သံယုတ္တနိကာယ်—၄၄

၁ဝ—အာနန္ဒသုတ်

၄၁၉။ ထိုအခါ ဝစ္ဆဂေါတ္တပရိဗိုဇ်သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား—“အသျှင်ဂေါတမ အတ္တဟူ၍ ရှိပါသလော”ဟု ပြောဆို၏၊ ဤသို့ ပြောလျှင် မြတ်စွာဘုရားသည်ဆိတ်ဆိတ် နေတော်မူ၏၊ “အသျှင်ဂေါတမ အတ္တဟူ၍ မရှိသလော”ဟု ပြောဆို၏၊ ဒုတိယအကြိမ်လည်းမြတ်စွာဘုရားသည် ဆိတ်ဆိတ် နေတော်မူ၏၊ ထို့နောက် ဝစ္ဆဂေါတ္တပရိဗိုဇ်သည် နေရာမှ ထလျက်ဖဲသွားလေ၏၊ ထို့နောက် အသျှင်အာနန္ဒာသည် ဝစ္ဆဂေါတ္တ ဖဲသွား၍ မကြာမီမြတ်စွာဘုရားအား—“ အသျှင်ဘုရား ဝစ္ဆဂေါတ္တပရိဗိုဇ် ပြဿနာ မေးအပ်ပါလျက် အဘယ်ကြောင့်မြတ်စွာဘုရား ဖြေတော်မမူပါသနည်း”ဟု လျှောက်၏။ အာနန္ဒာ ငါသည် “အတ္တဟူ၍ ရှိသလော”ဟုဝစ္ဆဂေါတ္တပရိဗိုဇ် အမေးခံရသည်ဖြစ်၍ “အတ္တ ဟူ၍ ရှိ၏”ဟု ဖြေဆိုငြားအံ့၊ အာနန္ဒာ ထိုအဖြေသည်သဿတဝါဒအယူရှိကြသော သမဏဗြာဟ္မဏနှင့် အတူဖြစ်ရာ၏။ အာနန္ဒာ ငါသည် “အတ္တဟူ၍ မရှိသလော”ဟု ဝစ္ဆဂေါတ္တပရိဗိုဇ် အမေးခံရသည်ဖြစ်၍ “အတ္တဟူ၍ မရှိ”ဟု ဖြေဆိုငြားအံ့၊ အာနန္ဒာထိုအဖြေသည် ဥစ္ဆေဒဝါဒအယူရှိကြသော သမဏဗြာဟ္မဏ တို့နှင့် အတူဖြစ်ရာ၏။ အာနန္ဒာ ငါသည်”အတ္တဟူ၍ ရှိသလော”ဟု ဝစ္ဆဂေါတ္တပရိဗိုဇ် အမေးခံရသည် ဖြစ်၍ “အတ္တဟူ၍ ရှိ၏”ဟု ဖြေဆိုငြားအံ့၊ အာနန္ဒာ ဤအဖြေသည် “ခပ်သိမ်းသော တရားတို့သည် အနတ္တတို့တည်း”ဟု အသိညာဏ်ဖြစ်ပေါ်ခြင်းငှါ လျော်နိုင်ရာသလော။ မလျော်နိုင်ပါ အသျှင်ဘုရား။ အာနန္ဒာ ငါသည် “အတ္တဟူ၍ မရှိသလော”ဟု ဝစ္ဆဂေါတ္တပရိဗိုဇ် အမေးခံရသည်ဖြစ်၍ “အတ္တဟူ၍ မရှိ”ဟု ဖြေဆိုငြားအံ့၊ အာနန္ဒာတွေဝေနေသော ဝစ္ဆဂေါတ္တပရိဗိုဇ်အား “ငါ့အား ရှေးက အတ္တဟူ၍ ရှိခဲ့လေယောင် တကား၊ ထိုအတ္တသည်ယခု မရှိတော့”ဟု အလွန်တွေဝေခြင်းငှါ ဖြစ်ရာ၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။