သံယုတ္တနိကာယ်—၄၅

၁—အဝိဇ္ဇာဝဂ်

၈—ဝိဘင်္ဂသုတ်

၈။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့အား အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ကို ဟောကြားပေအံ့၊ ဝေဖန်ပေအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့ဟု (မိန့်တော် မူ၏)။ ထိုရဟန်းတို့သည် “အသျှင်ဘုရား ကောင်းပါပြီ”ဟု မြတ်စွာဘုရားအားပြန်ကြားလျှောက်ထား ကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏— ရဟန်းတို့အင်္ဂါရှစ်ပါးရှိသောအရိယာမဂ်သည် အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သောတည်ကြည်မှု ‘သမ္မာသမာဓိ’တို့တည်း။

ရဟန်းတို့ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဆင်းရဲကို သိသော ဉာဏ်၊ ဆင်းရဲဖြစ်ကြောင်းကို သိသော ဉာဏ်၊ ဆင်းရဲချုပ်ငြိမ်းရာကို သိသော ဉာဏ်၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်ကို သိသော ဉာဏ်ပင်တည်း။ ရဟန်းတို့ ဤသည်ကို မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ဟု ဆိုအပ်၏။

ရဟန်းတို့ မှန်ကန်သောအကြံ ‘သမ္မာသင်္ကပ္ပ’ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ထွက်မြောက်လို သောကြံစည်မှု၊ မပျက်စီးစေလိုသော ကြံစည်မှု၊ မညှဉ်းဆဲလိုသော ကြံစည်မှုသည် ရှိ၏။ ရဟန်းတို့ ဤသည်ကို မှန်ကန်သောအကြံ ‘သမ္မာသင်္ကပ္ပ’ဟု ဆိုအပ်၏။

ရဟန်းတို့ မှန်ကန်သော စကား ‘သမ္မာဝါစာ’ဟူသည် အဘယ်နည်း၊ ရဟန်းတို့ မမှန်ပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း၊ ကုန်းစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း၊ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်းသည် ရှိ၏။ ရဟန်းတို့ဤသည်ကို မှန်ကန်သော စကား ‘သမ္မာဝါစာ’ဟု ဆိုအပ်၏။

ရဟန်းတို့ မှန်ကန်သောအလုပ် ‘သမ္မာကမ္မ န္တ’ ဟူသည် အဘယ်နည်း၊ ရဟန်းတို့ အသက်သတ်မှုမှရှောင်ကြဉ်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ မမြတ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်ခြင်းသည် ရှိ၏။ ရဟန်းတို့ ဤသည်ကို မှန်ကန်သောအလုပ် ‘သမ္မာကမ္မ န္တ’ဟု ဆိုအပ်၏။

ရဟန်းတို့ မှန်ကန်သောအသက်မွေးမှု ‘သမ္မာအာဇီဝ’ ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အရိယာဖြစ်သော တပည့်သည် မှားယွင်းသောအသက်မွေးမှု ‘မိစ္ဆာ ဇီဝ’ကို ပယ်၍ မှန်ကန်သောအသက်မွေးမှု ‘သမ္မာအာဇီဝ’ ဖြင့် အသက်မွေး၏။ ရဟန်းတို့ ဤသည်ကို မှန်ကန်သောအသက် မွေးမှု ‘သမ္မာအာဇီဝ’ဟု ဆိုအပ်၏။

ရဟန်းတို့ မှန်ကန်သောအားထုတ်မှု ‘သမ္မာဝါယာမ’ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်ကုန်သေးသော ယုတ်ညံ့သောအကုသိုလ်တရားတို့ကို မဖြစ်စေရန်ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီမြှောက်၏၊ ဆောက်တည်၏။ ဖြစ်ပြီးကုန်သောယုတ်ညံ့သောအကုသိုလ်တရားတို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏။ပ။ မဖြစ်ကုန်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေရန် ဆန္ဒကို ဖြစ်စေ၏။ပ။ ဖြစ်ပြီးကုန်သော ကုသိုလ်တရားတို့ကို တည်မြဲစေရန်၊ မပျောက်ပျက်စေရန်၊ တိုးတက်ဖြစ်ပွားစေရန်၊ ပြန့်ပြောစေရန်၊ ပွားများမှု ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီမြှောက်၏၊ ဆောက်တည်၏။ ရဟန်းတို့ ဤသည်ကို မှန်ကန်သောအား ထုတ်မှု ‘သမ္မာဝါယာမ’ဟု ဆိုအပ်၏။

ရဟန်းတို့ မှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ’ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာအားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ မက်မောမှု ‘အဘိဇ္ဈာ’ နှလုံးမသာမှု ‘ဒေါမနဿ’ကို ပယ်ဖျောက်လျက်ရုပ် အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ပြင်းစွာ အားထုတ်သော လုံ့လရှိ သည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌မက်မောမှု ‘အဘိဇ္ဈာ’ နှလုံးမသာမှု ‘ဒေါမနဿ’ ကို ပယ်ဖျောက်လျက် ဝေဒနာတို့၌ ဝေဒနာတို့ကိုအကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ မက်မောမှု ‘အဘိဇ္ဈျာ’နှလုံးမသာမှု ‘ဒေါမနဿ’ကို ပယ်ဖျောက်လျက် သဘော တရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ဤသည်ကို မှန် ကန်သော အောက်မေ့မှု ‘သမ္မာသတိ’ဟု ဆိုအပ်၏။

ရဟန်းတို့ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ဆိတ်၍သာလျှင် ကြံစည်မှု ‘ဝိတက်’ နှင့် တကွဖြစ်သော သုံးသပ်မှု ‘ဝိစာရ’နှင့် တကွဖြစ်သော နီဝရဏဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ကြံစည်မှု ‘ဝိတက်’သုံးသပ်မှု ‘ဝိစာရ’ တို့၏ ချုပ်ခြင်းကြောင့် ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ မရှိသော စိတ်ကိုကြည်လင်စေတတ်သော စိတ်၏ တည်ကြည်မှု ‘သမာဓိ’ ကို ဖြစ်စေတတ်သောတည်ကြည်မှု ‘သမာဓိ’ ကြောင့် ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ရှိသော ဒုတိယဈာန်သို့ရောက်၍ နေ၏။ နှစ်သိမ့်မှု ‘ပီတိ’ကိုလည်း မစွဲမက်ခြင်း ကြောင့် လျစ်လျူရှု၍သာလျှင် နေ၏၊ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’နှင့် ပြည့်စုံသည် ဖြစ်၍ ချမ်းသာမှု ‘သုခ’ကိုလည်း ကိုယ်ဖြင့်ခံစား၏၊ (အကြင်တတိယဈာန်ကြောင့်) ထိုသူကို “လျစ်လျူရှုသူ၊ သတိ ရှိသူ၊ ချမ်းသာစွာနေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ချီးမွမ်းပြောဆိုကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏။ ချမ်းသာမှု ‘သုခ’ကိုလည်း ပယ်ခြင်းကြောင့် ဆင်းရဲမှု ‘ဒုက္ခ’ကိုလည်း ပယ်ခြင်းကြောင့်ဝမ်းသာမှု ‘သောမနဿ’ နှလုံးမသာမှု ‘ဒေါမနဿ’တို့ ရှေးဦးကပင်လျှင် ချုပ်နှင့်ခြင်းကြောင့် ဆင်းရဲချမ်းသာကင်းသော လျစ်လျူရှုမှုကြောင့် ဖြစ်သော သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍နေ၏။ ရဟန်းတို့ ဤသည်ကို မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။