သံယုတ္တနိကာယ်—၄၆

၁—ပဗ္ဗတဝဂ်

၁—ဟိမဝန္တသုတ်

၁၈၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဥပမာသော်ကား နဂါးတို့သည် ဟိမဝန္တာတောင်မင်းကို မှီ၍ ကိုယ်ကိုတိုးပွားစေ အားယူစေပြီးလျှင် အိုင်ငယ်တို့သို့ သက်ဆင်းကုန်၏၊ အိုင်ငယ်တို့သို့ သက်ဆင်းပြီး၍အိုင်ကြီးတို့သို့ သက်ဆင်းကုန်၏၊ အိုင်ကြီးတို့သို့ သက်ဆင်းပြီး၍ မြစ်ငယ်တို့သို့ သက်ဆင်းကုန်၏၊ မြစ်ငယ်တို့သို့ သက်ဆင်းပြီး၍ မြစ်ကြီးတို့သို့ သက်ဆင်းကုန်၏၊ မြစ်ကြီးတို့သို့ သက်ဆင်းပြီး၍ မဟာသမုဒ္ဒရာသို့ သက်ဆင်းကုန်၏၊ ထိုနဂါးတို့သည် ထိုမဟာသမုဒ္ဒရာ၌ ခန္ဓာကိုယ်ဖြင့် ကြီးမားပြန့်ပြောသည်၏အဖြစ်သို့ ရောက်ကုန်၏။

ရဟန်းတို့ ထို့အတူပင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွားများသည်ရှိသော် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် တရားတို့၌ ကြီးမားပြန့်ပြောသည်၏အဖြစ်သို့ ရောက်၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သီလကို မှီ၍ သီလ၌ တည်၍ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွားများသည်ရှိသော် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော်တရားတို့၌ ကြီးမားပြန့်ပြောသည်၏အဖြစ်သို့ ရောက်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွားများ၏။ပ။ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွားများ၏။ပ။ ဝီရိယသမ္ဗောဇ္ဈင်ကို ပွားများ၏။ပ။ ပီတိသမ္ဗောဇ္ဈင်ကို ပွားများ၏။ပ။ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွားများ၏။ပ။ သမာဓိသမ္ဗောဇ္ဈင်ကိုပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ညွတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သီလကို မှီ၍သီလ၌ တည်၍ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွားများသည်ရှိသော် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ကြိမ်ဖန်များစွာပြုလုပ်သည်ရှိ သော် တရားတို့၌ ကြီးမားပြန့်ပြောသည်၏အဖြစ်သို့ ရောက်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။