန် ခဲယဉ်းသော ဖွေးဖွေးဖြူသည့် အရိုးရှိသော စာရေးတံလက်မှတ်ဖြင့် အသက်မွေးရသော အရပ်သို့ ဒေသစာရီ လှည့်လည်ပါသနည်း၊ မြတ်စွာဘုရားသည် အမျိုးတို့၏ ပြတ်ခြင်းငှါ ကျင့်ပါသလော၊ မြတ်စွာဘုရားသည် အမျိုးတို့၏ အကျိုးမဲ့ခြင်းငှါ ကျင့်ပါသလော၊ မြတ်စွာဘုရားသည် အမျိုးတို့၏ ပျက်စီးခြင်းငှါ ကျင့်ပါသလောဟု (လျှောက်၏)။ ရွာသူကြီး ဤကမ္ဘာမှ (နောက်)ကိုးဆယ့်တစ်ကမ္ဘာတို့တိုင်အောင် ငါ အောက်မေ့သည်ရှိသော် ချက်ပြီးဆွမ်းကို လောင်းရုံမျှဖြင့်ပျက်စီးဖူးသော အမျိုးသားတစ်ဦးတစ်ယောက်ကိုမျှ ငါ သိမြင်တော်မမူ၊ စင်စစ်သော်ကားကြွယ်ဝကုန်သော များသော ဥစ္စာရှိကုန်သော များသော ရွှေငွေရှိကုန်သော များသောအသုံးအဆောင်ရှိကုန်သော များသော ဥစ္စာစပါးရှိကုန်သော အမျိုးသားအားလုံးတို့သည်ပေးလှူခြင်းကြောင့်လည်း ကြီးပွားကုန်၏၊ မှန်ကန်မှု သစ္စာကြောင့်လည်း ကြီးပွားကုန်၏၊ အကျင့်သီလကြောင့်လည်း ကြီးပွားကုန်၏။

ရွာသူကြီး အမျိုးတို့၏ ပျက်စီးခြင်းငှါ အကြောင်းအထောက်အပံ့တို့သည် ရှစ်မျိုးတို့တည်း။ အမျိုးတို့သည် မင်းကြောင့်လည်း ပျက်စီးခြင်းသို့ ရောက်ကုန်၏၊ ခိုးသားဓါးပြကြောင့်လည်း ပျက်စီးခြင်းသို့ရောက်ကုန်၏၊ မီးကြောင့်လည်း ပျက်စီးခြင်းသို့ ရောက်ကုန်၏၊ ရေကြောင့်လည်း ပျက်စီးခြင်းသို့ရောက် ကုန်၏၊ မြှုပ်ထားသော ဥစ္စာသည်လည်း တည်ရာမှ ရွေ့၏၊ အားထုတ်မှု မကောင်းသဖြင့်လည်းလုပ်ငန်း တို့ ပျက်စီးကုန်၏၊ အမျိုး၌လည်း ထိုစည်းစိမ်ဥစ္စာတို့ကို ကြဲဖြန့်မှုတ်လွှင့် ဖျက်စီးတတ်သူ’အမျိုးမီးခဲ ‘သည်လည်း ဖြစ်ပေါ်လာ၏၊ ရှစ်ခုမြောက်အကြောင်းကား မမြဲခြင်းသာလျှင်တည်း။ ရွာသူကြီးအမျိုးတို့၏ ပျက်စီးရန် အကြောင်းအထောက်အပံ့တို့သည် ဤရှစ်မျိုးတို့တည်း။

ရွာသူကြီး ဤရှစ်မျိုးသော အကြောင်းအထောက်အပံ့များ ရှိပါကုန်လျက် မြတ်စွာဘုရားသည်”အမျိုးတို့၏ ပြတ်ခြင်းငှါ ကျင့်၏၊ မြတ်စွာဘုရားသည် အမျိုးတို့၏ အကျိုးမဲ့ခြင်းငှါ ကျင့်၏၊ မြတ်စွာဘုရားသည် အမျိုးတို့၏ ပျက်စီးခြင်းငှါ ကျင့်၏”ဟု ငါဘုရားအား ဆိုသော သူသည် ထိုစကားကို မပယ်လျှင် ထိုစိတ်ကို မပယ်လျှင် ထိုအယူကို မစွန့်လျှင် ဆောင်ယူခဲ့သော ဝန်ထုပ်ကို ပစ်ချလိုက်သကဲ့သို့ ဤအတူ ငရဲ၌ ကျရ၏။ ဤသို့ မိန့်တော်မူသော် အသိဗန္ဓက၏ သား ရွာသူကြီးသည် မြတ်စွာဘုရားအား”အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို)ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ”ဟု (လျှောက်၏)။

နဝမသုတ်။