သံယုတ္တနိကာယ်—၄၅

၈—ဒုတိယ ဧကဓမ္မပေယျာလဝဂ်

၁—ကလျာဏမိတ္တသုတ်

၈၄။ ရဟန်းတို့ မဖြစ်ပေါ်သေးသောအင်္ဂါရှစ်ပါးရှိသောအရိယမဂ် ဖြစ်ပေါ်ရန် ဖြစ်ပေါ်ပြီးသောအင်္ဂါရှစ်ပါးရှိသောအရိယမဂ် ပွားများပြည့်စုံခြင်းသို့ ရောက်ရန် မိတ်ဆွေကောင်းရှိခြင်းမှ တစ်ပါး အခြားတစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ ရဟန်းတို့ မိတ်ဆွေကောင်းရှိသော ရဟန်းအားအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများလတ္တံ့၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ မိတ်ဆွေကောင်းရှိသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင်ပွားများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများ၏။ပ။ စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင်မိတ်ဆွေကောင်းရှိသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။