သံယုတ္တနိကာယ်—၄၄

၇—မောဂ္ဂလာနသုတ်

၄၁၆။ ထိုအခါ ဝစ္ဆဂေါတ္တပရိဗိုဇ်သည် အသျှင်မဟာမောဂ္ဂလာန်ထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်မဟာမောဂ္ဂလာန်နှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက်အသျှင်မဟာမောဂ္ဂလာန်အား— အသျှင်မောဂ္ဂလာန် လောကသည် မြဲသလောဟု ဆို၏၊ ဝစ္ဆ”လောကသည် မြဲ၏ “ဟူသော ဤစကားကို မြတ်စွာဘုရား ဟောတော်မမူ။ အသျှင်မောဂ္ဂလာန်သို့ဖြစ်လျှင် လောကသည် မမြဲသလော၊ ဝစ္ဆ “လောကသည် မမြဲ”ဟူသော ဤစကားကိုလည်းမြတ်စွာဘုရား ဟောတော်မမူ။ အသျှင်မောဂ္ဂလာန် လောကသည် အဆုံးရှိသလော၊ ဝစ္ဆ “လောကသည်အဆုံးရှိ၏ “ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။ အသျှင်မောဂ္ဂလာန် သို့ဖြစ်လျှင်လောကသည် အဆုံးမရှိသလော၊ ဝစ္ဆ “ လောကသည် အဆုံးမရှိ “ဟူသော ဤစကားကိုလည်းမြတ်စွာဘုရား ဟောတော်မမူ။ အသျှင်မောဂ္ဂ လာန် ထိုအသက်သည်ပင် ထိုကိုယ်လော၊ ဝစ္ဆ”ထိုအသက်သည်ပင် ထိုကိုယ်”ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။ အသျှင်မောဂ္ဂလာန် အသက်သည် တခြား ကိုယ်သည် တခြားလော၊ ဝစ္ဆ “အသက်သည် တခြားကိုယ်သည် တခြား “ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။ အသျှင်မောဂ္ဂလာန်သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သလော၊ ဝစ္ဆ “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ “ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။ အသျှင်မောဂ္ဂလာန် သတ္တဝါသည်သေသည်မှ နောက်၌ မဖြစ်သလော၊ ဝစ္ဆ “ သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ် “ ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။ အသျှင်မောဂ္ဂလာန် သတ္တဝါသည် သေသည်မှ နောက်၌ ့ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်သလော၊ ဝစ္ဆ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ် “ ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။ အသျှင်မောဂ္ဂလာန် သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်သလော၊ ဝစ္ဆ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် “ ဟူသော ဤစကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။

အသျှင်မောဂ္ဂလာန် အယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့သည် ဤသို့ အမေးခံကြရလျှင် “လောကသည်မြဲ၏ “ဟူ၍လည်းကောင်း၊ “ လောကသည် မမြဲ”ဟူ၍လည်းကောင်း၊ “ လောကသည်အဆုံးရှိ၏”ဟူ၍လည်း ကောင်း၊ “လောကသည် အဆုံးမရှိ”ဟူ၍လည်းကောင်း၊ “ထိုအသက်သည်ပင်ထိုကိုယ်တည်း”ဟူ၍လည်း ကောင်း၊ “အသက်သည် တခြား ကိုယ်သည် တခြား”ဟူ၍လည်းကောင်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူ၍လည်းကောင်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူ၍လည်းကောင်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်းမဖြစ်”ဟူ၍လည်းကောင်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ်”ဟူ၍လည်းကောင်း ဤသို့ ဖြေ ဆိုကြခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း။ ရဟန်းဂေါတမသည် ဤသို့ အမေးခံရလျှင် “လောကသည် မြဲ၏”ဟူ၍လည်းကောင်း၊ “လောကသည်မမြဲ”ဟူ၍လည်းကောင်း၊ “လောကသည် အဆုံး ရှိ၏”ဟူ၍လည်းကောင်း၊ “လောကသည် အဆုံးမရှိ”ဟူ၍လည်းကောင်း၊ “ထိုအသက်သည်ပင် ထိုကိုယ် တည်း”ဟူ၍လည်းကောင်း၊ “အသက်သည်တခြား ကိုယ်သည် တခြား”ဟူ၍လည်းကောင်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူ၍လည်းကောင်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူ၍လည်း ကောင်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူ၍လည်းကောင်း၊ “သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်း ကောင်းမဖြေဆိုခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း။

ဝစ္ဆ အယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့ကား မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာတည်း၊ ဤမျက်စိသည် ငါဖြစ်၏၊ ဤမျက်စိသည် ငါ၏ အတ္တတည်း”ဟု ရှုကြ၏။ပ။ လျှာကို “ ဤလျှာသည် ငါ့ဥစ္စာတည်း၊ ဤလျှာသည် ငါ ဖြစ်၏၊ ဤလျှာသည် ငါ၏ အတ္တတည်း”ဟု ရှုကြ၏။ပ။ စိတ်ကို “ ဤစိတ်သည် ငါ့ဥစ္စာတည်း၊ ဤစိတ်သည် ငါ ဖြစ်၏၊ ဤစိတ်သည် ငါ၏ အတ္တတည်း”ဟု ရှုကြ၏၊ ထို့ကြောင့် အယူတစ်မျိုးရှိသူပရိဗိုဇ်တို့သည် ဤသို့ အမေးခံကြရလျှင် “လောကသည် မြဲ၏”ဟူ၍လည်းကောင်း။ပ။ “သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်းကောင်း ဤသို့ဖြေဆိုကြ ခြင်း ဖြစ်၏။ ဝစ္ဆ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်ကား မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ မဟုတ်၊ ဤမျက်စိသည် ငါ မဟုတ်၊ ဤမျက်စိသည် ငါ၏ အတ္တမဟုတ်”ဟု ရှုတော်မူ၏။ပ။ လျှာကို” ဤလျှာသည် ငါ့ဥစ္စာ မဟုတ်၊ ဤလျှာသည် ငါ မဟုတ်၊ ဤလျှာသည် ငါ၏ အတ္တမဟုတ်”ဟုရှုတော်မူ၏။ပ။ စိတ်ကို “ ဤစိတ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤစိတ်သည် ငါ မဟုတ်၊ ဤစိတ်သည် ငါ၏အတ္တမဟုတ် “ဟု ရှုတော်မူ၏၊ ထို့ကြောင့် မြတ်စွာဘုရားသည် ဤသို့ အမေးခံရလျှင် “လောကသည်မြဲ၏”ဟူ၍လည်းကောင်း။ပ။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်းကောင်း ဤသို့ မဖြေဆိုခြင်း ဖြစ်၏ဟု မိန့်တော်မူ၏။

ထို့နောက် ဝစ္ဆဂေါတ္တပရိဗိုဇ်သည် နေရာမှ ထကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား—အသျှင်ဂေါတမ “လောကသည် မြဲသလော”ဟု မေးလျှောက်၏။ ဝစ္ဆ “လောကသည့်မြဲ၏”ဟူ သော ဤစကားကို ငါ မဟော။ပ။ အသျှင်ဂေါတမ သို့ဖြစ်လျှင် သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်သလော။ ဝစ္ဆ “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူသော ဤစကားကိုလည်း ငါ မဟော။

အသျှင်ဂေါတမ အယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့သည် ဤသို့ အမေးခံကြရလျှင် “လောကသည် မြဲ၏”ဟူ၍လည်းကောင်း။ပ။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ် “ဟူ၍လည်းကောင်း ဤသို့ ဖြေကြခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း။ အသျှင် ဂေါတမ အသျှင်ဂေါတမသည် ဤသို့ အမေးခံရလျှင် “လောကသည် မြဲ၏”ဟူ၍လည်းကောင်း။ပ။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ်”ဟူ၍လည်းကောင်း ဤသို့ မဖြေဆိုခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း။

ဝစ္ဆ အယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့ကား မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤမျက်စိသည် ငါဖြစ်၏၊ ဤမျက်စိသည် ငါ၏ အတ္တတည်း”ဟု ရှုကြ၏။ပ။ လျှာကို “ ဤလျှာသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤလျှာသည် ငါ ဖြစ်၏၊ ဤလျှာသည် ငါ၏ အတ္တတည်း”ဟု ရှုကြ၏။ပ။ စိတ်ကို “ ဤစိတ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤစိတ်သည် ငါ ဖြစ်၏၊ ဤစိတ်သည် ငါ၏ အတ္တတည်း”ဟု ရှုကြ၏၊ ထို့ကြောင့် အယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့သည် ဤသို့ အမေးခံကြရလျှင် “လောကသည် မြဲ၏”ဟူ၍လည်းကောင်း။ပ။ “သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်းကောင်း ဤသို့ ဖြေဆိုကြခြင်း ဖြစ်၏။ ဝစ္ဆ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်ကား မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ မဟုတ်၊ ဤမျက်စိသည် ငါ မဟုတ်၊ ဤမျက်စိသည် ငါ၏ အတ္တမဟုတ်”ဟု ရှု၏။ပ။ လျှာကို “ ဤလျှာသည်ငါ့ဥစ္စာ မဟုတ်၊ ဤလျှာသည် ငါ မဟုတ်၊ ဤလျှာသည် ငါ၏ အတ္တမဟုတ်”ဟု ရှု၏။ပ။ စိတ်ကို” ဤစိတ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤစိတ်သည် ငါ မဟုတ်၊ ဤစိတ်သည် ငါ၏ အတ္တမဟုတ်”ဟု ရှု၏၊ ထို့ကြောင့် မြတ်စွာဘုရားသည် ဤသို့ အမေးခံရလျှင် “လောကသည် မြဲ၏”ဟူ၍လည်းကောင်း၊ “လောကသည် မမြဲ”ဟူ၍လည်းကောင်း၊ “လောကသည် အဆုံးရှိ၏”ဟူ၍လည်းကောင်း၊ “လောကသည်အဆုံးမရှိ”ဟူ၍လည်းကောင်း၊ “ထိုအသက်သည်ပင် ထိုကိုယ်တည်း”ဟူ၍လည်းကောင်း၊ “အသက်သည်တခြား ကိုယ်သည် တခြား”ဟူ၍လည်း ကောင်း၊ “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူ၍လည်းကောင်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူ၍လည်းကောင်း၊ “သတ္တဝါသည်သေသည် မှနောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူ၍လည်းကောင်း၊ “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် “ ဟူ၍လည်းကောင်း ဤသို့ မဖြေဆိုခြင်းဖြစ်၏။

အသျှင်ဂေါတမ အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဂေါတမ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ ဆရာနှင့် တပည့်၏ တရားဟောရာ၌ အနက်အနက်ချင်း သဒ္ဒါသဒ္ဒါချင်း တစ်ထပ်တည်း ကျလှပါ၏၊ ညီညွတ်လှပါ၏၊ မဆန့်ကျင်ဘဲရှိလှပါ၏။ အသျှင်ဂေါတမ အကျွန်ုပ်သည် ယခုပင် မဟာမောဂ္ဂလာန်ရဟန်းကို ချဉ်းကပ်ပြီးလျှင် ဤအနက်ကို မေးခဲ့ပါသည်၊ မဟာမောဂ္ဂလာန်ရဟန်းသည်လည်း ဤပုဒ်တို့ဖြင့် ဤသဒ္ဒါတို့ဖြင့် အသျှင်ဂေါတမကဲ့သို့ပင် ဤအနက်ကို ဖြေဆိုပါသည်။ အသျှင်ဂေါတမ အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဂေါတမ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ ဆရာနှင့် တပည့်၏ တရားဟောရာ၌ အနက်အနက်ချင်း သဒ္ဒါသဒ္ဒါချင်း တစ်ထပ်တည်း ကျလှပါ၏၊ ညီညွတ်လှပါ၏၊ မဆန့်ကျင်ဘဲ ရှိလှပါ၏ဟု (လျှောက်၏)။

သတ္တမသုတ်။