သံယုတ္တနိကာယ်—၄၄

၁၁—သဘိယကစ္စာနသုတ်

၄၂ဝ။ အခါတစ်ပါး၌ အသျှင်သဘိယကစ္စာနသည် ဉာတိကရွာ အုတ်ကျောင်း၌ (သီတင်းသုံး) နေလေ၏၊ ထိုအခါ ဝစ္ဆဂေါတ္တပရိဗိုဇ်သည် အသျှင်သဘိယကစ္စာနထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်သဘိယကစ္စာနနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် အသျှင်သဘိယကစ္စာနအား— အသျှင်ကစ္စာန “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သလော”ဟု ပြောဆို၏၊ ဝစ္ဆ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရားဟောတော်မမူ။ အသျှင်ကစ္စာန “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်သလော”ဟု ပြောဆို၏၊ ဝစ္ဆ”သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။ အသျှင်ကစ္စာန “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်သလော”၊ အသျှင်ဝစ္ဆ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။ အသျှင်ကစ္စာန “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်သလော”၊ ဝစ္ဆ “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရားဟောတော်မမူ။

“အသျှင်ကစ္စာန သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သလော”ဟု ဤသို့ မေးလျှင် “ဝစ္ဆသတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူဟု့ဆို၏။ “အသျှင်ကစ္စာန သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်သလော”ဟု ဤသို့မေးလျှင် ဝစ္ဆ”သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူဟုဆို၏။ “အသျှင်ကစ္စာန သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်သလော”ဟု ဤသို့ မေးလျှင် ဝစ္ဆ “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူဟု ဆို၏။ “အသျှင်ကစ္စာန သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်သလော”ဟု ဤသို့ မေးလျှင် ဝစ္ဆ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူဟု ဆို၏။ အသျှင်ကစ္စာန ဤစကားကို ရဟန်းဂေါတမမဟောခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်းဟု မေးလျှောက်၏။ ဝစ္ဆ”ရုပ်ရှိ၏ဟူ၍ သော်လည်းကောင်း၊ ရုပ် မရှိဟူ၍ သော်လည်းကောင်း၊ သညာရှိ၏ဟူ၍ သော်လည်းကောင်း၊ သညာ မရှိဟူ၍ သော်လည်းကောင်း၊ သညာရှိသည်လည်း မဟုတ် မရှိသည်လည်းမဟုတ်”ဟူ၍ သော်လည်းကောင်း ပညတ်လျှင် ပညတ်နိုင်ရာ သော အကြောင်းအထောက်အပံ့သည်လုံးဝဥဿုံ အကြွင်းမဲ့ ချုပ်ငြိမ်းခဲ့ပါလျှင် အဘယ်အကြောင်းဖြင့် ထိုသတ္တဝါကို ပညတ်လိုသော်”ရုပ်ရှိ၏ဟူ၍ သော်လည်းကောင်း၊ ရုပ်မရှိဟူ၍ သော်လည်းကောင်း၊ သညာရှိ၏ဟူ၍ သော်လည်းကောင်း၊ သညာမရှိဟူ၍ သော်လည်းကောင်း၊ သညာရှိသည်လည်း မဟုတ် မရှိသည်လည်းမဟုတ်”ဟူ၍ သော်လည်းကောင်း ပညတ်ရာသလောဟု မိန့်ဆို၏။ အသျှင်ကစ္စာန ရဟန်းပြုသည်မှာ အဘယ်မျှ ကြာပြီနည်း။ ငါ့သျှင် မကြာသေး၊ သုံးနှစ်မျှသာ ရှိသေး၏။ ငါ့သျှင် ဤမျှလောက်သော အချိန်ကလေးဖြင့် ဤမျှသော ဤတရားစကားသည် များပြားသည်သာ ဖြစ်ရာ၏၊ ဤထက် အလွန်ရှိသော တရားစကား၌ အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်းဟု (လျှောက်၏)။

ဧကာဒသမသုတ်။

အဗျာကတသံယုတ် ပြီး၏။

သဠာယတနဝဂ္ဂသံယုတ် ပြီး၏။