သံယုတ္တနိကာယ်—၄၅

၁—အဝိဇ္ဇာဝဂ်

၃—သာရိပုတ္တသုတ်

၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏— “အသျှင်ဘုရား မိတ်ဆွေကောင်းရှိသည်၏ အဖြစ် အပေါင်းအသင်းကောင်းရှိသည်၏ အဖြစ်မိတ်ဆွေ ကောင်းတို့၌ ကိုင်းရှိုင်းသည်၏ အဖြစ်သည် အကျင့်မြတ်ကို အလုံးစုံပင် ပြီးစေနိုင်၏”ဟု (လျှောက်၏)။

သာရိပုတြာ ကောင်းပေစွ၊ ကောင်းပေစွ၊ သာရိပုတြာ မိတ်ဆွေကောင်းရှိသည်၏ အဖြစ် အပေါင်း့အသင်းကောင်းရှိသည်၏ အဖြစ် မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းသည်၏ အဖြစ်သည် အကျင့်မြတ်ကိုအလုံးစုံပင် ပြီးစေနိုင်၏၊ သာရိပုတြာ မိတ်ဆွေကောင်း, အပေါင်းအသင်းကောင်း ရှိ၍မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းခြင်းရှိသော ရဟန်းအား အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုပွားများနိုင်လိမ့်မည်၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုနိုင်လိမ့်မည်ဟူသောဤအကြောင်းကို မချွတ် (ရလိမ့်မည်ဟု) မျှော်လင့် အပ်၏၊ သာရိပုတြာ မိတ်ဆွေကောင်း,အပေါင်းအသင်းကောင်း ရှိ၍ မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းခြင်းရှိ သော ရဟန်းသည်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုအဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း။

သာရိပုတြာ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်မှု၌ မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်း၌ မှီသောချုပ်ငြိမ်းမှု၌ မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ကို ပွားများ၏။ပ။ ဆိတ်ငြိမ်မှု၌ မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်း၌ မှီသော ချုပ်ငြိမ်းမှု၌ မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ကို ပွားများ၏။ သာရိပုတြာ မိတ်ဆွေကောင်း, အပေါင်းအသင်းကောင်းရှိ၍ မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းခြင်းရှိသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကိုပွားများ၏၊ ကြိမ်ဖန်များစွာ ပြုလုပ်၏။

သာရိပုတြာ မိတ်ဆွေကောင်းရှိသည်၏ အဖြစ် အပေါင်းအသင်းကောင်းရှိသည်၏ အဖြစ် မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းသည်၏ အဖြစ်သည် အကျင့်မြတ်ကို အလုံးစုံပင် ပြီးစေနိုင်၏ဟူသော ဤစကားကိုဤသို့သောအကြောင်းပရိယာယ်ဖြင့်လည်း သိအပ်၏။ သာရိပုတြာ မိတ်ဆွေကောင်းဖြစ်သော ငါဘုရားကိုအကြောင်းပြု၍ ပဋိသန္ဓေနေမှုသဘောရှိကုန်သော သတ္တဝါတို့သည် ပဋိသန္ဓေနေမှုမှ လွတ်မြောက်ကုန်၏၊ အိုမှုသဘောရှိကုန်သော သတ္တဝါတို့သည် အိုမှုမှ လွတ်မြောက်ကုန်၏၊ သေမှုသဘောရှိကုန်သော သတ္တဝါတို့သည် သေမှုမှ လွတ်မြောက်ကုန်၏၊ စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုသဘောရှိကုန်သော သတ္တဝါတို့သည် စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့မှ လွတ်မြောက်ကုန်၏။ အာနန္ဒာ မိတ်ဆွေကောင်းရှိသည်၏ အဖြစ် အပေါင်းအသင်းကောင်းရှိသည်၏အဖြစ် မိတ်ဆွေကောင်းတို့၌ ကိုင်းရှိုင်းသည်၏ အဖြစ်သည် အကျင့်မြတ်ကို အလုံးစုံပင် ပြီးစေနိုင်၏ဟူသော ထိုစကားကို ဤသို့သောအကြောင်းပရိယာယ်အားဖြင့် သိအပ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။