သံယုတ္တနိကာယ်—၄၆

၁—ပဗ္ဗတဝဂ်

၃—သီလသုတ်

၁၈၄။ ရဟန်းတို့ သီလနှင့် ပြည့်စုံကုန်သော သမာဓိနှင့် ပြည့်စုံကုန်သော ဉာဏ်နှင့့်် ပြည့်စုံကုန်သောလွတ်မြောက်မှု ‘အရဟတ္တဖိုလ်ဝိမုတ္တိ’ နှင့် ပြည့်စုံကုန်သော လွတ်မြောက်မှုကို ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်နှင့် ပြည့်စုံကုန်သော ရဟန်းတို့အား ဖူးမြော်ရခြင်းကိုလည်း ကျေးဇူးများ၏ဟု ငါ ဆို၏၊ ထိုရဟန်းတို့၏ ဂုဏ်ကျေးဇူးစကားကို ကြားရခြင်းကိုလည်း ကျေးဇူးများ၏ဟု ငါ ဆို၏၊ ထိုရဟန်းတို့အား ချဉ်း့ကပ်ရခြင်းကိုလည်း ကျေးဇူးများ၏ဟု ငါ ဆို၏၊ ထိုရဟန်းတို့အား ဆည်းကပ်ရခြင်းကိုလည်း ကျေးဇူးများ၏ဟု ငါ ဆို၏၊ ထိုရဟန်းတို့အား အဖန်ဖန် အောက်မေ့ရခြင်းကိုလည်း ကျေးဇူးများ၏ဟု ငါ ဆို၏၊ ထိုရဟန်းတို့သို့ အတုလိုက်၍ ရဟန်းပြုရခြင်းကိုလည်း ကျေးဇူးများ၏ဟု ငါ ဆို၏။ ထိုသို့ဆိုခြင်းသည် အဘယ်ကြောင့်နည်း— ရဟန်းတို့ ထိုသို့သဘောရှိကုန်သော ရဟန်းတို့၏ တရားကို ကြားနာရသည်ရှိသော် ကိုယ်၏ ငြိမ်းချမ်းခြင်းလည်းကောင်း၊ စိတ်၏ ငြိမ်းချမ်းခြင်းလည်းကောင်း ငြိမ်းချမ်းခြင်းနှစ်ပါးဖြင့် ငြိမ်းချမ်းစွာ နေရ၏၊ ထိုသူသည် ထိုကဲ့သို့ ငြိမ်းချမ်းစွာ နေလျက် ထို (ဆုံးမဟောကြားအပ်သော) တရားကို အဖန်ဖန် အောက်မေ့၏၊ အဖန်ဖန် ကြံစည်၏။

ရဟန်းတို့ အကြင်အခါ ရဟန်းသည် ထိုသို့ ငြိမ်းချမ်းစွာ နေလျက် ထို (ဆုံးမဟောကြားအပ်သော) တရားကို အဖန်ဖန် အောက်မေ့၏၊ အဖန်ဖန် ကြံစည်၏၊ ထိုအခါ ရဟန်းအား သတိသမ္ဗောဇ္ဈင်ကို အားထုတ်ပြီး ဖြစ်၏၊ ထိုအခါ ရဟန်းသည် သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ ရဟန်းအား သတိသမ္ဗောဇ္ဈင်သည် ပွါးများပြည့်စုံခြင်းသို့ ရောက်၏၊ ထိုရဟန်းသည် ထိုသို့ သတိနှင့် ပြည့်စုံစွာ နေလျက် ထို (ဆုံးမဟောကြားအပ်သော) တရားကို ပညာဖြင့် စိစစ်၏၊ ဉာဏ်ကို ဖြစ်စေ၏၊ စူးစမ်းရှာဖွေခြင်းသို့ ရောက်၏။ (၁)

ရဟန်းတို့ အကြင်အခါ ရဟန်းသည် ထိုသို့ သတိနှင့် ပြည့်စုံစွာ နေလျက် ထို (ဆုံးမဟောကြားအပ်သော) တရားကို ပညာဖြင့် စိစစ်၏၊ ဉာဏ်ကို ဖြစ်စေ၏၊ စူးစမ်းရှာဖွေခြင်းသို့ ရောက်၏၊ ထိုအခါရဟန်းအား ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို အားထုတ်ပြီး ဖြစ်၏၊ ထိုအခါ ရဟန်းသည် ဓမ္မဝိစယသမ္ဗောဇ္ဈင်ကိုပွါးများ၏၊ ထိုအခါ ရဟန်းအား ဓမ္မဝိစယသမ္ဗောဇ္ဈင်သည် ပွါးများပြည့်စုံခြင်းသို့ ရောက်၏၊ ထို (ဆုံးမဟောကြားအပ်သော) တရားကို ပညာဖြင့် စိစစ်သော ဉာဏ်ကို ဖြစ်စေသော စူးစမ်းရှာဖွေခြင်းသို့ရောက် သော ထိုရဟန်းအား မတွန့်တိုသော လုံ့လကို အားထုတ်ပြီး ဖြစ်၏။ (၂)

ရဟန်းတို့ အကြင်အခါ ထို (ဆုံးမဟောကြားအပ်သော) တရားကို ပညာဖြင့် စိစစ်သော ဉာဏ်ကိုဖြစ်စေသော စူးစမ်းရှာဖွေခြင်းသို့ ရောက်သော ရဟန်းအား မတွန့်တိုသော လုံ့လကို အားထုတ်ပြီး ဖြစ်၏၊ ထိုအခါ ရဟန်းအား ဝီရိယသမ္ဗောဇ္ဈင်ကို အားထုတ်ပြီး ဖြစ်၏၊ ထိုအခါ ရဟန်းသည် ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ ရဟန်းအား ဝီရိယသမ္ဗောဇ္ဈင်သည် ပွါးများပြည့်စုံခြင်းသို့ ရောက်၏၊ မြဲမြံစွာအားထုတ်ပြီးသော ရဟန်းအား ကာမဂုဏ် ‘အာမိသ’ ကင်းသော နှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏။ (၃)

ရဟန်းတို့ အကြင်အခါ မြဲမြံစွာ အားထုတ်ပြီးသော ရဟန်းအား ကာမဂုဏ် ‘အာမိသ’ ကင်းသောနှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏၊ ထိုအခါ ရဟန်းသည် ပီတိသမ္ဗောဇ္ဈင်ကို အားထုတ်ပြီး ဖြစ်၏၊ ထိုအခါ ရဟန်းသည် ပီတိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ ရဟန်းအား ပီတိသမ္ဗောဇ္ဈင်သည် ပွါးများပြည့်စုံခြင်းသို့ရောက်၏၊ နှစ်သိမ့်သော စိတ်ရှိသော ရဟန်းအား ကိုယ်သည်လည်း ငြိမ်းချမ်း၏၊ စိတ်သည်လည်း ငြိမ်းချမ်း၏။ (၄)

ရဟန်းတို့ အကြင်အခါ နှစ်သိမ့်သော စိတ်ရှိသော ရဟန်းအား ကိုယ်သည်လည်း ငြိမ်းချမ်း၏၊ စိတ်သည်လည်း ငြိမ်းချမ်း၏၊ ထိုအခါ ရဟန်းသည် ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို အားထုတ်ပြီး ဖြစ်၏၊ ထိုအခါရဟန်းသည် ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ ရဟန်းအား ပဿဒ္ဓိသမ္ဗောဇ္ဈင်သည် ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ ငြိမ်းချမ်းသော ကိုယ်ရှိသော ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏။ (၅)

ရဟန်းတို့ အကြင်အခါ ငြိမ်းချမ်းသော ကိုယ်ရှိသော ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏၊ ထိုအခါ ရဟန်းအား သမာဓိသမ္ဗောဇ္ဈင်ကို အားထုတ်ပြီး ဖြစ်၏၊ ထိုအခါ ရဟန်းသည် သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ ရဟန်းအား သမာဓိသမ္ဗောဇ္ဈင်သည် ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ ထိုရဟန်းသည် ထိုသို့ တည်ကြည်သော စိတ်ကို ကောင်းစွာ လျစ်လျူရှု၏။ (၆)

ရဟန်းတို့ အကြင်အခါ ရဟန်းသည် ထိုသို့ တည်ကြည်သော စိတ်ကို ကောင်းစွာ လျစ်လျူရှု၏၊ ထိုအခါ ဥပေက္ခာသမ္ဗောဇ္ဈင်ကို အားထုတ်ပြီး ဖြစ်၏၊ ထိုအခါ ရဟန်းသည် ဥပေက္ခာသမ္ဗောဇ္ဈင်ကိုပွါးများ ၏၊ ထိုအခါ ရဟန်းအား ဥပေက္ခာသမ္ဗောဇ္ဈင်သည် ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ (၇)

ရဟန်းတို့ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်ခုနစ်ပါးသောအကျိုးအာနိသင်တို့ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။ ခုနစ်ပါးသောအကျိုးအာနိသင်တို့ဟူသည် အဘယ်နည်း — (၁) မျက်မှောက်ဘဝ စောစောကပင် အရဟတ္တဖိုလ်ကို ပြီးစေနိုင်၏။ (၂) မျက်မှောက်ဘဝ စောစောကပင် အရဟတ္တဖိုလ်ကို မပြီးစေနိုင်ခဲ့မူ၊ သေခါနီးအခါ၌ အရဟတ္တ ဖိုလ်ကိုပြီးစေနိုင်၏။ (၃) မျက်မှောက်ဘဝ စောစောကပင် အရဟတ္တဖိုလ်ကို မပြီးစေနိုင်ခဲ့မူ၊ သေခါနီးအခါ၌ အရဟတ္တ ဖိုလ်ကိုမပြီးစေနိုင်ခဲ့မူ၊ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (အသက်တမ်း၏) အလယ်၌ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသောအန္တရာပရိနိဗ္ဗာယီ မည်သောအနာဂါမ် ဖြစ်နိုင်၏။ (၄) မျက်မှောက်ဘဝ စောစောကပင် အရဟတ္တဖိုလ်ကို မပြီးစေနိုင်ခဲ့မူ၊ သေခါနီးအခါ၌ အရဟတ္တ ဖိုလ်ကိုမပြီးစေနိုင်ခဲ့မူ၊ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (အသက်တမ်း၏) အလယ်၌ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသောအန္တရာပရိနိဗ္ဗာယီမည်သောအနာဂါမ် မဖြစ်နိုင်ခဲ့မူ၊ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (အသက်တမ်း၏) ထက်ဝက်ကို လွန်၍အရဟတ္တဖိုလ်သို့ ရောက်လျက် ပရိနိဗ္ဗာန်ပြုရသော ဥပဟစ္စ ပရိနိဗ္ဗာယီ မည်သောအနာဂါမ် ဖြစ်နိုင်၏။ (၅) မျက်မှောက်ဘဝ စောစောကပင် အရဟတ္တဖိုလ်ကို မပြီးစေနိုင်ခဲ့မူ၊ သေခါနီးအခါ၌ အရဟတ္တ ဖိုလ်ကိုမပြီးစေနိုင်ခဲ့မူ၊ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (အသက်တမ်း၏) အလယ်၌ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသောအန္တရာပရိနိဗ္ဗာယီမည်သောအနာဂါမ် မဖြစ်နိုင်ခဲ့မူ၊ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (အသက်တမ်း၏) ထက်ဝက်ကို လွန်၍ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသော ဥပဟစ္စပရိ နိဗ္ဗာယီမည်သောအနာဂါမ် မဖြစ်နိုင်ခဲ့မူ၊ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် ပယောဂ (လုံ့လ) မပါဘဲ (အရဟတ္တဖိုလ်သို့ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသောအသင်္ခါရ ပရိနိဗ္ဗာယီမည်သောအနာဂါမ် ဖြစ်နိုင်၏။ (၆) မျက်မှောက်ဘဝ စောစောကပင် အရဟတ္တဖိုလ်ကို မပြီးစေနိုင်ခဲ့မူ၊ သေခါနီးအခါ၌ အရဟတ္တ ဖိုလ်ကိုမပြီးစေနိုင်ခဲ့မူ၊ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (အသက်တမ်း၏) အလယ်၌ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသောအန္တရာပရိနိဗ္ဗာယီမည်သောအနာဂါမ် မဖြစ်နိုင်ခဲ့မူ၊ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (အသက်တမ်း၏) ထက်ဝက်ကို လွန်၍ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသော ဥပဟစ္စပရိနိဗ္ဗာယီ မည်သောအနာဂါမ် မဖြစ်နိုင်ခဲ့မူ၊ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် ပယောဂ (လုံ့လ) မပါဘဲ (အရဟတ္တဖိုလ်သို့ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသောအသင်္ခါရပရိနိဗ္ဗာယီ မည်သောအနာဂါမ် မဖြစ်နိုင်ခဲ့မူ၊ အောက်ပိုင်းသံယောဇဉ်ငါပါးတို့ ကုန်ခြင်းကြောင့် ပယောဂ (လုံ့လ) နှင့် တကွ (အရဟတ္တဖိုလ်သို့ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသော သသင်္ခါရ ပရိနိဗ္ဗာယီ မည်သောအနာဂါမ် ဖြစ်နိုင်၏။ (၇) မျက်မှောက်ဘဝ စောစောကပင် အရဟတ္တဖိုလ်ကို မပြီးစေနိုင်ခဲ့မူ၊ သေခါနီးအခါ၌ အရဟတ္တ ဖိုလ်ကိုမပြီးစေနိုင်ခဲ့မူ၊ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (အသက်တမ်း၏) အလယ်၌ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသောအန္တရာပရိနိဗ္ဗာယီမည်သောအနာဂါမ် မဖြစ်နိုင်ခဲ့မူ၊ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (အသက်တမ်း၏) ထက်ဝက်ကို လွန်၍အရဟတ္တဖိုလ်သို့ ရောက်လျက် ပရိနိဗ္ဗာန်ပြုရသော ဥပဟစ္စပရိနိဗ္ဗာယီ မည်သောအနာဂါမ် မဖြစ်နိုင်ခဲ့မူ၊ ့အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် ပယောဂ (လုံ့လ) မပါဘဲ (အရဟတ္တဖိုလ်သို့ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသောအသင်္ခါရပရိနိဗ္ဗာယီ မည်သောအနာဂါမ် မဖြစ်နိုင်ခဲ့မူ၊ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် ပယောဂ (လုံ့လ) နှင့် တကွ (အရဟတ္တဖိုလ်သို့ရောက်လျက်) ပရိနိဗ္ဗာန်ပြုရသော သသင်္ခါရပရိနိဗ္ဗာယီ မည်သောအနာဂါမ် မဖြစ်နိုင်ခဲ့မူ၊ အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် အထက် အထက်ဘုံသို့ အဆင့်ဆင့် တက်၍အကနိဋ္ဌဘုံ၌ (အရဟတ္တဖိုလ်သို့ ရောက်လျက်) ပရိနိဗ္ဗာန် ပြုရသော ဥဒ္ဓံသောတအကနိဋ္ဌဂါမီ မည်သောအနာဂါမ် ဖြစ်နိုင်၏။

ရဟန်းတို့ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော်ဤခုနစ်ပါးသောအကျိုးအာနိသင်တို့ကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။